Thursday, January 12, 2012

ဗုဒ္ဓဘာသာဝင်မှန်ရင် မဖတ်မဖြစ်ကို ဖတ်ထားသင့်ပါတယ်

အစကတော့ ဒီနေ့ကျန်တဲ့ပေးစာလေးတွေ ပေးဖို့စိတ်ကူးထားတာပါ။ လက်ကျန်နှစ်စောင် ပေးပြိးရင်လည်း နောက်ထပ်ဘယ်သူ့ကိုမှ ပေးစာမပေးတော့ဘူးလို့ ဆုံးဖြတ်ထားတာပါ။ မနက်က(၉)နာရီလောက်မှာ ဦးဇင်းဆီကို ဒကာလေးတစ်ယောက် ရောက်လာခဲ့ပါတယ်။ အသက်(၂၀)၀န်ကျင်လောက်လို့ ခန့်မှန်းရပါတယ်။ ဒါပေမဲ့ ဘာသာရေးဗဟုသုတကတော့ (သူနဲ့ရွယ်တူ လူပုဂ္ဂိုလ်တွေထဲမှာတော့) တကယ်ကို`ဆရာကြီးအဆင့်လို့´တောင် ပြောလို့ရပါတယ်။

ရေကြောင်းသိပ္ဖံမှာ ကျောင်းတက်နေတဲ့ ကျောင်းသားလေးပါတဲ့။ သူကနွေရာသီမှာလည်း အမြဲတန်းဒုလ္လဘ နှစ်စဉ်ဝတ်ဖြစ်ပါတယ်တဲ့။ အခုလည်း ပိဋကတ်မြန်မာပြန်တွေ ဖတ်နေပါတယ်တဲ့။ ဦးဇင်းကို facebookမှာ တွေ့လို့ တပည့်တော်အိမ်နဲ့လည်း နီးနေလို့ မရှင်းတာလေး မေးချင်လို့လာတာပါတဲ့။

``တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေက `ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်လို့ ´ယုံကြည်ထားကြပါတယ်။ ဘုန်းကြိးတွေကလည်း အဲလိုပဲ ဟောကြပါတယ်။´´

`` ဒါပေမဲ့ တပည့်တော် ဗြဟ္မဇာလသုတ်မြန်မာပြန်ဖတ်တော့ `ချမ်းသာခြင်း ဆင်းရဲခြင်း အလယ်အလတ်ဖြစ်ခြင်း အနာရောဂါကင်းရှင်းခြင်း အနာရောဂါထူထပ်ခြင်း စသဖြင့် ဒီဘ၀မှာဖြစ်နေသမျှ `အရာအားလုံးသည်´ ရှေးရှေးဘ၀က ပြုခဲ့သော ကောင်းမှု မကောင်းမှုတို့ကြောင့် ဖြစ်ရ၏´ ဟု အယူရှိနေခြင်းသည် `ပုဗ္ဗေကတဟေတုဒိဋ္ဌိ´ဖြစ်သည်´´လို့ ဖတ်ရပါတယ်´´

``ဒါဆိုရင် ကံ-ကံရဲ့အကျိုးကို ယုံကြည်တာဟာ ဘုရားအလိုကျ မဟုတ်ဘူးလားဘုရား´´တဲ့။

တကယ်က အဲဒီဒကာလေးက စာကိုသေချာမဖတ်လို့ပါ။ ဘုရားရှင်ဟောထားတာက ရှင်းရှင်းလေးပါ။ ဦးဇင်းက ဥပမာလေးတစ်ခု ထုတ်ပေးပါ့မယ်။

အနာရောဂါတို့သည်-----
၁။ သည်းခြေကြောင့်ဖြစ်သော အနာရောဂါ။
၂။ သလိပ်ကြောင့်ဖြစ်သော အနာရောဂါ။
၃။ လေကြောင့်ဖြစ်သော အနာရောဂါ။
၎။ သည်းခြေ သလိပ် လေသုံးမျိုး ပေါင်းစုံ၍ကျရောက်မှုကြောင့် ဖြစ်သောအနာရောဂါ။
၅။ ဥတုဖောက်ပြန်မှုကြောင့်ဖြစ်သော အနာရောဂါ။
၆။ ခန္ဒာကိုယ် မညီမညွတ် မမျှမတသောကြောင့်ဖြစ်သော အနာရောဂါ။
၇။ လုံးလအားထုတ်ပြုလုပ်ခြင်းကြောင့် ဖြစ်သော အနာရောဂါ။
၈။ ကံ၏အကျိုးကြောင့်ဖြစ်သော အနာရောဂါ။ လို့ အနာရောဂါဖြစ်ရခြင်းရဲ့အကြောင်းရင်း ရှစ်မျိုးရှိပါတယ်။

`` အနာရောဂါမှန်သမျှအားလုံးသည် ရှေးကံကြောင့်ချည်းသာ ဖြစ်ရသည်ဟု ယူခြင်းကို `ပုဗ္ဗေကတဟေတုဒိဋ္ဌိ´လို့ခေါ်တယ်´´ဒါက သာသနာပက တိတ္ထိတွေရဲ့က အယူအဆတစ်မျိုးပေါ့။

``အနာရောဂါတို့သည် သက်ဆိုင်ရာ အကြောင်းတရားတို့ကြောင့် ဖြစ်ကြသည်ဟု အမှန်အတိုင်းသိမြင်ခြင်းသည် `ကမ္မဿကတသမ္မာဒိဋ္ဌိ´လို့ခေါ်တယ်´´ ဒါကတော့ ဘုရားရှင်ရဲ့ အယူဝါဒတော်အမှန်ပေါ့။

စာရှု့သူများ ရှင်းကြရဲ့လားမသိဘူး။ ( `ချမ်းသာခြင်း ဆင်းရဲခြင်း အလယ်အလတ်ဖြစ်ခြင်း အနာရောဂါကင်းရှင်းခြင်း အနာရောဂါထူထပ်ခြင်း စသဖြင့် ဒီဘ၀မှာဖြစ်နေသမျှ `အရာအားလုံးသည်´ ရှေးရှေးဘ၀က ပြုခဲ့သော ကောင်းမှု မကောင်းမှုတို့ကြောင့် ဖြစ်ရ၏´ ဟု အယူရှိနေခြင်းသည် `ပုဗ္ဖေကတဟေတုဒိဋ္ဌိ´ဖြစ်သည်´´) ကို သေချာပြန်ဖတ်ကြည့်ပါ။

ဒီဘ၀ဖြစ်သမျှ `အရာအားလုံးဟာ´ ရှေးကံကြောင့်ချည်းပဲ ဖြစ်ရတယ်လို့ ရှေးကံကိုအားလုံးပုံချလိုက်တာက `ပုဗ္ဗေကတဟေတုဒိဋ္ဌိ´နော်။

ဒီဘ၀မှာဖြစ်တဲ့ `အကျိုးတရား´တွေဟာ သက်ဆိုင်ရာ အကြောင်းတရားတွေကြောင့် ဖြစ်ရတယ်လို့ (ရှေးကံကိုချည်းပဲ ပုံမချပဲ) မှန်မှန်ကန်ကန် မြင်တတ်တာက `ကမ္မဿကတသမ္မာဒိဋ္ဌိ´နော်။

ဆိုပါတော့ ကိုယ့်ဘာသာ မစူးစမ်းမဆင်ခြင်ပဲ တွေ့ကရာ ပြည့်တန်ဆာမနဲ့အိပ်လို့ HIVဖြစ်ရတာကို ရှေးကံကြောင့် ဖြစ်ရတယ်လို့ ယူမိရင် အဲဒါဟာ `ပုဗ္ဗေကတဟေတုဒိဋ္ဌိ´၊ အော်..ဘာကြောင့် ဒီရောဂါဖြစ်ရတယ်လို့ မှန်မှန်ကန်ကန် သိမြင်ပြီး (ဖြစ်သမျှအားလုံးကို ရှေးကံကြောင့်ပဲလို့) ရှေးကံကိုပုံမချတာက `ကမ္မဿကတသမ္မာဒိဋ္ဌိ´နော်။

ဒီလောက်ဆိုရင်တော့ `ပုဗ္ဗေကတဟေတုဒိဋ္ဌိနဲ့ ကမ္မဿကတသမ္မာဒိဋ္ဌိ´နှစ်ခုတို့ရဲ့ ကွဲပြားခြားနားချက်ကို မှန်မှန်ကန်ကန် သိလောက်ပါပြီလို့ ထင်ပါတယ်။

ကံ-ကံရဲ့အကျိုးတရားတို့ကို ဗုဒ္ဓဘုရားရှင်တော်ရဲ့ နည်းလမ်းအတိုင်း မှန်မှန်ကန်ကန် သိမြင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
...................................................................................အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)

(မရှင်းသေးရလည်း ထပ်မေးလို့ရပါတယ်။ ဦးဇင်း စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးပါ့မယ်)
ဆက်လက်ဖတ်ရှူရန် »

ဘာကို ဗုဒ္ဓဘာသာလို့ ခေါ်တာလဲ

(ဘာသာဟာ ဗုဒ္ဓလား...

ဘာကို ဗုဒ္ဓဘာသာလို့ ခေါ်ဆိုပါသလဲ..

ထေရ၀ါဒသည်သာလျှင် ဗုဒ္ဓဘာသာဖြစ်ပါသလား..

ဘုရားရှင်ဟောထားခဲ့သော တရားတော်များကို ပိဋကတ် ဆိုပီး စာပေဖွဲ့ဆိုတာကို ဘာသာလို့ခေါ်ဆိုတာလား..

သံဃာကို ဘာသာလို့ ခေါ်ဆောင်တာလား..)

ဒကာက အဲဒါတွေကို သိချင်ပါတယ်လို့ ပြောထားတယ်နော်။ ဦးဇင်းတေို့ အနည်းငယ်ဆွေးနွေးကြည့်ကြတာပေါ့။

``ဘာသာ´´ဆိုတာ ပါဠိပုဒ်တစ်ခုဖြစ်ပါတယ်။ မြန်မာလိုဆိုရင် ``စကား´´တဲ့။ `ဘာသာ=စကား´ပေါ့။ (ဘာသီယတေ ကထီယတေတီတိ ဘာသာ)

``ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာ=ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောပြောတော်မူအပ်သော ကြောင့် ဗုဒ္ဓ၏ အဆုံးအမဟူသမျှ စကားတော်ဟူသမျှသည် ဗုဒ္ဒဘာသာမည်၏ တဲ့။ အင်္ဂလိဂ်ဆိုရင်တော့ Buddhism or Buddha's teachingပေါ့။´´

ဒါကြောင့် ဗုဒ္ဓဘုရားရှင် ဟောကြားထားခဲ့သော ပိဋကသုံးပုံပါဠိတော်များကို (ဗုဒ္ဓပောာဆိုညွှန်ကြား ဆုံးမခဲ့သော အရာများကို) `ဗုဒ္ဓဘာသာ´လို့ခေါ်ပါတယ်။

(သံဃာကို ဘာသာလို့ ခေါ်ဆောင်တာလား..)

သံဃာဆိုတာ ငါးပါးအစုရဟန်းတော်များကို သံဃာလို့ခေါ်ပါတယ်။ ရဟန်းတော်ငါးပါးမပြည့်ရင် သံဃာလို့သုံးလို့ မရပါဘူး။

ဒါကြောင့်သံဃာတော်တွေကို `ဘာသာ´လို့ ပြောလို့မရပါဘူး။ ``ဗုဒ္ဓဘာသာရဲ့ ဦးဆောင်သူများသာ ဖြစ်ကြပါတယ်။´´

``ရဟန်းတော်ပဲပြောပြော သံဃာတော်ပဲဆိုဆို ဘုရားသားတော်တွေပဲဆိုပါတော့။ ဘုရားသားတော်ဆိုတာက ဘုရားရှင်ရဲ့ ၀ိနည်းစည်းကမ်းဥပဒေအတိုင်း နေထိုင်ကြတဲ့သူတွေပါ။ တစ်နည်းပြောရင် အဖဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်များကို ပြန့်ပွားအောင် တည်တံ့အောင် သန့်ရှင်းအောင် ဆောင်ရွက်ကြရတဲ့သူတွေပါ။ ဒါကြောင့် သံဃာတော်ဆိုတာ ဗုဒ္ဓဘာသာသာသနာရဲ့ ``၀န်ဆောင်ပုဂ္ဂိုလ်တွေပါ´´ ။

ဲ့ ဗုဒ္ဓရဲ့စကားတော်ကို ဗုဒ္ဒဘာသာလို့ခေါ်သလို `ဗုဒ္ဓရဲ့တရားတော်တွေအတိုင်း လိုက်နာကျင့်နေတဲ့သူတွေကိုတော့ `ဗုဒ္ဒဘာသာဝင်´တွေလို့ခေါ်ပါတယ်။

သံဃာတော်တွေဆိုတာကတော့ ဗုဒ္ဓဘာသာရဲ့ဦးဆောင်ပုဂ္ဂိုလ်များသာဖြစ်ပါတယ်။

(သေချာဖတ်ပြီး သေချာတွေးပါ။ မဟုတ်ရင် ဦးဇင်းကို ဆဲကြမှာသေချာပါတယ်။)

..........................................................................................................အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)

လွန်ခဲ့တဲ့နှစ်နှစ်လောက် ရေးခဲ့တဲ့ ပို့စ်လေးပါ။
ဆက်လက်ဖတ်ရှူရန် »

ဖက်နမ်းဖို့ကောင်းတဲ့ ယောကျာင်္းတွေတဲ့

ကိုယ်ကလည်းသူ့ကို ဂရုတစိုက်အထွေအထူး ကြည့်ရှုမနေနိုင်ပါဘူး။ မနက်ဆယ်နာရီခွဲကျောင်းသွား ညခုနှစ်နာရီလောက်မှပြန်ရောက် ရောက်တာနဲ့ရေချိုး (မနေနိုင်လောက်အောင် ဗိုက်ဆာနေရင် ကော်ဖီမစ်တစ်ခွက်ဖျော်သောက်) ပြီးရင် ရေးစရာရှိတာရေး ဖတ်စရာရှိတာဖတ်နဲ့ ညနှစ်နာရီလောက်ဆိုရင် အားရပါးရအိပ်ပစ်လိုက်တာပါပဲ။

တစ်ညတော့ သူလည်းအိပ်ပျော်ဟန်မတူပါဘူး။ (ဒုလ္လဘဦးဇင်းလေးပါ။ ဆေးကျောင်းသား တတိယနှစ်လို့တော့ သူ့မိခင်များက လျှောက်သွားပါတယ်။ ကြည့်ရတာ တစ်စုံတစ်ခုကို ရင်ဖွင့်နေချင်တဲ့ပုံပါ) ဦးဇင်းစကားပြောလို့ရမလားတဲ့။ အင်း..ပြောလေလို့ စာရေးနေရင်းနဲ့ပြောလိုက်ပါတယ်။ သူပြောတာတွေကို နားထောင်ပြီး ဘယ်လိုတရားချရမယ်ဆိုတာကို စဉ်းစားလို့မရတော့ပါဘူး။

ဒီလိုယောကျာင်္းလေးချင်း ချစ်ကြတယ် ကြိုက်ကြတယ်ဆိုတာတွေကို ကိုယ်လည်းအွန်လိုင်းသုံးနေတဲ့ ဘုန်းကြီးတစ်ပါးမို့ သိနေကြားနေရတာပါပဲ။ ဒါပေမဲ့ အော်..ကလေးတွေအပျော်အပျက် အပျင်းပြေလုပ်နေကြတာနေမှာပါလို့ တွေးပြီး ကိုယ်နဲ့လည်းသိပ် မပတ်သက်လှတဲ့ အကြောင်းအရာမို့ စိတ်ဝင်တစားတော့မရှိခဲ့ပါဘူး။

သူပြောသွားတာတွေကတော့ ``စိတ်ရှိတဲ့လူတိုင်း ခံစားတတ်တဲ့လူတိုင်းဟာ ကိုယ်ကြိုက်တဲ့အရာကို ချစ်ခွင့်ရှိကြောင်း မိန်းမယောကျာင်္းလိင်ခွဲခြားပြီး မကြည့်သင့်ကြောင်း ခွေးတွေကြောင်တွေ ပန်းပင်တွေကားတွေစသည်ဖြင့် ကိုယ်နှစ်သက်ရာကို ချစ်ခွင့်ရှိကြောင်း ဘာဆိုတာအရေးမကြီးကြောင်း နှစ်ဦးနှစ်ယောက်နားလည်မှုရှိပြီး ချစ်နေဖို့သာလိုကြောင်း အချစ်ဆိုတာက အလွန်သိမ်မွေ့ကြောင်း အချစ်မှာသာတာနာတာတွေ ယဉ်ကျေးမှုတွေမရှိကြောင်း စသဖြင့် ဖွဲ့နွဲ့ပြီး ပြောသွားလိုက်တာ မိုးလင်းတဲ့အထိပါပဲ´´

ကိုယ့်မှာသူပြောတာနားထောင်ပြီး အိပ်ရေးပျက်တာကြောင့်ရော စိတ်ပျက်သွားတာကြောင့်ရော လေပူကြီးကိုသာ မှုတ်ထုတ်လိုက်မိပါတော့တယ်။ အတော်ကြာသူ့ကို ဘာမှပြန်မပြောနိုင်ခဲ့ပါဘူး။

``အင်းလေး မင်းလည်းမင်းအယူအဆ မင်းခံစားချက်နဲ့မင်း မှန်တယ်လို့ထင်နေမှာပါ။ ငါတော့ဘာမှဝင်ပြီး မပြောလိုပါဘူး။ ဒါပေမဲ့ မင်းမိဘတွေစိတ်ဆင်းရဲမှာတော့ သေချာတယ်။ မင်းအသက်လည်း ငယ်ငယ်လေးရှိသေးတာပါ။ တို့တိုင်းပြည်ကလည်း မကောင်းတာတွေရော ကောင်းတာတွေပါ တဖြည်းဖြည်းပြောင်းလည်းလာနေပါပြီ။ နောက်ဆယ်နှစ်လောက်နေရင်တော့ မင်းလိုလူမျိုးတွေ များလာပြီးတော့ လူ့ဘောင်မှာအသိုင်းဝိုင်းမှာ ယဉ်းကျေးမှုတွေပြောင်းသွားမှာပါ။ အဲလိုယောကျာင်္းချင်း ယူတာတွေများလာရင် ကြာတော့လူတွေရဲ့ မျက်စိထဲမှာ ဘာမှထူးထူးဆန်းဆန်ုး မခံစားကြရလောက်တော့ပါဘူး။ အဲဒီအချိန်မှ မင်းတို့နှစ်ယောက်လက်ထပ်ကြပါ´´လို့ ပြောလိုက်ပြီး အိပ်ပစ်လိုက်ပါတော့တယ်။

သူကခြောက်နေတာမဟုတ်ပါဘူး။ ခြောက်နေတဲ့တစ်ယောက်ကို လက်ထပ်ချင်တာပါတဲ့။

အင်း ဟိုအရင်ခေတ်တွေကတော့ သားပိုင်ရှင်မိခင်များဟာ သားတွေကိုမကောင်းတဲ့မိန်းမနဲ့ တွေ့မှာဆုံမှာကို ပူကြပင်ကြရပါတယ်။ အခုတော့ သားတွေရဲ့မိခင်များအတွက် တစ်ပူတိုးလာပြီးလို့တွေးမိလိုက်ပါတယ်။

ဒီကိစ္စကြီးကို မှားတယ်မှန်တယ်လို့ မှတ်ချက်မပေးချင်ပေမဲ့ မသင့်တော်ဘူးလို့တော့ ဆိုချင်ပါတယ်။ သဘာဝတရားကြီးကို ဆန့်ကျင်တာဟာ အကောင်းကိုအသွင်ဆောင်နေတဲ့ လက္ခဏာမဟုတ်ဘူးလို့ ထင်ပါတယ်။

အခုခေတ်ကလေးတွေဟာ အလှအပကိုမိန်းမတွေနဲ့ အပြိုင်အဆိုင် ပြင်ကြဆင်ကြနဲ့ ပြိးရင် ယောကျာင်္းချင်းမဖြစ်သင့်တာတွေဖြစ် မလုပ်သင့်တာတွေလုပ်နဲ့ တကယ်ကိုစိတ်ပျက်စရာကြီးပါ။

တစ်ခါတုန်းက ဗြဲတိုက်တော်မှာ ယောအတွင်းဝန်မင်းဦးဖိုးလှိုင်က အနားရှိတဲ့သူများကို ``ရွှေလက်တော်ကြီးက(မင်းတုန်းမင်းလက်ထက်က) ကိုယ်ရံတော်များဟာ ကာယဗလက ကြွက်သားတွေဘာတွေနဲ့ ကြည့်လိုက်တာနဲ့ ကို ကြောက်သွားပြီးတော့ ခန့်ညားလေးစားရတယ်။ အခုရွှေလက်ထက်တော်လေးမှာတော့ (သီပေါမင်းလက်ထက်) ကိုယ်ရံတော်များဟာ ရွှေကျင်ကြတ် နဖူးစည်းနဲ့ ထိုင်မသိမ်း တို့ပတ်အကျီနဲ့ ပန်းပေါင်းနားကပ်နဲ့ ကြည့်မိရင် ဖက်နမ်းပစ်ဖို့ပဲ ကောင်းတော့တယ်´´လို့ ပြောပါသတဲ့။

တွေးမိလိုက်ပါတယ်။ အခုခေတ်ချာတိတ်တချို့ကို ``ယောမင်းကြီးသာမြင်ခဲ့ရင် ဘာတွေများလုပ်ချင်ဦးမလဲ´´လို့။

(မိခင်များအနေနဲ့ ဒီပြဿနာကြီး ကိုယ့်သားတွေမှာ ဖြစ်လာခဲ့ရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ အခုကထဲက တွေးမိနေဖို့ သတိပေးတဲ့အနေနဲ့ တင်ပြပေးလိုက်တာပါ။)
..............................................................................................အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)
ဆက်လက်ဖတ်ရှူရန် »

လေးလုံးမကွဲတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေ

မြန်မာလူမျိုးဟာ စကားလုံးဝေါဟာရ ကြွယ်ဝတယ်။ သူ့နေရာနဲ့သူ သုံးနိုင်အောင် စကားလုံးတွေ ရှိတယ်။ ဒါပေမယ့် စကားလုံးကို သူ့နေရာသူ လိုက်လျောညီထွေမှုရှိအောင် မသုံးနှုံးတတ်ကြဘူး။ အမေကျော်ဒွေးတော်ကို လွမ်းနေကြတဲ့သူတွေက ခပ်များများရယ်။ ဦးဇင်းကတော့ မြန်မာလူမျိုးက အင်္ဂလိဂ်စကားမပြောတတ်ဟာ ရှက်စရာကောင်းတယ် ဂုဏ်ငယ်တယ်လို့ မမြင်ပါဘူး။ မြန်မာလူမျိုးက မြန်မာစကားကို လိပ်ပတ်လည်အောင် မပြောတတ်တာ စကားကို သူ့နေရာသူ အံဝင်ခွင်ကျဖြစ်အောင် မပြောတတ်တာကိုသာ ရှက်စရာကောင်းတယ် ဂုဏ်ငယ်စရာကောင်းတယ်လို့ မြင်ပါတယ်။

အတွင်းထဲမှာ ဓာတ်တော်တွေ ထည့်ထားပြီးတော့ အပေါ်ကနေ အုတ်ဖြစ်ဖြစ် ကျောက်ဖြစ်ဖြစ် ကြေးဖြစ်ဖြစ် ရွှေဖြစ်ဖြစ်နဲ့ တည်ဆောက်ထားတဲ့အရာ ဥပမာ ရွှေတိဂုံလို အရာမျိုးကို “စေတီတော်”လို့ခေါ်တယ်။ အိမ်အဆောက်အဦးလို အရာမျိုးကိုတော့ ဘုရားကျောင်းဆောင်လို့ခေါ်ကြတယ်။ အမှန်က အဲဒါလဲ စေတီပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဇေတ၀န်ကျောင်းတော်ဟာ စေတီပဲလို့ ကျမ်းဂန်များမှာ ဖော်ပြထားတယ်။

စေတီဆိုတာက “စေတိယ”ဆိုတဲ့ ပါဠိကနေ ဆင်းသက်လာတဲ့ စကားလုံးဖြစ်တယ်။ သူ့ရဲ့ အဓိပ္ပါယ်က “လူတို့၏ အမြတ်တနိုးကိုးကွယ်ရာဌာန”လို့ အဓိပ္ပါယ်ရှိတယ်။

ဘုရားပုံသဏ္ဍာန်နဲ့ အတတ်နိုင်ဆုံး တူညီအောင် လုပ်ထားတဲ့ ပန်းပုပန်းချီများကိုတော့ “ရုပ်ပွားတော် ဆင်းတုတော်”လို့ ခေါ်ဆိုရတယ်။

ဒီလိုသူ့နေရာနဲ့သူ အံဝင်ခွင်ကြဖြစ်အောင် သုံးလို့ရတဲ့ စကားလုံးတွေရှိပါရဲ့ ဆင်းတုတော်လဲဘုရား ရွှေတိဂုံလို စေတီတော်ကိုလဲဘုရား ဘုရားပဲသုံးနှုန်းနေကြတယ်။ ဒီတော့ ဒီမှာတင်ပြဿနာတွေဖြစ်ကုန်ကြတော့တယ်။

မန္တလေးမှာနေတုန်းက မဟာမုနိအနောက်မုဒ် ကျောက်ဆစ်တန်းမှာ ကြုံခဲ့တာလေးကို အမှတ်ရမိတယ်။ ဦးဇင်းက အဲဒီတုန်းက ရွာကျောင်းဘုန်းကြီး အပ်ထားတဲ့ ကျောက်စာချပ်တွေကို သွားရွေးတာဖြစ်တယ်။ ဦးဇင်းကျောက်စာချပ်က မပြီးသေးတာနဲ့ ထိုင်စောင့်နေတယ်။ ဆိုင်ထဲကို အသက်ငါးဆယ် ခြောက်ဆယ်လောက်ရှိမယ့် ယောကျာင်္းသုံးယောက် ၀င်လာတယ်။ ဆင်းတုတော်လာဝယ်ကြတာာဖြစ်တယ်။

ထုံးစံအတိုင်း ဈေးမေးကြ ဈေးဆစ်ကြပေါ့။ အဲဒီမှာ ၀ယ်တစ်ယောက်က “ဟိုကောင်က ဘယ်ဈေးလဲ”လို့ဆိုပြီး လက်ညှိုးထိုးမေးလိုက်တယ်။ ဆိုင်ရှင်က ကျောက်ဆင်းတုရဲ့ ခေါင်းကို လက်နဲ့ကိုင်ပြီးတော့ “ဒီကောင်က သုံးသိန်းရှစ်သောင်း”တဲ့။

ဘာဖြစ်လို့ ဒီလိုတွေ ၇ိုင်းရိုင်းစိုင်းစိုင်း ပြောဆိုလုပ်ကိုင်နေကြတာလဲဆိုတော့ ဒါတွေက အနေကဇာမတင်ရသေးလို့ ဘုရားမဖြစ်သေးလို့တဲ့။ ဒါကြောင့် ဘုရားမဟုတ်သေးလို့တဲ့။

စေတီတို့ ဆင်းတုတို့ဆိုတာက ဘုရားမဟုတ်ဘူး။ ဘုရားရဲ့ကိုယ်စား ပူဇော်ကိုးကွယ်ဖို့ လုပ်ထားတဲ့ အရာတွေဖြစ်တယ်။ ဆင်းတုတော်တွေဆိုတာက ဘု၇ားရှင်ကို စိတ်ထဲကနေ အာရုံပြုတဲ့အခါမှာ လွယ်ကူအောင်လို့ေ၇ှးပညာရှိများက လုပ်ပေးထားခဲ့တဲ့ အရာတွေဖြစ်တယ်။ စေတိတော်တွေ ဆင်းတုတော်တွေဆိုတာ ဘု၇ားရှင်နဲ့ ပေါင်ကူးပေးတဲ့ အရာတွေဖြစ်တယ်။

စေတီတော် ဆင်းတုတော်ကနေ ဘုရားရှင်ကို ရောက်အောင် အာရုံမပြုနိုင်တော့ သူ့ဆင်းတုက တန်းခိုးကြိးတယ် ငါ့စေတီက တန်းခိုးကြီးတယ်ဆိုတာတွေဖြစ်ကုန်ကြတယ်။ ကျိုက်ထီးရိုးမှဘုရား ရွှေတိဂုံမှ ဘု၇ားဆိုတာတွေ မြင်ကုန်ကြတယ်။ ရွှေတိဂုံလဲ ဘု၇ားမဟုတ်ဘူး။ ကျိုက်ထီးရိုးလဲ ဘုရားမဟုတ်ဘူး။ ဘုရားရဲ့ကိုယ်စားဖြစ်တဲ့ စေတီတော်တွေသာဖြစ်တယ်။ ဒါကို အတွင်းကျကျမြင်တတ်ဖို့လိုတယ်။

ဘုရားရှင်ဟာ ကိလေသာတွေကို ပယ်သတ်ပြီးတော့ သဗ္ဗညုဘုရားရှင်ဖြစ်တဲ့အခါမှာ အနေကဇာတိသံသာရံဆိုပြိးတော့ ဥဒါန်းကျူးရင့်ခဲ့တယ်။ အဓိပ္ပါယ်ကတော့ သူကိလေသာအားလုံးကို ပယ်သတ်ပြီးပြီမို့ နောက်ထပ် ဘ၀သစ်ထပ်မဖြစ်တော့ဘူး တဲ့။ အဲဒီအနေကဇာတိသံသာရံ ပါဠိတော်ကို အကြောင်းပြုပြိးတော့ “အနေကဇာတင်တယ်”ဆိုပြီးတော့ ဖြစ်လာတာဖြစ်တယ်။ ဆင်းတုတော်က စေတီတော်က အဒဲ အနေကဇာတိ သံသာရံကို မရွတ်ဆိုနိုင်လို့ ၇ဟန်းတော်များက ကိုယ်စား ရွတ်ဆိုပေးတာဖြစတယ်။

အနေကဇာတင်တယ်လိုဆိုတဲ့ အနေကဇာတိသံသာရံ ရွတ်ဆိုခြင်းကို ရဟန်းတော်များက လုပ်ပေးသည်ဖြစ်စေ လုပ်မပေးသည်ဖြစ်စေ အိမ်ရှင်က ရဟန်းတော်များပင့်ဖိတ်ပြီးတော့ အနေကဇာတင်သည်ဖြစ်စေ မတင်သည်ဖြစ်စေ ဆင်းတုတော်က ဆင်းတုတော်ပဲ စေတီတော်က စေတီတော်ပဲ။ ဦးဇင်းတို့ တောရွာဘက်တွေမှာဆိုရင် ဆင်းတုတော်ပန်းချီကားဝယ်ပြီး ဒီတိုင်း ပူဇော်ထားကြတာပဲ။

စကားစပ်လို့ ပြောရဦးမယ်။ မြင့်မြတ်တဲ့သူတွေ ပိုင်ဆိုင်တဲ့အရာကို “တော်”ထည့်သုံးကြတယ်။ ဘုရင်ရဲ့ သားတွေ သမီးတွေကို သားတော် သမီးတော်လို့သုံးတယ်။ ဘုရင်ကိုတော့ “ဘုရင်တော်”လို့ မသုံးဘူး။ ဒီလိုပဲ ဘုရားရှင်ရဲ့ ဆင်းတုတွေကို ဘုရားရှင်ပိုင်ဆိုင်တဲ့ အရာမို့ တော်ထည့်ပြိးတော့ “ဆင်းတုတော် စေတီတော်”လို့သုံးတယ်။ ဘုရားရှင်ရဲ့ သားဖြစ်ကြတဲ့ ရဟန်းတွေကိုလဲ “ရဟန်းတော်”လို့ သုံးကြတယ်။ ဘုရားကိုတော့ “ဘုရားတော်”လို့ ဘယ်သူကမှ မသုံးဘူး။ ထားပါတော့ ဒါက စကားလို့ပြောတာပါ။

အမှန်ကတော့ အနေကဇာတင်တယ်ဆိုတာက ဒီစေတီတော်ကို ဆင်းတုတော်ကို ပူဇော်သူများရဲ့ ရင်ထဲမှာ လေးလေးနက်နက်ဖြစ်သွားအောင် လုပ်ဆောင်တာဖြစ်တယ်။ အနေကဇာတင်တင် မတင်တင် မလေးနက်တဲ့သူကတော့ မလေးနက်ပါဘူး။ လေးနက်တဲ့သူကတော့ လေးနက်ပါတယ်။ ကြည့်လေ အများက အမြတ်တနိုးပြုထားကြတဲ့ေ၇ွှတိဂုံလိုနေရာမျိုးတောင် ကာမမှုတွေပြုနေတဲ့ လူတွေ တစ်ပုံကြီးပဲမို့လား။

စေတီတော်တွေ ဆင်းတုတော်တွေကို ပူဇော်ရာမှာ ကိုယ့်ရင်ထဲက လေးနက်မှုနဲ့ပဲဆိုင်တယ်။ ဒါပေမယ့် အပြစ်မရှိတဲ့ ရှေးရိုးစဉ်လာယဉ်ကျေးမှုကိုလဲ မပယ်မြစ်ကောင်းဘူး။ ဒါကြောင့် အနေကဇာတင်ခြင်းကို ကိုယ်တတ်နိုင်ရင် လုပ်ပါ။ မတတ်နိုင်လို့ မလုပ်ဘူးဆို၇င်လဲ ဘာမှမဖြစ်ပါဘူး။ ကိုယ်ရင်ထဲက လေးနက်မှုနဲ့ပဲသက်ဆိုင်ပါတယ်လို့ ပြောကြားလိုပါတယ်။

နားမလည်သေးရင် ထပ်မေးနိုင်ပါတယ်။

……………………………………………………………………………………..မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

Tuesday, January 10, 2012

ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိမရှိ သိချင်သူများအတွက်

(ဦးဇင်း ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါသလား လူကို နတ်ကစောင့်တယ်ဆိုတာ ဗုဒ္ဓဘာသာနဲ့ ကိုက်ညီမှုရှိပါသလား တကယ်လို့ ကိုယ်စောင့်နတ်ဆိုတာရှိခဲ့ရင် ဘယ်လိုမျိုးပုံစံနဲ့ လူကို စောင့်ရှောက်ပေးပါသလဲ သူဟာ လူ့ခန္ဓာကိုယ်ထဲမှာ နေတာပါလား ပြင်ပမှာ သီးခြားနေတာပါလားဆိုတာကို ဘုရားတပည့်တော်ကို သနားစောင့်ရှောက်ချီးမြှောက်သောအားဖြင့် ဖြေကြားပေးတော်မူပါဘုရား)

မေးခွန်းတွေက များလိုက်တာ။ ဦးဇင်း ခပ်တိုတိုနဲ့ လိုရင်းပဲ ဖြေပေးလိုက်ပါတယ်။

ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါတယ်။

“မကောင်းမှုပြုသော သူသည် သူမကောင်းမှုပြုတဲ့ အကြောင်းကို သူကိုယ်တိုင် ပဌမဦးစွာ သိ၏။ ထို့နောက် သူ၏ ကိုယ်စောင့်နတ်သိ၏။ ထို့နောက် သူတစ်ပါး၏ စိတ်ကို ဖောက်ထွင်းပြီး သိနိုင်တဲ့ တန်ခိုးရှင်များသိကြ၏”လို့ ပါရာဇိကဏ်အဋ္ဌကထာ သုဒိန္ဒကဏ္ဍအဖွင့်မှာပါတဲ့ ဒီစကားရပ်ကို ထောက်ပြီးတော့ ကိုယ်စောင့်နတ် တကယ်ရှိတယ်ဆိုတာ သိရပါတယ်။

ဒီစကားရပ်ကိုထောက်ပြီးတော့ လူကို နတ်စောင့်တယ်ဆိုတာ ဗုဒ္ဓဘာသာနဲ့လည်း ကိုက်ညီမှုရှိပါတယ်။

အခြားသော အထောက်အထား ကျမ်းကိုးကျမ်းကားထုတ်ပြစရာတွေ အများကြီးရှိပေမယ့် သိသာရုံမျှ ဒီလောက်နဲ့ပဲ ကျေနပ်တော်မူကြပါ။

နောက်မေးခွန်းတစ်ခုက လူကို ဘယ်လိုမျိုးစောင့်ရှောက်သလဲဆိုတာနော်။

ဘုန်းကံကြီးမားတဲ့ လူကို တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်း နတ်များက စောင့်ရှောက်ပါတယ်ဘုန်းကံမွဲမွဲလူများကိုတော့ တန်ခိုးသေးနုပ်တဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ နတ်သေးနတ်မွှားလေးတွေက စောင့်ရှောက်ပါတယ်။

တန်ခိုးအာနုဘော်ကြီးမားလေ လုပ်နိုင်တဲ့အရာတွေ လုပ်ပိုင်ခွင့်တွေ ပိုရှိလေမို့ သူလုပ်နိုင်တဲ့ ပမာဏ သူလုပ်ပိုင်ခွင့်ရှိတဲ့ အတိုင်းအတာထဲကနေ ကူညီစောင့်ရှောက်ပေးပါတယ်။


ဗာရာဏသီမင်းဟာ ကောသလမင်းကိုသတ်ပြီးတော့ တိုင်းပြည်ကိုသိမ်းပိုက်ပြီးတော့ ကောသလမင်းရဲ့ မိဖုရားကြီးကိုတော့ သူရဲ့ မိဖုရားကြီးအဖြစ် ဗာရာဏသီမင်းက သိမ်းပိုက်ခဲ့တယ်။ အဲဒီ မိဖုရားကြီးမှာ သွားလေသူ ကောသလမင်းနဲ့ ရထားတဲ့ ကိုယ်ဝန်ကျန်နေခဲ့တယ်။ အချိန်တန်တော့ သားယောကျာင်္းလေးမွေးဖွားခဲ့တယ်။ အရွယ်ရောက်တော့ ဗာရာဏသီမင်း အခြားမိဖုရားနဲ့ ရထားတဲ့ ကုရုင်္ဂဒေ၀ီဆိုတဲ့ မင်းသမီလေးနဲ့ ချစ်ကြိုက်သွားကြတယ်။

ဗာရာဏသီမင်းကြီးကသိလို့ မင်းသာလေးကို သတ်ဖို့လုပ်တယ်။ မင်းသားလေးကို သေဘေးကနေ လွတ်အောင် ကယ်တင်ပေးခဲ့တယ်။ ကယ်တင်ပေးသူကတော့ မင်းသားလေးရဲ့ ကိုယ်စောင့်နတ်ပဲဖြစ်တယ်။ (မဟာဏုဏာလဇာတက)

ဒါကြောင့် သူလုပ်ပိုင်ခွင့်ရှိတဲ့ ပမာဏ သူလုပ်ပေးနိုင်တဲ့ ပမာဏအားလျော်စွာ စောင့်ရှောက်ပေးတယ်လို့ မှတ်သားစေချင်ပါတယ်။

နောက်မေးခွန်းတစ်ခုက လူ့ခန္ဓာကိုယ်ထဲမှာ နေတာလား အပြင်ဘက်မှာနေတာလားဆိုတာနော်.။

အပြင်ဘက်မှာနေပါတယ်။ ကိုယ်စောင့်နတ်ဆိုတာ ကိုယ်ပတ်ဝန်းကျင်မှာရှိနေတဲ့ ဘုမ္မစိုး ရုက္ခစိုးစတဲ့ နတ်တွေပါ။

လူ့ခန္ဓာကိုယ်ထဲမှာ နတ်ရှိရင် အဲဒီလူကို မြန်မာလူမျိုးတွေက စုန်းလို့ သတ်မှတ်ကြပါတယ်။ အဲဒီအကြောင်းကို ဦးဇင်း သီးခြားပို့စ်တစ်ခုတင်ပြီးတော့ ရှင်းပြပေးမယ်နော်။ အခုတော့ ပို့စ်သိပ်ရှည်သွားမှာမို့ ရှင်းမပြတော့ပါဘူး။

သူ့မေးခွန်းက ဒီလောက်ဆိုရင် ပြီးသွားပါပြီနော်။ ဒါပေမယ့် မေးခွန်းမှာ မပါလို့ အများသိသင့်သိထိုက်တယ်ထင်လို့ အကြောင်းအရာတစ်ခုကို ဦးဇင်းဘာသာမေးပြီးတော့ ဦးဇင်းဘာသာပဲ ဖြေပေးလိုက်ပါတယ်။

လူတိုင်းမှာ ကိုယ်စောင့်နတ်ရှိပါသလား..။

လူတိုင်းမှာ သဘာဝအားဖြင့် ကိုယ်စောင့်နတ်ရှိပါတယ်။

ဘုန်းကံကြီးမားတဲ့ လူကို တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်း နတ်များက စောင့်ရှောက်ပါတယ်ဘုန်းကံမွဲမွဲလူများကိုတော့ တန်ခိုးသေးနုပ်တဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ နတ်သေးနတ်မွှားလေးတွေက စောင့်ရှောက်ပါတယ်။ လို့ အထက်မှာလဲ ဦးဇင်းပြောခဲ့တယ်နော်။

ကိုယ်စောင့်နတ်တွေဆိုတာ လူစောင့်ရှောက်တဲ့ လူရဲ့ အလိုကိုလိုက်ပြီးတော့ ပြောင်းလဲတတ်ကြပါတယ်။ များသောအားဖြင့် ဒီလိုမျိုး လူ့ရဲ့အလိုကိုလိုက်ပြီးတော့ ပြောင်းလဲတတ်တာဟာ တန်ခိုးသေးနုပ်ပြီးတော့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ ကိုယ်စောင့်နတ်တွေပေါ့။ ဒီလို နတ်တွေကတော့ သူစောင့်လျှောက်တဲ့လူက ကောင်းရင် သူကကောင်းပြီးတော့ လူကဆိုးရင် သူလဲဆိုးသွားတတ်ပါတယ်။

တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းတဲ့ ကိုယ်စောင့်နတ်များကတော့ သူတို့မကြိုက်တာကို လုပ်ရင် အဲဒီလူကို စွန့်ပစ်ပြီးတော့ ထွက်သွားတတ်ကြပါတယ်။ လူပြောင်းလဲတိုင်း သူတို့က လိုက်ပြီးတော့ မပြောင်းလဲကြပါဘူး။

ဥပမာအားဖြင့် စေတီယမင်းရဲ့ အဖြစ်အပျက်ကိုကြည့်ပါ။

စေတီယမင်းဟာ တန်ခိုးကြီးမားတဲ့ နတ်သားလေးယောက်က စောင့်ရှောက်ပါတယ်။ စေတီယမင်း မုသားစကားပြောတော့ နတ်သားလေးယောက်ဟာ စေတီယမင်းကို တစ်ခါထဲ စွန့်ပစ်ထွက်ခွါသွားခဲ့ကြပါတယ်။ (စေတီယဇာတက)

ဒါကြောင့် လူတိုင်းမှာ သဘာဝအားဖြင့်တော့ ကိုယ်စောင့်နတ်ရှိကြပါတယ်။ သို့သော် အချို့သူများကတော့ ကိုယ်စောင့်နတ်မကြိုက်တာလုပ်လို့ ကိုယ်စောင့်နတ်ရဲ့ စွန့်ပစ်ခြင်းကို ခံကြရလို့ ကိုယ်စောင့်နတ် မရှိတာမျိုးတွေလဲ ရှိပါတယ်။

...........................................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

ကတိမတည်ခဲ့လို့ရှိရင်..

(ကတိမတည်ရင် အကုသိုလ်ဖြစ်ပါသလား ဖြေကြားပေးတော်မူပါ)

ကတိဆိုတာ သစ္စာရဲ့ ကိုယ်ပွားစကားလုံးတစ်ခုပါ။ ဒါကြောင့် ရှေးပညာရှိတွေက “ကတိသစ္စာ တည်သောခါဝယ်”စတဲ့ ကဗျာလင်္ကာတွေမှာ သစ္စာနဲ့ကတိကို ထပ်တူပြုပြီးတော့ စပ်ဆိုခဲ့ကြတယ်။

ကတိပေးတယ်ဆိုတာ သစ္စာပြုတာပါပဲ။ ဒါကြောင့် ကတိပျက်ရင် သစ္စာပျက်ပါတယ်။ သစ္စာပျက်ရင် နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေက အများကြီး တစ်လျှောက်ကြီး တသီတစ်တန်းကြီး လိုက်ပါလာပါတယ်။

အနည်းဆုံးကတော့ ကတိပျက်ပြီဆိုတာနဲ့ မုသာဝါဒကံတော့ ထိုက်သွားတာပါပဲ။ မုသာဝါဒကံထိုက်ပြီဆိုမှတော့ အကုသိုလ်ဖြစ်ပြီပေါ့ ဒကာမိုးချမ်း။

မင်းတောင်းတာကို ငါပေးမယ်ပါမယ်။ မင်းတစ်ယောက်ကိုပဲ ချစ်ပါတယ်။ မင်းကလွဲရင် ဖွဲနဲ့ဆန်ကွဲပါ။ မင်းခိုင်းတာကို ငါဆက်ဆက် လုပ်ထားလိုက်ပါမယ်။ ငါ့ကို ယုံကြည်စိတ်ချပါစတဲ့ ကတိတွေအမျိုးမျိုးပေး သစ္စာတွေ မရိုးနိုင်အောင် အမျိုးမျိုးထားပြီးတော့ ဘာတစ်ခုမှ ပြောတဲ့အတိုင်း မဟုတ်ခဲ့ရင် လိမ်လည်လှည့်စား ပလီပလာစကားတွေ ဖြစ်သွားတာပါပဲ။ ဒါကတော့ မုသာဝါဒကံထိုက်ပုံကို ပြောတာပါ။

တစ်ခါ တစ်ဘက်လူမှာ ကိုယ့်ရဲ့ ကတိသစ္စာ ပျက်ယွင်းမှုကြောင့် ဆုံးရှုံးမှုကြီးမားရင် ကြီးမားသလို ကိုယ်ရဲ့ အကုသိုလ်ကလဲ ကြီးသွားပြီးတော့ ကိုယ်ခံရမယ့် ပြစ်ဒဏ်ကလဲ ကြီးသွားပါလိမ့်မယ်။

နောက်ထပ် ကတိပျက်ယွင်းမှုကြောင့် အဒိန္နဒါနကံလဲ ထိုက်နိုင်ပါသေးတယ်။ ပါဏာတိပါတကံလည်း ထိုက်နိုင်ပါသေးတယ်။ ကတိပျက်ယွင်းမှုဟာ အတော်ကြီးကို ဆိုးဝါးလွန်းတဲ့ အကုသိုလ်ပါဒကာ။

လူတွေရဲ့ တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးမှာ ယုံကြည်မှုက သိပ်အရေးကြီးပါတယ်။ တစ်ယောက်ကို တစ်ယောက် ယုံကြည်ဖို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပေးထားတဲ့ ကတိတွေ တည်ဖို့လိုအပ်ပါတယ်။

ဒကာ ကတိတည်တဲ့ သူဖြစ်ပါစေလို့ ဦးဇင်းဆုတောင်းပေးပါတယ်။

....................................................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

ဆင်ခံ မြင်းခံ ဆင်းတုတော်များနဲ့ ပတ်သက်၍ ရှင်းလင်းခြင်း..

(Aung Ko "ဘုရားအားလုံး ဆင်၊ မြင်း စသည့် သတ္တ၀ါတို့ကို စီးပြီး ခရီးသွားခြင်းမရှိပါ။ အဘယ်ကြောင့် ဆင်ခံ ၊ မြင်းခံ ဘုရားရုပ်ထုများထုလုပ်ကြတာလဲမသိပါ။ အပြစ်ရှိ ၊ မရှိ။")

ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလအတွင်းမှာ ဆင်ရော မြင်းပါ ဖြစ်ခဲ့တယ်။

ဘုရားအလောင်းတော်ဟာ ဆင်ဖြစ်ခဲ့စဉ်က ဘုရင်လုပ်သူက သူရဲ့ မင်္ဂလာဆင်တော်အဖြစ် လာရောဖမ်းဆီးခဲ့တယ်။ ဆင်တော်ဟာ နန်းတော်ထဲမှာ ဘယ်လောက်ပဲ ကောင်းကောင်းနေ ကောင်းကောင်းစားရပေမယ့် တောထဲမှာ ကျန်ခဲ့တဲ့ မိခင် မျက်မမြင် ဆင်မကြီးအတွက် စိတ်မအေးနိုင်ဘူး။ ဒါကြောင့် မစားမသောက်ပဲနေလိုက်တယ်။

ဘုရင်ကမေးတော့ မိခင်အတွက် ပူနေရလို့ သူ့မှာ မစားနိုင်မသောက်ဖြစ်နေပါတယ် အစချီပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြခဲ့တယ်။ ဒါနဲ့ ဘုရင်က တောထဲကို ပြန်လွှတ်ပေးလိုက်ပြီး ဆင်သားအမိ နေတဲ့တောစပ်မှာ ဆင်သားအမိကို ပြုစုလုပ်ကျွေးဖို့ ရွာတည်ရွာ တည်ပြီးတော့ ရွာသားတွေကို ဆင်သားအမိကို ပြုစုလုပ်ကျွေးရမယ်လို့ အမိန့်ချမှတ်ခဲ့တယ်။

မိဘကျေးဇူးကို မသိတတ်တဲ့ သားသမီးတွေ မိဘကျေးဇူးကို လျစ်လျူရှု့ထားတဲ့ သားသမီးတွေ မိဘကျေးဇူးကို မေ့နေကြတဲ့ သားသမီးတွေ ဒီအကြောင်းအရာကို ဖတ်ရှု့ပြီးတော့ မိဘများရဲ့ ကျေးဇူးကို ပြန်လည်သတိရလို့ ပြန်လည်ဆပ်နိုင်ကြပါစေ။

ဘုရားအလောင်းတော် ဆင်ဖြစ်တဲ့ဘ၀တွေတိုင်းမှာ အတုယူစရာတွေ အများကြီးရှိပဲတယ်။ ကျေးဇူးကို သိတတ်တာ မိဘကို ပြုစုလုပ်ကျွေးတာ လုံ့လ၀ိရီယရှိပြီး သူရသတ္တိနဲ့ ပြည့်စုံတာ အများကြီး အများကြီးပါပဲ။

တစ်ခုသော ဘ၀မှာတော့ ဘုရင်ရဲ့ မင်္ဂလာမြင်းတော်ဖြစ်ခဲ့တယ်။ မင်္ဂလာမြင်းတော်ရှိတဲ့ တိုင်းပြည်ကို အခြားသော တိုင်းပြည်ခုနှစ်ခုက စစ်လာတိုက်တယ်။ ဘုရင်က ရန်သူကို ဘယ်လိုတွန်လှန်ရမလဲဆိုတာ သူရဲ့ အမတ်တွေနဲ့ တိုင်ပင်တယ်။

အမတ်တွေက ဒီရန်ကို တွန်လှန်နိုင်မယ့် သူရဲကောင်းတစ်ယောက်ရှိတယ်ဆိုတာ ဘုရင်ကို လျှောက်တင်လိုက်ကြတယ်။ ဘုရင်က သူရဲကောင်းကို ခေါ်တွေ့တယ်။ ရန်သူကို တွန်လှန်နိုင်မလားလို့ မေးတယ်။

သူရဲကောင်းက မင်္ဂလာမြင်းတော်ကိုသာ သူ့ကို ပေးစီးမယ်ဆိုရင်တော့ သူတစ်ယောက်ထဲနဲ့ ဒီရန်သူအားလုံးကို တွန်လှန်နိုင်ပါတယ်လို့ လျှောက်တင်ခဲ့တယ်။ ဒါနဲ့ ဘုရင်က မင်္ဂလာမြင်းတော်ကို စီးခွင့်ပေးလိုက်တယ်။

သူရဲကောင်းဟာ မင်္ဂလာမြင်းတော်ကို စီးပြီး ရန်သူဗိုလ်ထုကို ထိုးဖောက်ပြီးတော့ ၇န်သူဘုရင် ငါးယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်။ ခြောက်ယောက်မြောက်ဘုရင်ကို ဖမ်းစီးလာစဉ်မှာ ရန်သူပစ်လိုက်တဲ့ မြားဟာ မင်္ဂလာမြင်းတော်ကို ထိမှန်သွားခဲ့တယ်။

သူရဲကောင်းဟာ ရန်သူဘုရင် ခြောက်ယောက်တိတိကို ဖမ်းပြီးသွားပြီ။ တစ်ယောက်ပဲ ကျန်တော့တယ်။ ဒါနဲ့ မင်္ဂလာမြင်းတော်ကို လှဲချပြီးတော့ ချပ်ဝတ်တွေချွတ်ပြီးတော့ ဒီပြင် အခြားသော မြင်းတစ်ကောင်ကို ချပ်ဝတ် ၀တ်ပေးဖို့ ပြင်ဆင်နေတယ်။ ဒါကို မင်္ဂလာမြင်းတော်က မြင်လိုက်တယ်။

“အခု ချပ်ဝတ် ၀တ်ပေးနေတဲ့ မြင်းဟာ ရန်သူဗိုလ်ထုကို ထွင်းဖောက်ပြီး ပြေးနိုင်မှာမဟုတ်ဘူး။ ဒီတော့ အရည်အချင်းရှိတဲ့ သူရဲကောင်းလဲ သေရလိမ့်မယ်။ ငါ မြားမှန်ခံပြီး အပင်ပန်းခံပြီးတော့ ရန်သူဘုရင် ခြောက်ယောက်ကို ဖမ်းထား၇တာတွေလဲ အလကားဖြစ်ကုန်လိမ့်မယ်။ ငါလုပ်တဲ့ အလုပ်လဲ မပျက်စီးရအောင် အရည်အချင်းရှိတဲ့ သူရဲကောင်းလဲ မသေရအောင် ငါအားတင်းပြီးတော့ ကျန်တဲ့ ဘုရင်ကို ဖမ်းရမယ်”လို့ ကြံစည်ပြီးတော့ သူရဲကောင်းကို ခေါ်ပြီးတော့ “ငါ့ကို ချပ်ဝတ်ပြန်ဝတ်ပေးပါ။ ကျန်တဲ့ ရန်သူဘုရင်ကို ဖမ်းပေးနိုင်တဲ့ စွမ်းအား ငါ့မှာ ရှိပါသေးတယ်”လို့ ပြောပြီးတော့ ကျန်တဲ့ ရန်သူဘုရင်ကို ဖမ်းဖို့ မြားဒဏ်ရာကြီးနဲ့ သူရဲကောင်းကို အကူအညီပေးခဲ့တယ်။

သူရဲ့တိုင်းသူပြည်သားတွေအတွက် မင်္ဂလာမြင်းတော်ဟာ သူရဲ့ အစွမ်းအစ လုပ်နိုင်စွမ်းအားတွေကို မချွန်မချန်နဲ့ အလုပ်လုပ်သွားခဲ့တယ်။

မင်္ဂလာမြင်းတော်ဟာ မြားဒဏ်ရာကြောင့် သေအံ့ဆဲဆဲ ဖြစ်နေပြီ။ ဒါပေမယ့် သတိလက်လွတ်မဖြစ်ပဲနဲ့ သူ့ရဲ့ ဘုရင်ကို သူရဲကောင်းကို ဆုလာဘတ်များချီးမြှင့်ဖို့ သူ့အတွက် ချီးမြှင့်မယ့် ဆုလာဘ်များကိုလဲ သူရဲကောင်းကိုပဲ ချီးမြှင့်ဖို့ ရန်သူဘုရင်တွေကို မသတ်ပဲနဲ့ သစ္စာရေတိုက်ပြီးတော့ ပြန်လွှတ်ပေးဖို့ စတဲ့ မှာသင့်တာတွေကို မှာပြီးမှ သေဆုံးသွားခဲ့တယ်။

ဘာတွေကို အတုယူရမယ်ဆိုတာ ဦးဇင်း မပြောတော့ပါဘူး။ တစ်ခါတစ်လေလဲ ကိုယ့်ဘာသာစဉ်စားကြည့်ကြပေါ့။ ကိုယ့်ဘာသာ တွေးလို့ရတဲ့ အဖြေက သိပ်ကြည်နူးဖို့ကောင်းပါတယ်။

ဘုရားရှင်ဟာ ဒီလိုဒီလိုတွေ ကြိုးစားခဲ့ပြီးမှ အခုလို ဘုရားဘ၀ကို ရောက်ခဲ့တယ်ဆိုတာ လူသားတွေသိစေချင်လို့ အထူးသဖြင့် ဆင်ဘ၀ မြင်းဘ၀က ဘုရားရှင်ရဲ့ ကြိုးစားအားထုတ်မှု လုံ့လ၀ီ၇ိယ အမျှော်အမြင်ရှိမှု ကိုယ်ကျိုးကို စွန့်လွှတ်နိုင်မှုကို နောက်လာ နောက်သားတွေကို သိစေချင်လို့ ကျောက်ဆစ်ဆရာ ပန်းပုဆရာတွေက ပညာရှင်တွေနဲ့ ပူပေါင်းပြီးတော့ ဆင်ခံ မြင်းခံ ဆင်းတုတော်တွေကို ထုလုပ်ခဲ့တာဖြစ်တယ်။

ဒီနေရာမှာ “အလောင်တော် ခွေးဘ၀လဲ ရောက်ခဲ့တာပဲ။ ခွေးဘ၀က ကြိုးစားအားထုတ်မှုတွေကိုလည်း ပုံဖော်တဲ့အနေနဲ့ ခွေးခံဆင်းတော်ကို ထုလုပ်ကြပါလား” လို့ ပြောစရာတစ်ခုဖြစ်လာတယ်။

အနုပညာရပ်တစ်ခု ဖန်တီးတဲ့အခါမှာ မျက်စိပသာဒဖြစ်ဖို့ အများမကဲ့ရဲ့ခံရဖို့ လည်း လိုသေးတယ်။ ဒါကြောင့် ခွေးခံဆင်းတုတော်ကို မထုလုပ်ကြတာဖြစ်တယ်။

ရဟန်းတော်တွေဟာ ကျန်းမာရေးကောင်းရင် တိရိစ္ဆာန်ကို မစီးကောင်းပေမယ့် ကျန်းမာရေးမကောင်းရင်တော့ တိရိစ္ဆာန်အထီးကိုတော့ စီးကောင်းတယ်လို့ ဘုရားရှင်က ခွင့်ပြုထားခဲ့တယ်။

ဒါကြောင့် ဘယ်ဘက်က လှည့်တွေးတွေး အပြစ်မရှိပါဘူး။

ကိုယ်တိုင်က ဘုရားရှင်ကို အပြစ်တင်လိုဇောတွေ များနေရင်တော့ ဘယ်လိုဖြေရှင်းချက်ပေးလဲ ပြေလည်သွားမှာမဟုတ်ပါဘူး။

သူများတွေကတော့ မသိဘူး။ ဦးဇင်းကတော့ ဆင်ခံ မြင်းခံ ဆင်းတုတ်ာတွေကို မြင်တိုင်း ဆင်ဘ၀ မြင်ဘ၀က အလောင်းတော်ရဲ့ ဥာဏ်ပညာ ဇွဲလုံ့လ ၀ိရိယတွေကို မြင်ယောင်လာပြီး ဘုရားရှင်ကို ဆထက်တစ်ပိုး ပိုလို့ပိုလို့ ကြည်ညိုလာမိပါတယ်။

.....................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

အကုသိုလ်ကို အမျှပေးဝေလို့ ရပါသလား..

(ဦးဇင်းမိုးသုဘုရား ကုသိုလ်ကောင်းမှုပြုလုပ်ပြီးတော့ သေသောသူအားရည်စူး၍ အမျှပေးကြပါတယ်။ သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီရင် သေသောသူက အမျှရပြီးတော့ ကောင်းကျိုးချမ်းသာကို ခံစားရတယ်လို့ မှတ်သားရပါတယ်။ တပည့်တော် တစ်ခုတွေးမိတာ ရှိပါတယ်။ အကုသိုလ်ကိုကော ကုသိုလ်လို အမျှပေးလို့ ရပါသလားဘုရား။ တပည့်တော်ရဲ့ သံသယကို ရှင်းလင်းပေးပါဘုရား)

ဒီမေးခွန်းကို အရင်က မိလိန္ဒမင်းကြီးက အရှင်နာဂသေနကို မေးခဲ့ဘူးပါတယ်။ အရှင်နာဂသေနကလဲ အဖြေပေးခဲ့ပါတယ်။ မိလိန္ဒာပဥှာပါဠိတော် ပုဗ္ဗပေတာသဒိသပဥှာမှာ ဖတ်ရှု့နိုင်ပါတယ်။

ဦးဇင်းအစက အရှင်နာဂသေနရဲ့ အဖြေအတိုင်းပဲ ဖြေပေးလိုက်ရင် ကောင်းမလားလို့ စဉ်းစားပါသေးတယ်။ သေချာတွေးကြည့်တော့ အရှင်နာဂသေနရဲ့ အဖြေက ကျယ်ဝန်းများပြား ရှည်လျားလွန်းနေတယ်။ အင်မတန်လဲ နက်နဲလွန်းလှတယ်။ ပညာရှင်နှစ်ယောက်ရဲ့ အမေးအဖြေမို့ ဘာသာရေးလိုက်စားခါစ လူတွေအတွက် နားလည်နိုင်ဖို့ ခက်ခဲတယ်။ စာရိုက်ရမှာလဲ မသက်သာပါဘူး။ ဒါကြောင့် ကိုယ်ပိုင်ဟန်လေးနဲ့ပဲ ဖြေပေးလိုက်ပါတယ်။

ဦးဇင်းအဖြေကို သဘောမကျ မနှစ်သက်ဘူးဆိုရင်တော့ မိလိန္ဒပဥှာပါဠိတော် ပုဗ္ဗေပေတာသဒိသပဥှာမှာပဲ ထပ်ပြီး ဖတ်ကြည့်လိုက်လို့ တိုက်တွန်းပါတယ်။

အိတ်တစ်လုံးထဲကို ရွှေငွေတွေထည့်ပြီး လူတွေကို လိုက်ပေးရင်တော့ ယူကြမှာပဲ။ ဒါပေမယ့် အိတ်တစ်လုံးထဲကို ပုပ်သိုးနံစော်နေတဲ့ မစင်တွေ အပြည့်ထည့်ပြီး လိုက်ပေးရင်တော့ ဘယ်သူကများ ယူမှာတဲ့လဲ။

အမျှဝေတယ်ဆိုတာဟာ သေလွန်သွားတဲ့သူ ကံမကောင်း အကြောင်းမလှလို့ ပရဒတ္တူဇီဝိတပြိတ္တာမျိုးမှာ ဖြစ်ခဲ့ရင် ကောင်းသောဘ၀ကို ရောက်ပြီး ချမ်းချမ်းသာသာ နေနိုင်ပါစေတော့လို့ စိတ်ထားကောင်းကလေးနဲ့ ပြုလုပ်ပေးကြတာဖြစ်တယ်။

ဆင်းရဲနေတဲ့သူကို ချမ်းသာလာပေးရင် ယူချင်ပေမယ့် ဆင်းရဲနေသူကို ပိုပြီးဆင်းရဲသွားအောင် ဆင်းရဲတွေ ထပ်ပြီး လာပေးရင် ဘယ်သူကများ ယူမှာတဲ့လဲ။ ပေးလို့ရတာ မရတာနောက်ထားပါ။ ကိုယ့်ကို ပိုပြီး ဆင်းရဲသွားစေမယ့် ဆင်းရဲကို ဘယ်သူက ယူချင်မှာတဲ့လဲ။

အမျှဝေတယ်ဆိုတာ တစ်ဘက်က ယူမှရတာလေ။ ကုသိုလ်ကို အမျှဝေရင်တောင်မှ တစ်ဘက်က ယူမှရတာပါ။ သေသေချာချာ စဉ်းစားကြည့်ချင်ပါတယ်နော်။

ငါဆိုရင်ကော ငါ့ကို သူတစ်ပါးက ဆင်းရဲတွေလာပေးရင် ငါ့မှာရွေးချယ်ပိုင်ခွင့်လဲ အပြည့်အ၀ရှိနေရင် ငါယူချင်ပါ့မလားဆိုတာကို အလေးအနက်စဉ်းစားကြည့်လိုက်ပါ။

မိလိန္ဒပဥှာမှာတော့ အရှင်နာဂသေနက အကုသိုလ်ကို အမျှဝေလို့ မရပါဘူးလို့ ဖြေပေးထားပါတယ်။ ဆီကို မီးထွန်းလို့ရပေမယ့် ရေကို မီးထွန်းလို့မရသလို ကုသိုလ်ကို အမျှဝေလို့ရပေမယ့် အကုသိုလ်ကို အမျှဝေလို့ မရပါဘူးတဲ့။ အဲဒီလို ဖြေပေးထားပါတယ်။

မိလိန္ဒပဥှာမှာတော့ မိလိန္ဒမင်းကြီးက ကတ်ကတ်သတ်သတ်မေးပြီး အရှင်နာဂသေနကလဲ ရှင်းရှင်းလင်းလင်းကို ဖြေပေးထားပါတယ်။ ဒီထက်ပိုပြီးတော့ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် သိချင်ရင်တော့ မိလိန္ဒပဥှာမှာပဲ ဖတ်ပါလို့ တိုက်တွန်းပါတယ်။ ဒီမှာတော့ အကြောင်းအကြောင်းကြောင့် ဒီလောက်ပဲ ဖြေပေးနိုင်ပါတယ်။

............................................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

Sunday, January 8, 2012

နေ့စွဲများနှင့် ဗုဒ္ဓဘုရားရှင်

အလောင်းတော်နတ်သားဟာ တုတိသာနတ်ပြည်မှ စုတေပြိးလျှင် ကပိလ၀တ်ပြည်ကြီး အရှင်သခင်`သုဒ္ဒေါဒန´ မဟာရာဇာ၏ တောင်ညာစံမိဖုရားကြီး `သီရိမဟာမာယာဒေ၀ီ´၏ ၀မ်းကြာတိုက်၌ ဘိုးတော်အဉ္စနမင်းဖြိုကြွင်း သက္ကရာဇ်(၆၇)ခုနှစ် ၀ါဆိုလပြည့် ကြာသပတေးနေ့ မိုးသောက်ကာလ ပစ္ဆိမယာမ်၌ သန္ဒေတည်မူပါသည်။
(မယ်တော်၏ ၀မ်းကြာတိုက်၌ ရက်အားဖြင့်(၂၉၅)ရက် လအားဖြင့် (၁၀)လတိတိ အပိုအလိုမရှိ စံတော်မူပါသည်)

မဟာသက္ကရာဇ်(၆၈)ခုနှစ် ကဆုန်လပြည့် သောကြာနေ့ ၀ိသာခါနက္ခတ်နှင့် စန်းလနတ်ယှဉ်စဉ် ကပိလ၀တ်ပြည်နှင့် ဒေ၀ဒဟပြည်တို့အကြား၌ရှိသော `လုမ္ဖိနီ´သာမော အင်းကြင်းတော၌ ဖွားမြင်တော်မူပါသည်။
(ဖွားမြင်သောအခါ၌ ``လောကသုံးပါးတွင် ငါသည်အမြတ်ဆုံးဖြစ်၏။ ငါသည် လူသုံးပါးတွင် အကြီးအကဲဆုံးဖြစ်၏။ ငါသည် လူသုံးပါးတွင် အချီးမွမ်းအပ်ဆုံးဖြစ်။ ဤယ္ခုမွေးဖွားခြင်းကား နောက်ဆုံးဖြစ်၏။ ငါအဖို့ရာ တစ်ဖန်ဘ၀သစ် ပြန်ဖြစ်ရခြင်း မရှိတော့ပြီ´´ဟု မြောက်အရပ်သို့ ဖ၀ါးခုနှစ်လှမ်း ကြွချီးတော်မူပြီး၍ ရဲ့ဝံ့စွာကြွေးကြော်တော်မူပါသည်။)

ဖွားမြင်ပြီး၍ ငါးရက်မြောက်သောနေ့ (ကဆုန်လပြည့်ကျော် ငါးရက်နေ့)၌ ခေါင်းဆေးခြင်းမင်္ဂလာ နာမည်ကင်ပွန်းတပ်မင်္ဂလာ အခမ်းအနားများပြုလုပ်ပါသည်။
(ထိုနေ့က ရာမ ဓဇ လက္ခဏ ဇောတိမန္တ ယည သုဘောဇ သုယာမ ဟူသော ပုဏ်ဏား (၇)ယောက်တို့သည် အလောင်းတော်၏ လက္ခဏာများကို ဖတ်ရှု့ပြီး၍ ``လူ့ဘောင်နေလျှင် စင်္ကြာဝတေးမင်းဖြစ်၍ ရဟန်းဘောင်နေလျှင် ဘုရားစင်စစ် ဖြစ်မယ်´´လို့ နိမိတ်ဖတ်တော်မူပြီး ကောဏ္ဍညနွယ်ဖွား `သုဒတ္တ´မည်သော ပုဏ်ဏားသည် အလောင်းတော်၏ လက္ခဏာတော်ကြီး(၃၂)ပါး လက္ခဏာတော်ငယ် (၈၀)တို့ကို စေ့ငုစွာကြည့်ရှု့ပြီး၍ ``ဘုရားစင်စစ် ဧကန်ုဖြစ်မယ်´´လို့ နိမိတ်ဖတ်ခဲ့ပါသည်)

``လောကသုံးပါးတို့၏ အကျိုးစီးပွားကို ပြီးစီးအောင်မြင်အောင် ဆောင်ရွက်တော်မူမည့် အကြောင်းနိမိတ်ကို အစွဲပြုကာ ပုဏ်ဏားရှစ်ယောက်တို့သည် တညီတညွှတ်တည်း အလောင်းတော်အား `သိဒ္ဒတ္ထ´ဟူ၍ နာမည် ကင်းပွန်တပ်ခဲ့ကြပါသည်´´

ခမည်းတော်မင်းကြီးသည် သားတော်အတွက် စိတ်ကြိုက်လက်ရွေးစင် အမျိုးသမီးပေါင်း(၂၄၀)တို့ကို အထိန်းတော်အဖြစ် ခန့်အပ်ခဲ့ပါသည်။ နို့ချိုတိုက်ကျွေးခြင်းအလုပ်ကိုတော့ မိထွေးတော်``မဟာပဇာပတိဂေါတမီ´´ ကိုယ်တိုင်တိုက်ကျွေးတော်မူခဲ့ပါသည်။

အလောင်းတော်သည် (၇)နှစ်အရွယ်သို့ရောက်လာသောအခါ အလောင်းတော်မင်းသားအတွက် သိကြားမင်းသည် မင်္ဂလာရေကန်တော် ကြီးကို ပြည့်စုံစွာဖန်တီး၍ ဆက်သခဲ့ပြန်ပါသည်။

အလောင်းတော် (၁၆)နှစ်သို့ရောက်သောအခါ၌ ဘုံကိုးဆင့်ရှိသော `ရမ္မ´မည်သော ဆောင်းရာသီစံနန်းတော်၊ ဘုံငါးဆင့်ရှိသော `သုရမ္မ´ မည်သော နွေရာသီစံနန်းတော်၊ ဘုံခုနှစ်ဆင့်ရှိသော `သုဘ´မည်သော မိုးရာသီစံနန်းတော် သုံးဆောင်ကို ခမည်းတော်မင်းကြီးက ဆောက်လုပ်ပေး၍ အလောင်းတော်ကို စံစားစေခဲ့ပါသည်။
(သာကီဝင်မင်းဆက်တို့တွင် ဤစံနန်းတော်သုံးဆောင်တို့ကို မည်သူတစ်ဦးတစ်ယောက်မျှ မခံစားခဲ့ကြဘူးပါဘူး။ အလောင်းတော်သည် ပဌမဥိးဆုံး စံစားခဲ့ရခြင်းဖြစ်ပါသည်)

အလောင်းတော်ဟာ စံနန်းတော်သုံးဆောင်၌ ``ဘဒ္ဒကစ္စနာယသော်ဓရာဗိမ္ဖာဒေ၀ီ´´ မင်းသမီးကို မိဖုရားခေါင်အရာထား၍ သာကီဝင်မင်းသမီးပေါင်း လေးသောင်းနဲ့စံတော်မူပါသည်။
(ယသော်ဓရာမှအပ ကျန်မင်းသမီးများသည် အခြံအရံသက်သက်သာဖြစ်ပါသည်၊ မင်းသမီးပေါင်းတစ်သောင်းသည် ယသော်ဓရာကို အမြဲခစားနေရပြီး ကျန်သုံးသောင်းသည် နန်းတော်တစ်ဆောင်လျှင် တစ်သောင်းကျစီတာဝန်ယူ၍ အမြဲနေထိုင်ကြရပါသည်)

ဤကဲ့သို့ (၁၃)နှစ်ကြာ နတ်စည်းစိမ်နှင့်တူသော မင်းစည်းစိမ်ကို ခံစား၍ မဟာသက္ကရာဇ်(၉၆)ခုနှစ် ၀ါဆိုလပြည့်နေ့၌ ``သူသေနိမိတ်´´ ကိုလည်းကောင်း၊
ထိုနှစ် တန်ဆောင်မုန်းလပြည့်နေ့၌ ``သူနာနိမိတ်´´ ကိုလည်းကောင်း
ထိုနှစ် တပေါင်းလပြည့်နေ့၌ ``သူသေနိမိတ်´´ကိုလည်းကောင်း
မဟာသက္ကရာဇ်(၉၇)ခုနှစ် ၀ါဆိုလပြည့်နေ့၌ ``ရဟန်းနိမိတ်´´ကိုလည်းကောင်း အသီးသီးမြင်တော်မူပါသည်။
(နိမိတ်ကြီးလေးပါးကို တစ်နေ့ထဲမြင်ခြင်းမဟုတ်ပါ၊ လေးလတစ်ကြိမ် မြင်ခြင်းသာဖြစ်ပါသည်)

ရဟန်းနိမိတ်မြင်တော်မူသော ၀ါဆိုလပြည့်နေ့မှာပဲ ယသော်ဓရာမိဖုရားမှ သားတော်ရာဟုလာမင်းသားလေးကို ဖွားမြင်တော်မူပါသည်။
သားတော်ကို ကိုယ်တော်တိုင် ``ရာဟုလာ´´ဟု နာမည်ပေးတော်မူပါသည်။

မဟာသက္ကရာဇ်(၉၇)ခုနှစ် ၀ါဆိုလပြည့် တနင်္လာနေ့ညဥ့် သန်းခေါင်ယံအချိန်၌ (အိပ်ပျော်နေသော မိဖုရားနဲ့သားတော်လေးကို ကြည့်တော်မူပြီး) ဖွားဖက်တော် ``ဆန္ဒ´´အမတ်ကို နောက်တော်ပါခေါ်၍ ``ကဏ္ဍက´´မြင်းတော်ကိုစီး၍ တောထွက်တော်မူခဲ့ပါသည်။
`အနော်မာ´မြစ်ကမ်းသို့ရောက်သောအခါ ဆံတော်ကိုပယ်၍ ရဟန်းပြုတော်မူပါသည်။
(လမ်းခရီးကိုရှေ့မှပိတ်၍ မာရ်နတ်သည် `မင်းသားသည် ဒီနေ့မှစပြီးရေတွက်လျှင် ခုနှစ်ရက်မြောက်သောနေ့၌ စကြာင်္မင်းအဖြစ် ရောက်တော်မူပါလိမ့်မည် တောမထွက်ပါနှင့်´ ဟု လာတားပါသေးသည်)

ရဟန်းပြုတော်မူပြီးသော အလောင်းတော်ကို ၀ါဆိုလပြည့်ကျော် (၅)ရက်နေ့၌ `ဗိမ္ဖိသာရ´မင်းကြီးမှ `ပဏ္ဍ၀´တောင်ထိပ်၌ သူပိုင်ဆိုင်သော တိုင်းပြည်(အင်္ဂတိုင်းနှင့် မဂဓတိုင်းနှစ်ခု) အာဏာ စည်းစိမ် စစ်တပ်တို့ကို အလောင်းတော်အား လှုတော်မူပါသည်။ အလောင်းတော်က လက္ခံတော်မမူခဲ့ပါဘူး။ ဒီအခါမှာ မင်းကြီးက ဘုရားဖြစ်လျှင် သူ့တိုင်းပြည်ကို ပဌမဦးဆုံးကြွပေးဖို့ ပင့်ဖိတ်လိုက်ပါသည်။

ဒုက္ကရစရိယာကျင့်ပြီး (၆)နှစ်အကြာ မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ကဆုန်လဆန်း(၁)ရက်နေ့၌ `အတ္တကိလမထ´အကျင့်ကို ပယ်စွန့်တော်မူပါသည်။
ကဆုန်လဆန်း (၁၄)ရက်ညဥ့်၌ ``အိပ်မက်ကြီးငါးပါး´´ကို မက်တော်မူပါသည်။ ကိုယ်တော်တိုင် အတိတ်နိမိတ်ကောက်တော်မူပါသည်။

ကဆုန်လပြည့် ဗုဒ္ဒဟူးနေ့မနက်ခင်း၌ ``အဇပါလ´´ညောင်ပင်၏အောက်၌ ``သုဇာတာ´´သူဌေးကတော် လှုဒါန်းအပ်သော တစ်သိန်းတန်ရွှေခွက်နှင့် ထည့်ထားအပ်သော နို့ဃနာဆွမ်းကို ရွှေခွက်နှင့်တကွ ခံယူရရှိတော်မူပါသည်။
နို့ဃနာဆွမ်းကိုဘုဉ်းပေးပြီးသောအခါ၌ အဓိဋ္ဌာန်ပြု၍ ရွှေခွက်ကို ``နေရဉ္စရာ´´မြစ်၌ မျှောတော်မူပါသည်။

မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဒဟူးနေ့ နေမ၀င်မီပင် ``ဒေ၀ပုတ္တမာရ်´´ကို အောင်မြင်တော်မူပြီးနောက် ထိုနေ့ ညဥ့်ဦးယံဝယ် ``ပုဗ္ဖေနိဝါသနုဿတိဥာဏ်´´ မိုးသောက်ယံဝယ် ``အာသ၀က္ခယဥာဏ်´´တည်းဟူသော ``၀ိဇ္ဖာဥာဏ်´´သုံးပါးတို့ကို ရတော်မူ၍ ကဆုန်လပြည့်နေ့ မိုးသောက်ယံတွင် ``သဗ္ဖညုတဥာဏ်တော်´´ကို ရရှိတော်မူကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

ဘုရားအဖြစ်သို့ရောက်ရှိတော်မူပြီးနောက် ကဆုန်လပြည့်ကျော်(၁)ရက်နေ့ မနက်ခင်းအချိန်အခါဝယ် ``အနေကဇာတိသံသာရံ´´ စသော ဥဒါန်းတော်ကို အောင်မြင်ခံ့ညားစွာနဲ့ ကျူးရင့်တော်မူလိုက်ပါသည်။

သတ္တဋ္ဌာနစံတော်မူပြီး၍ ၀ါဆိုလဆန်း(၅) ရက် ဗုဒ္ဒဟူးနေ့တွင် ``ကြဇုသီး´´ ၀မ်းနှုတ်ဆေးဘုဉ်းပေးတော်မူ၍ ``တပုဿ´´(နောင်တော်) ``ဘလ္လိက´´(ညီတော်) တို့၏ ``မုန့်ကြွပ်ကျစ်နှင့် ပျားဆုပ်မုန့်´´တို့ကို အလှုခံတော်မူပါသည်။ ``ဒွေဝါစိကသရဏဂုံ´´ခံယူပြီးသော ညီနောင်နှစ်ဦးကို လက်ယာဘက်လက်တော်ဖြင့် ``ဆံတော်´´တို့ကို ချီးမြင့်တော်မူပါသည်။
(အဲဒီဆံတော်များသည် ရွှေတိဂုံစေတီတော်တွင် ယခုထိတိုင် သီးတင်းသုံးနေတော်မူဆဲဟု ပညာရှိသူတော်ကောင်း မထေရ်ကြီးတို့ထံမှ ပြောကြားခဲ့သည်ကို မှတ်သားခဲ့ဘူးပါသည်)

ဝါဆိုလဆန်း (၆)ရက် ကြာသပတေးနေ့ မနက်ခင်း၌ လင်းလွန်းပင်ရင်းမှ အဇပါလညောင်ပင်ရင်းသို့ တစ်ဖန်ကြွတော်မူပါသည်။ ညောင်ပင်ရင်း၌ ထိုင်တော်မူ၍ ``တရားမဟောတော့´´ဟု ကြံတော်မူပါသည်။ ``သဟမ္ဖတိ´´ဗြဟ္မာကြီးမှ တရားဟောပါရန် လာရောက်လျှောက်ထားတော်မူပါသည်။

ဝါဆိုလဆန်း(၁၄)ရက်နေ့အထိ ဗောဓိကုန်းအနီးပတ်ဝန်းကျင်၌ အလိုရှိတိုင်း သီတင်းသုံးတော်မူပြီး၍ ၀ါဆိုလပြည့်နေ့ မနက်ခင်းစောစောမှာ ပဉ္စ၀ဂ္ဂီတို့ကို တရားဦးဟောရန် မိဂါဝုန်တောသို့ ကြွချီတော်မူပါသည်။
မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ၀ါဆိုလပြည့် ညနေချမ်းအချိန်၌ မိဂဒါဝုန်တောသို့ ရောက်တော်မူပါသည်။

``မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ၀ါဆိုလပြည့် စနေနေ့ညနေချမ်းအချိန် အနောက်အရပ်သို့ အရောင်အ၀ါတို့ဖြင့်တောက်ပစွာ နေမင်းသည်ဝင်နေဆဲ အရှေကအရပ်က တောက်ပသောအရောင်အ၀ါတို့ဖြင့် လမင်းသည်ထွက်လာဆဲအချိန်တွင် `ဒွေမေ ဘိက္ခဝေ အန္တာ´ အစချီသော `ဓမ္မစက္ကပ၀တ္တနသုတ္တန်´ကို တရားဥိးဟောကြားသော ဘုရားရှင်၏ အသံတော်သည် ကမ္ဘာလောကအနှံ့အပြားသို့ စတင်ဖြန့်ကျက်လိုက်ပါတော့သည်´´

(သာယာအေးချမ်းလှသော ညနေချမ်းဝယ် လူနတ်ဗြဟ္မာတို့၏အကြားဝယ် တည်ငြိမ်အေးချမ်းစွာထိုင်တော်မူ၍ ဓမ္မစင်္ကြာတရားဟောနေဟန်ကို ဦးဇင်းစာရေးနေရင်းနဲ့ စိတ်ထဲကနေမှန်းမျှော်ကြည်ညိုပြိး ကြည်နူးလွန်းလို့ ကြက်သီးများ တစ်ဖြန်းဖြန်းထသွားမိပါသည်)

ဝါဆိုလပြည့်ကျော် (၅)ရက်နေ့၌ ``အနတ္တလက္ခဏသုတ္တန်´´ကို ဟောကြားတော်မူပါသည်။

ဝါဆိုလပြည့်ကျော်(၇)ရက်နေ့၌ ``အရှင်နာလက´´အား ``မောနေယျ´´အကျင့် ဟောကြားတော်မူပါသည်။

ဘုရားရှင်သည် ဘုရားဖြစ်ပြီး ``ပဌမဆုံးသောဝါကို´´ မိဂဒါဝုန်တော၌ ၀ါဆိုတော်မူပါသည်။ ၀ါကျွတ်၍ ပ၀ါရဏာပြုပြိးလျှင် မိဂဒါဝုန်တောမှ ဥရုဝေလတောသို့ ကြွတော်မူပြီး (၃)လပတ်လုံး သီးတင်းသုံးတော်မူပြီး တန်ခိုးပြာဋိဟာပေါင်း(၃၅၁၆)မျိုးတို့ကို ပြတော်မူပြိး ဥရုဝေလစသော ရသေ့တစ်ထောင်ကို ချေချွတ်တော်မူပါသည်။

ပြာသိုလပြည့်နေ့တွင် ရဟန္တာတစ်ထောင်ခြံရံကာ ရာဇဂြိုဟ်ပြည်သို့ ကြွကာ နှစ်လပတ်လုံး သီတင်းသုံးတော်မူပါသည်။
(ဗိမ္ဖိသာရမင်းကြိး၏ ဖိတ်ကြားချက်အရ ပဌမဆုံးကြွခြင်းဖြစ်သည်)

ပြာသိုလပြည့်ကျော်(၁)ရက်နေ့၌ မင်းကြိးမှ ``ဝေဠုဝန်´´ဥယျာဉ်တော်ကို လှုဒါန်းပါသည်။
ထိုနေ့မှာပဲ ကပိလ၀တ်နေပြည်တော်မှ ခမည်းတော်မင်းကြီးက သတင်းစကားကြားကာ အမတ်တစ်ထောင်ကို ဘုရားရှင်နေပြည်တော် သို့ ကြွတော်မူလာရန် အပင့်လွှတ်လိုက်ပါသည်။

ပြာသိုလပြည့်ကျော်(၂)ရက်နေ့၌ ``တိရောကုဋ္ဋသုတ္တန်´´ကို ဟောကြားတော်မူပါသည်။

တပိုတွဲလပြည့်နေ့၌ ဧဟိဘိက္ခု ဆဠဘိညဖြစ်တော်မူသော ရဟန္တာပေါင်း (၁၂၅၀)တို့ကို ``သြ၀ါဒပါတိမောက်´´ပြတော်မူပြီး ``အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့ကို `အဂ္ဂသာဝက´ ရာထူး အပ်နှင်းတော်မူပါသည်။

တပေါင်းလပြည့်နေ့၌ ``အရှင်ကာဠုဒါယီ´´မထေရ်သည် မြတ်စွာဘုရားအား ကပိလ၀တ်နေပြည်တော်သို့ ကြွတော်မူရန် ``အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ´´စသော ဂါထာခြောက်ဆယ်တို့ဖြင့် ပင့်လျှောက်တော်မူပါသည်။

မဟာသက္ကရာဇ်(၁၀၃)ခုနှစ် တပေါင်းလပြည့်ကျော်(၁)ရက်နေ့တွင် ရာဇဂြိုဟ်မှ ကပိလ၀တ်သို့ စတင်ထွက်ခွါတော်မူခဲ့ပါသည်။

မဟာသက္ကရာဇ်(၁၀၄)ခုနှစ် ကဆုန်လပြည့်ကျော်(၁)ရက်နေ့၌ ကပိလ၀တ်နေပြည်တော်သို့ ရောက်ရှိတော်မူပါသည်။
(ရာဇဂြိုဟ်နှင့် ကပိလ၀တ်တို့သည် ယူဇနာပေါင်း(၆၀)ဝေးကွာပါသည်။ ဘုရားရှင်သည် တစ်နေ့လျှင် တစ်ယူဇနာနှုန်းဖြင့် ကြွတော်မူရာ နှစ်လကြာမှ ကပိလ၀တ်နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်ပါသည်)

အဲဒီနေ့မှာပဲ ဆွေတော်မျိုးတော်များရဲ့ သန်မာလှသော မာနကိုချိုးနှိမ်ဖို့ရန် ရေမီးအစုံစုံ တန်းခိုးပြာဋိဟာကို ပြတော်မူပါသည်။

တန်ခိုးပြာဋိဟာပြနေစဉ် အရှင်သာရိပုတ္တရာသည် ဂိဇ္ဈကုဋ်တောင်မှ ရဟန္တာငါးရာနှင့် ကြွလာတော်မူပြီး ဘုရားရှင်အား ``ဗုဒ္ဒ၀င်´´ (ဘုရားဖြစ်တော်စဉ်) ဒေသနာတော် ဟောပါရန်တောင်းပန်သည့်အတွက် ``ကပ္ဖေစ သတသဟေဿ´´ အစရှိသော ဂါထာပေါင်း(၉၅၁)ဂါထာဖြင့် ဗုဒ္ဒ၀င်ကို ဟောတော်မူပါသည်။

ဒေသနာတော်အဆုံး၌ ``ပေါက္ခရ၀ဿမိုးကြီး´´ ရွာသွန်းလိုက်ပါတော့သတည်း။ (ပထမပိုင်း ပြီးပြီ)


(ဒုတိယပိုင်း)

မဟာသက္ကရာဇ် (၁၀၄)ခုနှစ် ကဆုန်လပြည့်ကျော်(၂)ရက်နေ့ ဘုရားရှင်သည် ကပိလ၀တ်နေပြည်တော်မှာ ပဌမဦးဆုံးအဖြစ် (ဘုရားရှင်အစဉ်အဆက်တို့၏ ဓမ္မတာကို မစွန့်သောအားဖြင့်) ဆွမ်းခံလှည့်လည်တော်မူပါသည်။
ဆွမ်းခံကြွနေတဲ့ဘုရားရှင်ကို ယသော်ဓရာမိဖုရားဟာ လေသောက်ပြတင်းမှ မြင်ပြီး ``နရသီဟ(၁၀)´´ဂါထာဖြင့် ဘုရားရှင်၏ ရူပကာယ ဂုဏ်ကျေးဇူးများကို ဖော်ကျူးမြွက်ဆိုလိုက်ပါတေ့တယ်။
အဲဒီနေ့မှာပဲ သားတော်ရာဟုလာမင်းသားလေးသည် ဖခည်းတော်ဘုရားရှင်ကို ပဌမဆုံးအကြိမ် မြင်တွေ့ခွင့်ရပါသည်။
(ဆွမ်းခံကြွနေတဲ့ ဘုရားရှင်ကို ယသော်ဓရာမိဖုရားမှ အဲဒီရှေ့ဆုံးကသူဟာ သင့်ဖခည်းမည်းတော်ဖြစ်တယ်လို့ ပြောပြတာပါ)

ဒီနေ့မှာပဲ ခမည်းတော် သုဒ္ဒေါဒနမင်းကြီး သောတာပန် သကဒါဂါမ် အဆင့်ဆင့်တည်ပြီး မိထွေးတော်ဂေါတမီသည် သောတာပန်တည်သွားခဲ့ပါသည်။ တစ်ဖန် ဒီနေ့မှာပဲ ယသော်ဓရာ၏ ဂုဏ်ကျေးဇူးတို့ကို ဖော်ကျူးသောအားဖြင့် ``စန္ဒကိန္နရီဇာတ်တော်´´ ကို ဟောကြားတော်မူပါသည်။

ကဆုန်လပြည့်ကျော် (၃)ရက်နေ့၌ ညီတော်နန္ဒမင်းသားကို ရဟန်းပြုပေး၍ လပြည့်ကျော်(၇)ရက်နေ့၌ အမွေးတောင်းလာသော သားတော်ရာဟုလာမင်းသားလေးကို ရှင်သာမဏေပြုပေးလိုက်ပါသည်။

(ဘုရားရှင်၏ ဆွေတော်မျိုးတော်တို့သည် အဖေဘက်မှ ရှစ်သောင်း အမေဘက်မှ ရှစ်သောင်း ပေါင်း တစ်သိန်းခြောက်သောင်းရှိပါသည်။)

ဘုရားရှင်သည် ကပိလ၀တ်နေပြည်တော်မှ ပြန်ကြွ၍ ဝေဠုဝန်ကျောင်းတိုက်၌ ဒုတိယ၀ါဆိုတော်မူပါသည်။ ဤ၀ါတော်အတွင်းမှာပဲ သာကီဝင်မင်းသာ(၆)ယောက်မှ အရှင်ဘဒ္ဒိယသည် ရဟန္တာဖြစ်တော်မူပါသည်။
ဤဒုတိယ၀ါတော်အတွင်းမှာပဲ သားတော်ရာဟုလာအား ``အမ္ဖလဋ္ဌိကရာဟုလောဝါဒသုတ္တန်´´ကို ဟောတော်မူပါသည်။

တစ်ခါ အနာထပိဏ်သူဌေးကြီးနှင့်လည်း ဤဒုတိယ၀ါဆိုပြီးသော (၀ါကျွတ်သောအချိန်လောက်) နှစ်မှာပင် တွေ့တော်မူ၍ ``သာမုက္ကံသိက´´ဒေသနာတော်ဟောကြားရာ အနာထပိဏ်သူဌေးကြီး သောတာပန်တည်သွားခဲ့ပါသည်။

ဤသို့လျှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်.......

(၁)ပဌမ၀ါတော်ကို မိဂဒါဝုန်တော်၌လည်းကောင်း

(၂. ၃. ၄ )ဒုတိယ တတိယ စတုတ္ထ၀ါတော်တို့ကို ဝေဠုဝန်ကျောင်းတော်၌လည်းကောင်း

(၅) ပဉ္စမ၀ါတော်ကို မဟာဝုန်တော်၌လည်းကောင်း

(၆) ဆဋ္ဌမ၀ါတော်ကို မကုဠချယားတော၌လည်းကောင်း (အညာမှာ ခရေပင်ကို ချယားပင်ဟုခေါ်ဆိုကြပါသည်)

(၇) သတ္တမ၀ါတော်ကို (မယ်တော်ဖြစ်ခဲ့ဘူးသော နတ်သားအား ကျေးဇူးဆပ်သောအားဖြင့်) အဘိဓမ္မာတရားတော်ဟောကြားရင်း တာဝတိသာနတ်ပြည်၌ လည်းကောင်း

(၈) အဋ္ဌမ၀ါတော်ကို သုသုမာရဂိရပြည် ပဲစင်းငုံဘေးမဲ့တော၌လည်းကောင်း

(၉) န၀မ၀ါတော်ကို ကောသမ္ဖီပြည် ဃောသိတာရုံကျောင်း၌လည်းကောင်း

(၁၀) ဒသမ၀ါတော်ကို (ပါလိလေယျကဆင်းမင်း၏ ပြုစုလုပ်ကျွေးမှုကို ခံယူတော်မူ၍) ပါလိလေယျကတောအုပ်၌လည်းကောင်း

(၁၁) ဧကာဒသမ၀ါတော်ကို နာဠပုဏ်ဏားရွာ နာဠိကာရုံကျောင်းတိုက်၌လည်းကောင်း

(၁၂) ဒွါဒသမ၀ါတော်ကို ဝေရဉ္ဖာပြည် တမာပင်၏အနီး၌လည်းကောင်း

(၁၃) တေရသမ၀ါတော်ကို စာလီယပြည် ဇန္တုရွာ စာလီယတောင်ကျောင်း၌လည်းကောင်း

(၁၄) စုဒ္ဒမ၀ါတော်ကို ကောသလတိုင်း သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌လည်းကောင်း

(၁၅) ပန္နရသမ၀ါတော်ကို သက္ကတိုင်း ကပိလ၀တ်၌လည်းကောင်း (ဘုရားရှင်သည် ပဌမအကြိမ် ကပိလ၀တ်ကြွတော်မူခဲ့စဉ်က ၀ါမဆိုခဲ့ပါ)

(၁၆) သောဠသမ၀ါတော်ကို အာဠာဝီပြည် အဂ္ဂါဠ၀နတ်ကွန်း၌လည်းကောင်း

(၁၇) သတ္တရသမ၀ါတော်ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌လည်းကောင်း

(၁၈. ၁၉) အဋ္ဌာရသမ၀ါတော်နှင့် ဧကူန၀ီသတိမ၀ါတော် နှစ်ဝါဆက်တိုက်ကို စာလီယတောင်ကျောင်း၌လည်းကောင်း

(၂၀) ၀ီသတိမ၀ါတော်ကို ဝေဠုဝန်ကျောင်း၌လည်းကောင်း

(ဤကား ပဌမဗောဓိအတွင်း အနိဗဒ္ဒ(အမြဲမရှိသော) ၀ါဆိုတော်မူရာ ဌာနများဖြစ်ကြပါသည်)

ထိုနောင် (၂၁-၄၄) အထိ ၀ါတော်များကို ကောသလတိုင်း သာဝတ္ထိပြည်၌ရှိသော ဇေတ၀န်ကျောင်းတော် ပုဗ္ဖာရုံကျောင်းတော်တို့၌ အမြဲသီးတင်းသုံး၍ ၀ါကပ်တော်မူပါသည်။

(ဘုရားရှင်သည် ချေချွတ်ထိုက်သည့် ဝေနေယျသတ္တ၀ါများရာဒေသတို့၌ ၀ါဆိုဝါကပ်ပြုတော်မူပါသည်။ ဘုရားရှင်သည် ၀ါဆိုရာအရပ်၌ ၀ါဆိုလပြည့်ကျော်(၁)ရက်နေမှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ လေးလပတ်လုံးသီးတင်းသုံး၍ ကျန်ရှစ်လပတ်လုံး ဝေနေယျတို့အ ကျိုးငှါ ဒေသစာရီကြွချီတော်မူပါသည်။

သက္ကရာဇ် (၁၀၃)ခုနှစ်၌ ပဌမ၀ါ သက္ကရာဇ် (၁၀၄)ခုနှစ်၌ ဒုတိယ၀ါ စသည်ဖြင့် သက္ကရာဇ်နှင့်ဝါတော်တို့ကို အစဉ်အတိုင်းသိတော်မူကြပါ)

ဤသို့လျှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် နှစ်ပေါင်း(၄၄)နှစ်ကာလပတ်လုံး ဝေနေယျတို့အား မနေမနားတရားရေအေး အမြိုက်ဆေးတိုက်ကျွေးတော်မူပါသည်။ (ဒုတိယပိုင်းပြီးပြီ)


(တတိယပိုင်း)

ဘုရားရှင်သည် ဝေနေယျသတ္တ၀ါတို့ကိုချေချွတ်ရင်း ဝေသာလီပြည်အနီး၌ရှိသော ဝေဠုဝရွာငယ်လေးသို့ ဆိုက်ရောက်တော်မူ လာခဲ့ပါသည်။

မဟာသက္ကရာဇ်(၁၄၇)ခုနှစ် ၀ါဆိုလပြည့်နေ့လောက်တွင် ရဟန်းတော်တို့အား ဝေသာလီပြည်အနီးရှိ အသိမိတ်ဆွေရဟန်းများရှိသော ကျောင်းတိုက်တို့၌ သွားရောက်ဝါဆိုခိုင်းတော်မူပါသည်။
(ဝေဠုဝရွာဟာ ရွာငယ်လေးမို့ ရဟန်းတော်များအတွက် ဆွမ်းအလုံအလောက်မရရှိနိုင်လို့ပါ)

ဝါဆိုပြီးမကြာခင်မှာပင် (ဆယ်ရက်အတွင်းလောက်) ဘုရားရှင်အားချက်ခြင်း ပရိနိဗာန်စံလောက်တဲ့ ဝေဒနာဆိုးကြီးဖြစ်ပေါ်လာခဲ့ပါသည်။ ထိုဝေဒနာအား ဖလသမာပါတ်ဝင်စား၍ (၁၀)လအတွင်း တဖန်ပြန်မဖြစ်ပါစေသား ဟု အဓိဋ္ဌာန်ပြု၍ တားမြစ်တော်မူပါသည်။
(အကျယ်သိလိုက မင်းကွန်းဆရာတော်ကြီး၏ မဟာဗုဒ္ဒ၀င်တော်ကြီး ပဉ္စမတွဲ စာမျက်နျာ-၃၀၉တွင် ဖတ်ရှု့နိုင်ပါသည်။)

ဘုရားရှင်သည် ၀ါကျွတ်လျှင် သာဝတ္ထိမြို့သို့ တစ်ဖန်ပြန်ကြွတော်မူပါသည်။ တန်ဆောင်မုန်းလဆန်း (၈)ရက်နေ့လောက်တွင် သာဝတ္ထိသို့ ရောက်တော်မူပါသည်။

အရှင်သာရိပုတ္တရာသည် မိမိ၏အသက်ကိုဆင်ခြင်ကြည့်ရာ ခုနှစ်ရက်သာကျန်တော့ကြောင်း သိတော်မူ၍ ဘုရားရှင်အားခွင့်ပန်ကာ မိမိမွေးဖွားရာဇာတိဖြစ်သော ရာဇဂြိုဟ်ပြည်နယ် နာဠကရွာသို့ (၇)ရက်ဖြင့် အရောက်ကြွတော်မူပါသည်။ မယ်တော်ကြီးအား သောတာပန်တည်စေတော်မူကာ တန်ဆောင်မုန်းလပြည့်နေ့ နံနက်စောစောအချိန်၌ ပရိနိဗာန်ပြုတော်မူပါသည်။

အရှင်မဟာမောဂ္ဂလာန်သည် ရာဇဂြိုဟ်ပြည် က္ကသိဂိလိတောင်ယံ ကာဠသိယာကျောက်ဖျာထက်၌ တန်ဆောင်မုန်းလကွယ်နေ့တွင် ပရိနိဗာန်စံဝင်တော်မူပါသည်။

မှတ်ချက်။ ။ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၌ ကဆုန်လပြည့်နေ့၌ ဘုရားဖြစ်တော်မူပါသည်။ ထိုနှစ် တပိုတွဲလဆန်း (၁)ရက်နေ့၌ အဂ္ဂသာဝကနှစ်ပါး ရဟန်းပြုကြ၍ လဆန်း(၇)ရက်နေ့၌ အရှင်မောဂ္ဂလာန် ရဟန္တာဖြစ်တော်မူ၍ လပြည့်နေ့၌ အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်တော်မူရာ ဘုရားရှင် (၄၅)၀ါရပြီးသည်ဖြစ်ရာ အဂ္ဂသာဝကနှစ်ပါးသည်လည်း (၄၄)၀ါဆီ ရပြီးဖြစ်ကြပါသည်။

ဘုရားရှင်သည် တပေါင်းလပြည့်နေ့၌ ဝေသာလီပြည် စာပါလစေတီ၌ အရှင်အာနန္ဒာအား ပရိနိဗာန်စံဝင်တော့မည့် အရိပ်နိမိတ်များ သုံးကြိမ်သုံးခါပြတော်မူပါသည်။
(သို့သော် မာရ်နတ်၏နှောက်ယှက်လှည့်ဖြားခြင်းကို ခံထားရသောကြောင့် အရှင်အာနန္ဒာသည် မရိပ်မိခဲ့ပါ)

မကြာခင် (အရှင်အာနန္ဒာ ဘုရားရှေ့မှထွက်သွားပြိး မကြာသောအချိန်လေးမှာ) မာရ်နတ်သည် ဘုရားရှင်ပရိနိဗာန်စံဝင်ဖို့ လာရောက်လျှောက်ထားပါသည်။ မာရ်နတ်ပြန်သွားပြီးမကြာခင်မှာ အာယုသခါင်္ရလွှတ်တော်မူပါသည်။

လပြည့်ကျော်(၁)ရက်နေ့၌ ဝေသာလီပြည်ကို နောက်ဆုံးကြည့်တော်မူခြင်းဖြင့် ကြည့်တော်မူပါသည်။

မဟာသက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့် အဂါင်္နေ့နံနက်ခင်းတွင် ပါဝါပြည် စုန္ဒရွှေပန်းထိမ်သည်၏ သူကရမဒ္ဒ၀မည်သော ဆွမ်းကိုဘုဉ်းပေးတော်မူပါသည်။
(ဤဆွမ်းကား ဘုရားရှင်နောက်ဆုံးဘုဉ်းပေးတော်မူသော ဆွမ်းဖြစ်ပါသည်။ ဤမှနောက်၌ ပရိနိဗာန်စံဝင်သည့်တိုင်အောင် ဆွမ်းမဘုဉ်းပေးတောပါ)

ဘုရားရှင်သည်စုန္ဒရွှေပန်းထိမ်သည်၏ ဆွမ်းကိုဘုဉ်းပေးပြီးသောအခါ ကုသိနာရုံပြည်သို့ ကြွတော်မူပါသည်။ လမ်းခရီးအကြား၌ ပုက္ကုသ-မလ္လမင်းသားသည်လှုအပ်သော သင်္ကန်းကိုလှုခံရရှိတော်မူပါသည်။(ဤသင်္ကန်းကို ၀တ်ရုံခြင်းသည် ဘုရားရှင်၏ နောက်ဆုံးတင့်တယ် စံပါယ်တော်မူခြင်းဖြစ်ပါသည်)

ဘုရားရှင်သည် ကကုဓာမြစ်သို့ရောက်သောအခါ ရေချိုးတော်မူပါသည်။ (ဘုရားရှင်၏ နောက်ဆုံးရေချိုးခြင်းဖြစ်ပါသည်)

ဘုရားရှင်၏ ရေသနုပ်တော်လှန်းပြီးပြန်လာသော အရှင်အာနန္ဒအား ``ချစ်သားအာနန္ဒာ `တစ်စုံတစ်ယောက်သောသူသည် အချင်းစုန္ဒ သင်၏ဆွမ်းကို နောက်ဆုံးဘုဉ်းပေးတော်မူ၍ ဘုရားရှင် ပရိနိဗာန်ပြုတော်မူရသည် သင့်အား လာဘ်မကောင်းလေစွ အရမတော်မလေစွ ´ ဟုပြောကြားကြလျှင် စုန္ဒသည်နှလုံးမသာမယာဖြစ်လိမ့်မည်။ သင်ချစ်သားသည် ထိုအခါ၌ ဤကဲ့သို့ တရားဟောပါဟု နည်းလမ်းပေးတော်မူပါသည်။

ဤသို့လျှင် (ညနေစောင်းလောက်) ကုသိနာရုံပြည် အင်ကြင်းတော၌ ရောက်တော်မူလာသော ဘုရားရှင်သည်---

သံဝေဇနိယလေးဌာနတို့ကို ဟောကြားတော်မူခြင်း
အရှင်အာနန္ဒာမေးလျှောက်သော အသေးစိတ်မေးခွန်းတို့ကို ဖြေကြားတော်မူခြင်း
စေတီတည်ထိုက်သော ပုဂ္ဂိုလ်လေးမျိုးကို ဟောကြားတော်မူခြင်း
မဟာသုဒဿနသုတ္တန်တော်ကြီးကို ဟောကြားတော်မူခြင်း
အရှင်အာနန္ဒာ၏ ဂုဏ်ကျေးဇူးများနှင် အံ့ဖွယ်ဂုဏ်လေးပါးကို ဟောကြားတော်မူခြင်း
သုဘဒ္ဒပရဗိုဇ်အား ချေချွတ်တော်မူခြင်း
နောက်ဆုံးသြ၀ါဒတော်မြွက်ကြားတော်မူခြင်းစသော လုပ်ငန်းပေါင်းများစွာကို ပရိနိဗာန်မပြုခင် အချိန်ပိုင်းလေးအတွင်းမှာ အံ့မခန်းလုပ်ဆောင်တော်မူပါသည်။

ဘုရားရှင်သည် ``ရဟန်းတို့ တစ်စုံတစ်ယောက်သော ရဟန်း၏စိတ်ဝယ် `ဘုရားဟုတ်လေသလော ဘုရားမဟုတ်လေသလော
တရားကောင်း ဟုတ်လေသလော တရားကောင်းမဟုတ်လေသလော
သံဃာစစ်ဟုတ်လေသလော မဟုတ်လေသလော
နိဗာန်ရောက်ကြောင်းမဂ်အစစ် ဟုတ်လေသလော မဟုတ်လေသလော´ ဟု ဘုရား၌ဖြစ်စေ တရား၌ဖြစ်စေ သံဃာ၌ဖြစ်စေ အကျင့်၌ဖြစ်စေ မဂ်၌ဖြစ်စေ ယုံမှားသံသယရှိနေလျှင် မေးမြန်းကြလော့ `ဘုရားရှင်ကို ငါတို့မိလိုက်ပါရဲ့နဲ့ မမေးရဲလို့ မမေးလိုက်ရဘူးလို့ သင်ချစ်သားတို့အား နောင်တတစ်ဖန်ပူပန်ခြင်းမဖြစ်ရအောင် မေးကြလော့´´ ဟု သုံးကြိမ်သုံးခါ မိန့်ကြားတော်မူပါသည်။ ရဟန်းတော်အားလုံးသည် ဆိတ်ဆိတ်သာနေတော်မူကြပါသည်။

ဒီအခါမှာဘုရားရှင်က ``သင်တို့သည် ငါတို့ကား ဘုရားရှင်၏တပည့်သားများဖြစ်ကြသည်။ ငါတို့၏ ပစ္စည်းလေးပါးတို့သည် ဘုရားရှင်၏ ဥစ္စာတို့သည်ဖြစ်ကြသည် စသဖြင့်တွေးပြီး ဘုရား၌ရိုသေခြင်းကြောင့် မမေးရဲကြဘူးဆိုရင် အနားမှာရှိတဲ့ကိုယ့်အချင်းချင်းကို မေးကြပါ´´ လို့ မိန့်ကြားတော်မူပြန်ပါသည်။
(ဘုရားရှင်၏ စိတ်သဘောထားသည်ကား ကြီးကျယ်မြင့်မြတ်တော်မူပါပေစွတကား)

ဤသို့လျှင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် နောက်ဆုံးသြ၀ါဒများမိန့်ကြားတော်မူကာ ``မမေ့မလျော့သော သတိတရားဖြင့် သင်ချစ်သားတို့ နေထိုင်ကြလော့´´ဟု နောက်ဆုံးရဲ့နောက်ဆုံးဖြစ်သော သြ၀ါဒတော်ကိုမိန့်ကြားတော်မူကာ ``မဟာသက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့် အဂ်ါနေ့ညဥ့်သန်းလွဲ ပစ္ဆိမယံ၌ မလ္လတိုင်း ကုသိနာရုံပြည် အနီး အင်းကြင်းတော၌ ပရိနိဗာန်စံဝင်တော်မူ ခဲ့ပါသည်။

..............................................................................အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)


(စာစီစာရိုက် ကောင်းကောင်းမတတ်ခင် လွန်ခဲ့နှစ်နှစ်ခန့်က စာရိုက်ခဲ့တဲ့ပို့စ်မို့ တချို့စာလုံးပေါင်းတွေ မှားနေပါတယ်။ အချိန်ရမှ ပြန်ပြင်ပေးပါမယ်)
ဆက်လက်ဖတ်ရှူရန် »

မန္တလေး၌ သာသနာတော်အား သုတ်သင်သန့်ရှင်းရေးကို စတင်ဆောင်ရွက်နေပြီ..

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့၏ သြဝါဒကို ခံယူလျက် ချမ်းအေးသာစံမြို့နယ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (သ.ထ.ဖ) ဆရာတော်များက စက်တင်ဘာ ၅ ရက်ည ၁၀ နာရီခွဲအချိန်တွင် ၈၅ လမ်း၊ ၂၉ လမ်းနှင့် ၃၀ ကြားတွင် တုတ်ကိုင်ရမ်းကားနေသော ရဟန်းနှစ်ပါးအား လူဝတ်လဲစေပြီး အရေးယူပေးရန် သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ အရေးယူဆောင်ရွက်ရသည့် အကြောင်းမှာ သာသနာတော်ကို ညှိုးနွမ်းအောင် ပြုလုပ်ခြင်းကြောင့် ဖြစ်ပြီး ဆက်လက်၍လည်း မိမိတို့ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သ.ထ.ဖ အဖွဲ့မှ ဆရာတော်များက မိန့်ကြားသည်။

ထို့အပြင် စက်တင်ဘာ ၂ရက်က မန္တလေးဈေးချိုအနီးတွင် အသက်ကြီးမှ ရဟန်းဝတ်ကာ ခြေကျိုးချင်ယောင်ဆောင်ပြီး အလှူခံနေသော ကိုယ်တော်တစ်ပါးကို လူဝတ်လဲစေခဲ့ကြောင်း၊ ယင်းနေ့က ဈေးချိုတော်တွင် အလှူခံနေသော ရဟန်းခုနစ်ပါး၊ သာမဏေ ၁၅ ပါး၊ သီလရှင်လေးပါး အားလည် ဝိနည်းတော်နှင့် အညီ အရေးယူခဲ့ကြောင်း အထက်ပါ ဆရာတော်များက မိန့်သည်။

ဆက်လက်၍ လည်း မန္တလေးဘူတာကြီးအတွင်း ကျိန်းစက်နေခြင်းနှင့် ရထားပေါ်တွင် အလှူခံစာအိတ်ပေးကာ အလှူခံခြင်းများ ပြုလုပ်သော ရဟန်းများ၊ သာမဏေများကိုလည်း လူဝတ်လဲစေခြင်း၊ ဝိနည်းတော်နှင့် အညီ အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သ.ထ.ဖ အဖွဲ့မှ ဆရာတော်များက မိန့်ကြားသည်။

အဆိုပါ ထိန်းသိမ်းအရေးယူခဲ့သော ရဟန်းများမှာ ငယ်ဖြူများမဟုတ်ကြဘဲ သာသနာတော်ကို ခုတုံးလုပ်ကာ အများပြည်သူနှင့် သာသနာတော်ကို ငြိုငြင်အောင် ပြုမူရမ်းကားသူများဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် သံဃနာယက အဖွဲ့ထံမှ သတင်းရရှိကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဆက်လက်ဖတ်ရှူရန် »