Sunday, May 6, 2012

အချစ်တတ်ဆုံး မိန်းမသား..

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာဥာဏိဿရဟာ လောကအကျိုးပြု ပရဟိတ လုပ်ငန်းတွေ အများအပြားကို လုပ်ကိုင်ဆောင်ရွက်ရင်း သာသနာ့အကျိုး လောကအကျိုးကို ကိုယ်ကျိုးမဖက် အများကျိုးသက်သက်အတွက် ဆောင်ရွက်နေတယ်ဆိုတာ လူတိုင်းသိကြပြီးသားပါ။


ဆရာတော်ဘုရားကြီးဟာ အခမဲ့မျက်စိအထူးကုဆေးရုံတွေကို တိုင်းဒေသကြီးတိုင်း ပြည်နယ်တိုင်းမှာ ဖွင့်လှစ်ပေးထားပါတယ်။  အခမဲ့မျက်စိအထူးကုဆေးရုံပေါင်း ၁၃ခု ဖွင့်လှစ်ပြီးပါပြီ။

ရန်ကုန်မှာလဲ အခမဲ့မျက်စိအထူးကုဆေးရုံတည်ဆောက်ဖို့အတွက် နေရာမြေကွက်ရရှိပြီးဖြစ်ပါတယ်။ မကြာမီ အချိန်အတောအတွင်းမှာ တည်ဆောက်တော့မှာ ဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့ မျက်စိဆေးရုံများမှာ လူမျိုးမရွေး ဘာသာမရွေး မျက်စိရောဂါများ ပျောက်ကင်းသည်အထိ အခမဲ့ကုသပေးပါတယ်။

မြစ်ကြီးနားမှာ ဆရာတော်ကြီးဖွင့်လှစ်ထားတဲ့ မျက်စိဆေးရုံမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးကို ပြောပြချင်ပါတယ်။

အသက် (၁၀၂)နှစ်ရှိပြီး သားသမီးဆွေမျိုး ကျောထောက်နောက်ခံ လုံးဝမရှိတဲ့ မျက်စိမမြင်ရတော့တာ နှစ်ပေါင်းသုံးဆယ်ရှိပြီဖြစ်တဲ့ ရ၀မ်လူမျိုးအဘွားကြီးတစ်ယောက်ဟာ မြစ်ကြီးနားသီတဂူဆေးရုံကို မျက်စိလာရောက်ပြသပါတယ်။ အဘွားဟာ အသက်ရာကျော်နေပြီ ဖြစ်ပေမယ့် ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ရယ်ပါ။

မျက်စိအထူးကုဆရာဝန်ကြီး ဦးစံအေးက အဘွားရဲ့မျက်စိဟာ ခွဲစိတ်ကုသလိုက်ရင် ပြန်ကောင်းမှာမို့ ခွဲစိတ်ကုသဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မျက်စိခွဲခန်းထဲ ၀င်ခါနီးတော့ ``ခွဲပြီးရင် သူ့မျက်စိဟာ တကယ်ပြန်မြင်ရမှာလား´´လို့ အဘွားက မေးပါတယ်။

မျက်စိအထူးကုဆရာဝန်ကြီး ဦးစံအေး ``ခွဲပြီးသွားရင် တကယ်ပြန်မြင်ရမှာပါ အဘွား´´လို့ အဖြေပေးလိုက်ပါတယ်။

ဆရာဝန်ကြီးရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာ အဘွားဟာ မျက်ရည်ဖြိုင်ဖြိုင်ကျအောင် ငိုကြွေးပါတော့တယ်။ ဘာဖြစ်လို့ ငိုရတာလဲ အဘွားလို့ ဆရာဝန်ကြီးက မေးပါတယ်။

``သူမျက်စိ ကန်းပြီးတဲ့ နောက်ပိုင်းကာလမှ သူ့ယောကျာင်္းဟာ သေဆုံးသွားခဲ့တာ။ ဒါကြောင့် သူ့ယောကျာင်္းအလောင်းကိုတောင် သူမမြင်လိုက်ရဘူး။ သူ့ယောကျာင်္းသာ သူ့လိုမျိုး အသက်ရှည်မယ်ဆိုရင် သူ့ယောကျာင်္းကို သူပြန်မြင်ရဦးမယ်။ အခုတော့ မျက်စိပြန်မြင်ရမယ်ဆိုပေမယ့် သူ့ယောကျာင်္းကို မြင်တွေ့ခွင့်မရှိတော့ဘူး။ ဒါကြောင့် သူ့ယောကျာင်္းကို လွမ်းလို့ ငိုတာပါ´´လို့ အဘွားက ပြန်ဖြေပါတယ်။

အဘွားရဲ့ ချစ်ခြင်းမေတ္တာကို ကြားသိလိုက်ရတော့ ငါ့ဘ၀မှာ အချစ်သာလျှင် ပဓာနလို့ ကြွေးကြော်ပြီးတော့ ဟောတစ်ယောက် ဟောတစ်ယောက် ထည်လဲတွဲနေကြတဲ့ လူငယ်တွေကို သတိရလိုက်တာ..။

...............................................................................................မိုးသု(မန္တလေး)
ဆက်လက်ဖတ်ရှူရန် »

တဏှာနဲ့ဆန္ဒ...

(တပည့်တော် သိချင်တာက ဆန္ဒ ဆိုတဲ့စကားရဲ့အဓိပ္ပါယ် နဲ့  တဏှာဆိုတဲ့ စကားရဲ့အဓိပ္ပါယ် ကိုခွဲခြားသိလိုပါသည်ဘုရား...)

တဏှာ ပေမ ရာဂဆိုတဲ့ အမည်တွေက လောဘရဲ့ အမည်ခွဲတွေဖြစ်တယ်။ အမှန်ကတော့ လောဘတစ်ခုထဲပါပဲ။ အခြေအနေအချိန်အခါ လိုက်ပြီးတော့ လောဘကို နာမည်ခွဲလေးပေးပြီးတော့ သုံးထားတာပါ။

ဒီတော့မှတ်ထားရမှာက လောဘနဲ့တဏှာက အမည်သာကွဲတယ်။ တစ်ခုထဲပဲဆိုတာပဲ။

ဆန္ဒဆိုတာက ကတ္တုကမျတာလက္ခဏာလိုဆိုတဲ့ တစ်စုံတစ်ခုကို ပြုလိုကာမျှ ရလိုရုံမျှလေးပဲဖြစ်တယ်။

တဏှာကတော့ အာရမ္မဏေ အဘိသင်္ဂလက္ခဏလို့ဆိုတဲ့ အာရုံတို့၌ တပ်မက်သောအားဖြင့် ငြိကပ်ခြင်း သဘောတရားရှိတယ်။

ထမင်းကို ခုနှစ်ရက်လောက် မစားရတဲ့သူက ထမင်းကို တပ်မက်ငတ်မွတ်သလို တဏှာဟာ အာရုံတွေကို တပ်မက်ငတ်မွတ်တယ်။ ငြိကပ်တယ်။ သူတပ်မက်ငတ်မွတ်တဲ့ အာရုံအပေါ်ကနေ မခွဲနိုင်မခွါနိုင်ဘူး။

ဆန္ဒဆိုတာကတော့ ဒီလိုမဟုတ်ဘူး။ ဆန္ဒဟာ တဏှာလို တပ်မက်ငတ်မွတ်ခြင်းမရှိဘူး။ ဆန္ဒဟာ ပြုလိုရုံမျှ ရလိုရုံမျှလေးပဲ။ တဏှာလို ပြုကိုပြုရမယ် ပြုလိုက်ရမှကို ဖြစ်မယ်ဆိုတဲ့ သဘောတရားမျိုး ဆန္ဒမှာမရှိဘူး။

သစ်သားပြားနှစ်ချပ်ကို ဒီအတိုင်းလေး ဘာမှမပါပဲ ပူးထားလိုက်တာဟာ ဆန္ဒရဲ့ သဘောလက္ခဏဖြစ်တယ်။ သစ်သားပြားနှစ်ချပ်ကို အသားကပ်ကော်သုတ်ပြီးတော့ ပူးထားလိုက်တာဟာ တဏှာဖြစ်တယ်။

ဘာမှမပါပဲ ပူးထားတဲ့ သစ်သားပြားနှစ်ချပ်ကို ပြန်ခွဲလိုက်ရင် ဘာဒဏ်ရာဒဏ်ချက်မှ မရသလို အလွယ်တကူလဲ ခွဲလို့၇တယ်။ အသားကပ်ကော်သုတ်ပြီးတော့ ပူးထားတဲ့ သစ်သားပြားနှစ်ချပ်ကို ခွဲထုတ်လိုက်ရင် ဒဏ်ရာဒဏ်ချက်တွေ ရသလို ခွဲထုတ်ရတာလဲ အင်မတန်ခက်ခဲတယ်။

ဒီလိုပဲ ဆန္ဒဖြစ်ရင် ဆန္ဒဖြစ်တဲ့သူမှာ ဒဏ်ရာဒဏ်ချက်မဖြစ်နိုင် မရနိုင်ဘူး။ ဒီဆန္ဒကို သူမလုပ်နိုင်လိုက်လို့လဲ သူ့မှာ ဘာမှ ကြီးကြီးကျယ်ကျယ် ခံစားရမှာမဟုတ်ဘူး။ တဏှာဖြစ်တဲ့သူကတော့ ဒဏ်ရာဒဏ်ချက်တွေဖြစ်နိုင် ရနိုင်တယ်။ ဒီတဏှာကို သူမလုပ်လိုက်ရလို့ ကြီးကြီးကျယ်ကျယ် ခံစားရမယ်ဆိုတာလဲ သေချာတယ်။

မလုပ်ရလို့လဲ ဘာမှမဖြစ်ဘူး။ လုပ်ချင်စိတ်ဖြစ်ရုံ သက်သက်ကလေးဟာ ဆန္ဒဖြစ်တယ်။ လုပ်ကို လုပ်ရမယ် မလုပ်ရရင် တစ်ခုခုဖြစ်သွားနိုင်တယ်ဆိုတာက တဏှာဖြစ်တယ်။


နားမလည်သေးရင် ထပ်မေးနိုင်ပါတယ်..။

 .....................................................................................................................မိုးသု(မန္တလေး)
ဆက်လက်ဖတ်ရှူရန် »

အစိန္တေယျကိုလေ့လာခြင်း..

မနေ့က အသိတစ်ယောက်က “ဦးဇင်းကသာ ဗုဒ္ဓဘုရားရှင်က သဘောထားကြီးတယ် သူတရားတော်ကို စိတ်ကြိုက်ဆန်းစစ်ခွင့်ပြုတယ် ဗုဒ္ဓဘာသာဟာ လွတ်လပ်တယ်နဲ့ ပြောနေတာ ဘုရားကဖြင့် ဗုဒ္ဓ၀ိသယော အစိန္တေယျော ဈာန၀ိသယော အစိန္တေယျော ကမ္မ၀ိပါကော အစိန္တေယျော လောက၀ိသယော အစိန္တေယျောဆိုနေပါလား။ ဦးဇင်း စကားကို အလွန်မဆိုချင်ပါနဲ့။ ဗုဒ္ဓဘာသာဆိုတာလဲ ဟန်ပြပဲ လွတ်လပ်မှုရှိတာပါ။ သူ့ကိုယ်ရေးကိုယ်တာကျတော့ မကြံစည်ရဘူးတဲ့”လို့ပြောပြီး ကဲ ဘယ့်နှယ့်ရှိစဆိုတဲ့ ပုံနဲ့ ဦးဇင်းကို မေးဆတ်ပြပါတယ်။


ဟုတ်ပါတယ် သူပြောတဲ့ အစိန္တေယျလေးပါးကို ဘုရားရှင်ကိုယ်တော်မြတ်က အင်္ဂုတ္ထိုရ်ပါဠိတော် စတုက္ကနိပါတ်မှာ ဟောတော်မူခဲ့ပါတယ်။ ဒါပေမယ့် သူနားလည်နေသလိုမျိုး အဓိပ္ပါယ်ကို ဆောင်ပြီးတော့ ဟောကြားတော်မူခဲ့တာ မဟုတ်ပါဘူး။ လွတ်လပ်ခွင့်ကို ပိတ်ပင်တဲ့အနေနဲ့ ဟောကြားတော်မူခဲ့တာ မဟုတ်ပါဘူး။


အစိန္တေယျပါဠိပုဒ်ကို အများစုက မကြံစည်အပ်ရယ်လို့ မြန်မာပြန်နေကြလို့ ဒီသဘောအဓိပ္ပါယ်ကို ဆောင်သွားစေတာပါ။
အစိန္တေယျာနိ န စိန္တိတဗ္ဗာနိဆိုတဲ့ ဒီပါဠိပုဒ်မှာ အရင်းခံတည်ထားတဲ့ စိန္တဓာတ်နဲ့ တဗ္ဗပစ္စည်းတို့ကို လေ့လာကြည့်လိုက်ရင် အများစုဘာသာပြန်နေကြတဲ“့ မကြံစည်အပ်ဆို”တဲ့ ဘာသာပြန်မှုထက် “မကြံစည်ထိုက်”ဘာသာပြန်မှုက ပိုပြီး ဆီလျော်ညီညွတ်တယ်ဆိုတာ တွေ့ရှိနိုင်ပါတယ်။


ဒါကြောင့်မို့ အစိန္တေယျောဆိုတဲ့ ပါဠိပုဒ်ဟာ “လုံးဝမကြံစည်ရဘူး”လို့ ပိတ်ပင်ထားခြင်း မရှိပါဘူး။ ဒီလေးခုရဲ့ အကြောင်းတွေဟာ ကြံစည်စဉ်းစားနေရုံနဲ့ အကုန်မသိနိုင်ဘူးရယ်လို့သာ အဓိပ္ပါယ်ရှိပါတယ်။ ကြံစည်စဉ်းစားနေရုံနဲ့ အကုန်မသိနိုင်ဘူးဆိုတော့ တစ်စိတ်တစ်ပိုင်းတော့ သိနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။


ဒီအရာလေးနဲ့ ပတ်သက်လို့ စိတ်ကူးနဲ့ ကြံစည်စဉ်းစားနေရုံနဲ့တော့ အကုန်လုံးပြည့်ပြည့်စုံစုံ သိနိုင်မှာမဟုတ်ဘူး။ ပြည့်ပြည့်စုံစုံသိချင်ရင် လက်တွေ့လေ့လာ အားထုတ်ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။


ရာဘင်ဒြာနတ်တဂိုးရဲ့ ကဗျာအဆင့်အတန်းကို သိချင်ရင် သူ့ကဗျာတွေကို ဖတ်ရှု့လေ့လာကြည့်ဖို့ လိုပါတယ်။ ဒီလိုပါပဲ ဗုဒ္ဓအကြောင်းအရာကို အကုန်သိချင်ရင်တော့ ဗုဒ္ဓဖြစ်အောင် သို့မဟုတ် အရိယာဖြစ်အောင် အားထုတ်ကြည့်ဖို့ လိုပါတယ်။


နောက်ပြီးတော့ ဘုရားရှင်က ဒီလေးခုနဲ့ ပတ်သက်ပြီး ကြံစည်ရင် ငရဲရောက်မယ်လို့လဲ မဟောကြားခဲ့ပါဘူး။ ဥာဏ်မမှီတဲ့အရာကို ကြံစည်စဉ်းစားရင် ရူးသွပ်သွားနိုင်တယ်လို့ပဲ ဟောကြားတော်မူခဲ့တာပါ။ ကိုယ်က ဥာဏ်မှီတယ်လို့ ကိုယ့်ကို ထင်ရင်တော့ ကြံစည်စဉ်းစားပေါ့။


ဗုဒ္ဓဘုရားရှင်က လွတ်လပ်ခွင့်ကို မပိတ်ပင်ခဲ့ပါဘူး။ စိတ်ကြိုက်ဆန်းစစ် လေ့လာခွင့်တွေ အပြည့်အ၀ပေးထားခဲ့ပါတယ်။


.......................................................................................မိုးသု(မန္တလေး)
ဆက်လက်ဖတ်ရှူရန် »

ရဟန်းတော်တို့နှင့် ညချင်းသုတ် အငြင်းပွားစရာများ


ရဟန်းတော်တို့နှင့် ညချင်းသုတ် အငြင်းပွားစရာများ


(ဦးဇင်းလေးကို တပည့်တော်ပြောစရာရှိတယ်။ တပည့်တော်တို့ရွာက ကိုယ်တော်လေးတွေ မြို့ကနေ စာသင်ပြန်လာရင် တပည့်တော်က ညချင်းသုတ်လေးဘာလေး အိမ်ကိုပင့်ကပ်ပါတယ်။ အဲဒါကို ရွာကျောင်းဘုန်းကြီးက စာကလဲမတတ်တော့ ညချင်းသုတ်စားရင် အာပါတ်သင့်တယ် မစားရဘူးဆိုပြီး တားတယ်။ စာကလဲမတတ်တော့ ပြောရတာခက်ပါတယ်။ ညချင်းသုတ်က ယာဝဇီဝိကမို့ စားကောင်းတယ်ပြောလဲ နားမထောင်ဘူး။ တပည့်တော်တို့ဘာသာမှာ ဒီလိုမျိုး စာမတတ်ပေမတတ်နဲ့ ယောင်ချာချာ ဘုန်းကြီးတွေ ဘယ်လောက်များနေပြီလဲ။ တပည့်တော်နာမည်ကိုတော့ နန်းထိန်းလေးလို့သာ မှတ်ထားပါ။ ဦးဇင်းလေးပညာရှိရင်တော့ တပည့်တော်ဘယ်သူဆိုတာ သိမှာပါ)

နန်းထိန်းလေးဆိုတော့ ကိုယ့်ကိုယ်ကို အခြောက်တစ်ယောက်ပါလို့ ပြောချင်တာဖြစ်မယ်ထင်တယ်။ အခြောက်တစ်ယောက်က ၀ိနည်းကို အတော်လေး နှံ့နှံ့စပ်စပ်ဖတ်ထား လေ့လာထားတယ်ဆိုတော့ အတော်တော်တဲ့ အခြောက်လို့ပြောရမှာပဲ။ အာ၈အခြောက်လေးပဲ။

ဘုရားရှင်က ရဟန်းတော်တွေနဲ့ရဲ့ အစားအစာနဲ့ ပတ်သက်ပြီးတော့ “ကာလိကလေးမျိုး”နဲ့ ပိုင်းခြားသတ်မှတ်ပြီးတော့ ပညတ်တော်မူခဲ့တယ်။ အဲဒီကာလိကလေးမျိုးထဲက တစ်ခုဖြစ်တဲ့ “ယာဝဇီဝိက”အချက်မှာ အငြင်းပွားနေတာဖြစ်တယ်။ ဒါကြောင့် ကျန်သုံးမျိုးကိုရေးနေရင် စာရှည်နေမှာမို့ ပြဿနာဖြစ်တဲ့ တစ်မျိုးကိုပဲေ၇းတော့မယ်။

ယာဝဇီဝိက ဆိုတာက တစ်သက်တာပတ်လုံး ရဟန်းတော်များ စားကောင်းသော အစားအစာများလို့ အဓိပ္ပါယ်ရတယ်။

ရဟန်းတော်တွေ တစ်သက်တာပတ်လုံး စားကောင်းတဲ့ အစားအစာများကတောာ့ လူပုဂ္ဂိုလ်များ ဆန်လို ၀က်သားလိုမျိုး ပင်မအစားအစာမဟုတ်တဲ့ အဖျော်ရည်လဲမဟုတ်တဲ့ ဆေးလည်းမဟုတ်တဲ့ ဆား ချင်း မန်းကျည်းရွက်ကြမ်း ကင်ပွန်းရွက်ကြမ်းစတဲ့ အမြစ် အရွက် အခေါက် အဥတို့သာဖြစ်တယ်။  ဒီဟာတွေက ဟင်းရဲ့ ပင်မကိုယ်ထည်မဟုတ်ကြဘူး ဖြည့်စွက်ပစ္စည်းများသာဖြစ်ကြတယ်။ ဒီပစ္စည်းတွေဟာ ရဟန်းတော်များ တစ်သက်တာပတ်လုံးစားကောင်းတယ်။ အာပတ်မသင့်ဘူး။

ညချင်းသုတ်ကို ရှေးကတော့ ချင်းရယ် ဆားရယ် ဆီပါတယ်ဆိုရုံလေးရယ် သုတ်ပြီးကပ်ကြတယ်။ အခုခေတ်ကတော့ ပုဇွန်ခြောက်တွေနဲ့ ဖွယ်ဖွယ်ရာရာ သုတ်ကြတယ်။ နာမည်ခံညချင်းသုတ်မျှသာဖြစ်တယ်။

ရှေးခေတ်ကသုတ်တဲ့ ညချင်းသုတ်ကို လေ့လာကြည့်တဲ့အခါမှာ ချင်းကလဲ ယာဝဇီဝိက ဆားကလဲ ယာဝဇီဝိက ဆီကလဲ ခုနှစ်ရက်အတွင်းစားကောင်းတဲ့ သတ္တာဟကာလိကဆိုတော့ အာပတ်မသင့်ဘူးလို့ ထင်မိကြမှာအမှန်ပဲ။ တချို့ရဟန်းတွေကိုယ်တိုင်တောင် ဒါမျိုးထင်နေတတ်တာမျိုးတွေ တွေ့ဘူးကြုံဘူးခဲ့တယ်။

သို့သော် ကင်္ခါမှာ ဒါနဲ့ပတ်သက်လို့ ဘယ်လိုရှင်းထားလဲဆိုတော့ “ယာမကာလိကာဒီနိ အာဟာရတ္ထာယ ပဋိဂ္ဂဟဏ အဇ္စျောဟာရေသု ။ပ။ ဒုက္ကဋံ၊ ယာမကာလိကာဒီနိ သတိပစ္စယေ ပရိဘုဉ္ဇတဿ ။ပ။ အနာပတ္တိ”လို့ ရှင်းပြထားတယ်။

ခဲဖွယ်ဘောဇဉ်ကို နေလွဲသောအခါ စားသောက်ရင် ပါစိတ်အာပတ်သင့်တယ်။ အဖျော်ရည်စသည်များကို ဗိုက်မဆာပါပဲနဲ့ အရသာခံလိုရုံသက်သက် အပျင်းပြေသက်သက်သောက်ရင် ဒုက္ကဋ်အာပတ်သင့်တယ်။ ဆာလို့သောက်ရင် အာပတ်မသင့်ဘူး။ စောစောက ပြောတဲ့ ချင်းစတဲ့ ယာဝဇီဝိကတွေကို အနာရောဂါဖြစ်လို့ အဲဒါတွေကို စားမှပျောက်မယ်ဆိုရင် စားကောင်းတယ်။ ဗိုက်ဆာလို့ အပျင်းပြေအောင်လို့စသဖြင့် မစားကောင်းဘူး။ အနာရောဂါဖြစ်မှ ဒါကိုစားမှ ပျောက်မယ်ဆိုမှ စားကောင်းတယ်။ အနာရောဂါဖြစ်လဲ ဒါကိုစားလို့မပျောက်ဘူးဆိုတာသိရဲ့နဲ့ ရောဂါကို အကြောင်းပြပြီးလဲ မစားကောင်းဘူး။ ယာဝဇီဝိကကို အနာရောဂါအတွက်ကြောင့်ပဲ စားကောင်းတယ်။ ဒီလိုမှမဟုတ်ပဲ စားရင်တော့ ဒုက္ကဋ်အာပတ်သင့်တယ်။

တချို့က ပြောတာရှိသေးတယ်။ ဗိုက်ဆာလို့ မဆာပဲအငတ်ခံနေရင် ငရဲကြီးတယ်တဲ့။ ဒါဟာ အခြေအမြစ်မရှိတဲ့ ပလိစိခြောက်ချက် စကားမျှသာဖြစ်တယ်။ ဘုရားဟောလဲ မဟုတ်ဘူး။ ဗိုက်ဆာရင် အဖျော်ရည်စတာတွေ သောက်ပေါ့။

နောက်တစ်ခုမှတ်ရမှာက ညနေခင်းကို အရည်ဆိုပြီး နွားနို့လုံးဝမသောက်ကောင်းဘူးဆိုတာပဲ။ ရဟန်းတွေတွေဆိုရင် ပါစိတ်အာပတ်သင့်တယ်။ လူတွေဆိုရင်တော့ သီလကျိုးတယ်။။

အခြောက်ကလေးရေ စာကို နှံ့နှံ့စပ်စပ်ဖတ်ပါ။ အပြစ်တင်မစောပါနဲ့။ မရှင်းတာပါရင် ပြန်မေးပေါ့။


........................................................................................မိုးသု(မန္တလေး)
ဆက်လက်ဖတ်ရှူရန် »

Sunday, March 25, 2012

သရဲ စုန်း နဂါးတို့အကြောင်း တစေ့တစ်စောင်း..


6:04 PM ပြည်ငြိမ်းချမ်း: လွန်ခဲ့တဲ့ ၂လလောက်က ကျွန်တော်ပြောတဲ့ သေဆုံးသူ အကြောင်း သတင်းတစ်ခု၇ပါတယ်ဘု၇ား တပည့်တော့်အမပြောပြတာပါ။
6:06 PM သေဆုံးသူဟာ ဘုန်းကြီးဝတ်နဲ့ သူ့ အဖေဘု၇ား၇ိုခိုးခန်းထဲ လာပြီး ထိုင်သွားတယ်လို့ ပြောတယ်ဘု၇ား। ဘယ်လိုစဖြစ်လဲဆိုတော့ သေဆုံးသူရဲ့ အမေက ဈေးသွားဖို့အတွက် ပြင်ဆင်ပြီး ဈေးကိုစတင်ထွက်လာတယ် လမ်းတစ်ဝတ်လောက်ကျတော့ အမေဆိုပြီးလှမ်းခေါ်လို့ သူ့ အိမ်မှာ ကျန်ခဲ့တဲ့ သားအကြီးခေါ်တယ်ဆိုပြီး ပြန်လှည့်သွားတယ် အိမ်ေ၇ာက်တော့ သားကြီးကိုမေးတော့ သူခုမှ အိပ်၇ာထတဲ့ အကြောင်းပြောပါတယ် ဒါကမနက်အစောပိုင်းဖြစ်သွားတာပါ .
6:08 PM သေဆုံးသူရဲ့အမေကဈေးကပြန်လာပြီး အိမ်ေ၇ာက်တော့ သူ့ ယောကျာင်္း ဆူပူအော်ဟစ်နေတာကြားလို့ သွားမေးကြည့်တော့ ဘုန်းကြီးတပါးလာတာ ဘယ်သူ မှ ဆွမ်းထွက်မလောင်းလို့ ဆိုပြီး ဒေါကန်နေတယ်တဲ့....ဖြစ်ချင်တော့ သေဆုံးသူရဲ့ အကိုက အောက်မှာ၇ှိနေလို့ သူ့ ကိုမေးတော့ ဘယ်ဘုန်းကြီးမှ မလာပါဘူးတဲ့ အကယ်၍ လာခဲ့မယ်ဆို၇င် အိမ်အောက်ထပ်မှာဘဲ လာ၇မှာပေါ့ ဘယ်လိုဖြစ်လို့ ဘု၇ားခန်းထိ တက်သွား၇မှာတုန်းတဲ့
6:09 PM ဒီလို အငြင်းပွားနေစဉ် ဆွမ်းခံကြွတဲ့ ဘုန်းကြီးေ၇ာက်လာေ၇ာ।ဒီလိုနဲ့ သေဆုံးသူဖခင်က ပြောပါတယ်ဘု၇ား
6:10 PM ဘု၇ားခန်းထဲလာပြီး မျက်နာဘေးဒိုက်လာထိုင်ပြီး ဘာမှမပြောဘူးတဲ့...
သူက ဘု၇ား၇ိုခိုးတာ တို့ လို့ တန်းလန်းကြီးဖြစ်နေလို့ဆိုပြီး မထလှူတော့တာတဲ့.
6:11 PM ကြေးစည်တီးပြီး သာဓု ၂ခါခေါ်ယုံဘဲရှိသေးတယ် ဒီဘုန်းကြီးပျောက်သွားတယ်တဲ့
အဲ့ဘုန်းကြီးက မျက်နာတစ်ခြမ်းဘဲ ပေါ်တော့ဘယ်သူမှန်း သူကမခန့် မှန်းမိလောက်ဘူးတဲ့ ဘု၇ား
6:12 PM ဒါပေမဲ့ သူ့ သေဆုံးသူသားရဲ့ မျက်နာတော့ အတော်ဆင်တယ်လို့ ပြောပါတယ်ဘု၇ား
6:13 PM အဲ့လို့ တကယ်လာလို့ ၇လားဘု၇ား.အိမ်မက်မဟုတ်ဘဲ ကိုယ်တိုင်လာပီး ဘာလာလုပ်တာလဲဘု၇ား
တပည့်တော်သိချင်လို့ ပါ
အကယ်၍ သေဆုံးသူမဟုတ်ဘဲ တခြား သရဲေ၇ာ မဖြစ်နိုင်ဘူးလားဘု၇ား

6:14 PM me: ဒကာပြောတဲ့အတိုင်းဆိုရင် သူက အမျှလာယူတာပါ သူကျွတ်ချိန်တန်လို့ ကျွတ်ဖို့အတွက် ကုသိုလ်အထောက်အပံ့လိုနေလို့ အမျှလာယူတာပါ အဲဒီထက် ကောင်းတဲ့ဘုံဘ၀ကို သူရောက်သွားပြီဆိုတဲ့သဘောပါ
ပိုသေချာသွားအောင် သူ့အတွက် ကုသိုလ်တစ်ခုခုလုပ်ပေးလိုက်ပါ

6:18 PM ပြည်ငြိမ်းချမ်း: တင်ပါ့ဘု၇ား ဒါပေမဲ့ သေဆုံးသူရဲ့ ဦးလေးကို သေဆုံးသူကပြောပါတယ်တဲ့ သူကနောက်၁နှစ် အောင်ချမ်းသာဆိုတဲ့ စေတီငယ်မှာနေ၇ဦးမှာတဲ့ဘု၇ား। အဲ့ဘ၀ကကျွတ်မှ ရှမ်းပြည်နယ်က ၇ှမ်းအမျိုးသမီးထံ ကိုယ်ဝန်ယူမှာဖြစ်ကြောင်း । ဒီရှမ်းအမျိုးသမီးဆီမှာ သူနဲ့ ဆို ကလေး၃ေ၇ာက်၇ကြောင်း ၃ယောက်ထဲတွင် သူသည်သာ ယောကျာင်္းလေး ဖြစ်ကြောင်း। ဘဘကြီးက တပည့်တော် အမထံ।ပြောပါတယ်ဘု၇ား ဒါပြောတာ ၂နှစ်လောက်တော့ရှိပြီဘု၇ား

6:19 PM me: လွန်ခဲ့တဲ့နှစ်နှစ်ကပြောတာဆိုတော့ ဦးဇင်းကတော့ထင်ပါတယ် သူအခုချိန်ဆိုရင် ဗိုက်ထဲရောက်နေလောက်ပါပြီ အတိအကျတော့ ဦးဇင်းလဲ တန်ခိုးရှင်မဟုတ်တော့မသိဘူးပေါ့

6:20 PM ပြည်ငြိမ်းချမ်း: တင်ပါ့ဘု၇ား......

6:21 PM သရဲတို့ မကောင်းဆိုးဝါးတို့ စုန်းတို့က တကယ်၇ှိလားဘု၇ား ။

10 minutes
6:31 PM me: သရဲဆိုတာက ပြိတ္တာမျိုးစိတ်တစ်ခုပါ
6:32 PM စုန်းဆိုတာ နဂါး ဂဠုန် ကုမ္ဘာန် ယက္ခ ဂန္ဓဗ္ဗဆိုတဲ့ထဲက
ဂန္ဓဗ္ဗနတ်ရဲ့ မျိုးစိတ်တစ်ခုပါ

6:34 PM ပြည်ငြိမ်းချမ်း: တင်ပါဘု၇ား
ဒါပေမဲ့ ခုခေတ်မှာ တကယ်၇ှိနိုင်သေးသလား ဘု၇ား

me: ရှိတာပေါ့ မြို့ပေါ်မှာသာ ထင်ထင်ရှားရှား မရှိတော့တာ
6:35 PM ဦးဇင်းတို့ ရွာဘက်တွေမှာဆိုရင် အခုထိရှိနေပါသေးတယ်
လပြည့်လကွယ်ညတွေမျာ စုန်းမီးတောက်တာတွေတောင်မြင်ရပါတယ်

6:36 PM ပြည်ငြိမ်းချမ်း: စုန်းမီးတောက်တယ်ဆိုတာ ဘာကိုဆိုလိုချင်တာလဲ ဘု၇ား တပည့်တော် ဒါတွေနားမလည်လို့ ပါ

me: မီးလုံးကြီးတွေ ကောင်ကင်မှာ လှုပ်ရှားသွားလာနေကြတာတွေပါ
သူတို့အချင်းချင်း ပညာပြိုင်ကြတာဖြစ်တယ်လို့ လူကြီးတွေကပြောဘူးတယ်
6:37 PM ရွာအပြင်လယ်ကွင်းတွေထဲမှာပေါ့
ရှုံးတဲ့မီးလုံးက မြေပေါ်ပြုတ်ကျတယ်တဲ့

ပြည်ငြိမ်းချမ်း: မြေပေါ်ပြုတ်ချတော့ တကယ့်မီးလုံးကြီးဘဲလား ဘု၇ား

6:38 PM me: ဦးဇင်းတို့ရွာကျောင်းက ရွာအစွန်ဆုံးဆိုတော့ လပြည့်လကွယ်ညတွေမှာဆိုရင် မီးလုံးတွေကို ကျောင်းပေါ်ကနေလှမ်းမြင်ရတယ်
6:39 PM လက်ညှိုးထိပ်ကို တံထွေးစွတ်ပြီးတော့ မီးလုံးတည့်တည့်ကို မှန်းပြီးထိုးလိုက်ရင်
မီးလုံးက ကိုယ့်ဆီကို ရောက်လာတယ်လေ
တစ်ညက မီးလုံးခေါ်ကြတယ်
ကျောင်းပေါ်အထိ မီးလုံးကတက်လာတယ်
ကျောင်းတံခါးပေါက်တွေကို အကုန်ပိတ်ပြီးတော့
6:40 PM သင်္ကန်းတွေ တံမြက်စီးတွေနဲ့ ၀ိုင်းရိုက်ကြတယ်လေ
နောက်ပိုင်း အပေါက်သေးသေးလေးကနေ ထွက်ပြေးသွားတယ်
မြင်လို့ လယ်ကွင်းတွေထဲအထိ
လိုက်ရိုက်ကြတယ်
ညောင်ပင်တစ်ခုပေါ်ကိုတက်သွားလို့
6:41 PM ကောက်ရိုးတွေ အပင်ခြေမှာ ပုံပြီး မီးရှို့ ပြီးပြန်လာခဲ့ကြတယ်
သိပ်ငယ်တော့ ဒီလောက်ပဲ မှတ်မိတော့တယ်

ပြည်ငြိမ်းချမ်း: တင်ပါ့ဘု၇ား॥ဒါဆို ဒီမီးလုံးထဲမှာ ဘာရှိသလဲဘု၇ား .... လူ၇ှိတာလား ဘု၇ား

6:42 PM me: သူ့ကိုယ်သူ မီးလုံးအဖြစ် ပြောင်းလဲဖန်ဆင်းထားတာပါ

6:43 PM ပြည်ငြိမ်းချမ်း: အော်।ဟုတ်ကဲ့ဘု၇ား. တပည်တော်၇ှင်း၇ှင်းပြော၇၇င် ဒါပထမဦးဆုံးကြားဘူးတာပါဘု၇ား

me: စုန်းဆိုတာက လူရဲ့ကိုယ်အတွင်းထဲကို ဂန္ဓဗ္ဗနတ်ကို အတတ်ပညာနဲ့သွင်းထားပြိးတော့
အဲဒီနတ်ကို ခိုင်းစားတာပါ

6:44 PM ပြည်ငြိမ်းချမ်း: နတ်ကိုခိုင်းတယ်ဆိုတာ ဘယ်လိုမျိုးလဲဘု၇ား
စုန်းတွေက နတ်တွေကို ခိုင်းလို့ ၇တယ်ပေါ့

6:45 PM me: လူမိန်းမက သူ့ဗိုက်ထဲကို နတ်ကိုထည့်ထားတယ် ပြီးတော့ နတ်ကို သူဖြစ်ချင်သလို လုပ်ခိုင်းတယ်
နတ်က သူ့တန်ခိုးနဲ့ လုပ်ပေးတယ်
ဘယ်လိုခိုင်းလဲဆိုတာတော့ သူတို့ကိုသွားမေးမှပဲ အတိအကျ သိနိုင်ပါလိမ့်မယ်

6:46 PM ပြည်ငြိမ်းချမ်း: အဟီးးးတင်ပါ့ပါဘု၇ား.....စုန်းတွေက နတ်တွေကိုခိုင်းလို့ ၇တယ်ပေါ့ ဘု၇ား

me: လူမိန်းမက သူ့ဗိုက်ထဲကို နတ်ကို ထည့်လိုက်ပြီဆိုမှ စုန်းလို့ခေါ်တာပါ
တန်ခိုးသိပ်ကြီးတဲ့ နတ်မျိုးတော့ ဘယ်ထည့်လို့ရမှာလဲ

6:48 PM ပြည်ငြိမ်းချမ်း: တင်ပါ့ဘု၇ား ။ တန်ခိုးကြီးတဲ့နတ်ဆို သူ့ ကိုတောင်ပြန်ထဲ့သွားဦးမယ် :)

6:50 PM me: ဒီအကြောင်းကို ကျယ်ကျယ်ပြန်ပြန့်သိချင်ရင် လယ်တီဆရာတော်ကြိးရဲ့ အတော်ဆုံတပည့်ဖြစ်တဲ့ သေက္ချတောင်ဆရာတော် အရှင်တိလောက ရေးတဲ့ “ပဏ္ဍိတဝေဒနီယဒီပနီကျမ်း”မှာဖတ်ကြည့်လိုက်ပါ
ကဲ ဘာသိချင်သေးလဲ

ပြည်ငြိမ်းချမ်း: ဒါဆို စုန်းတွေက ဘယ်ကနေဘယ်လို ၀ဋ်ကြွေးကြောင့်ဖြစ်တာလဲ ဘု၇ား.အ၇င်ဘ၀က ဆုတောင်းမှားခဲ့လို့ လားဘု၇ား . .

6:51 PM me: စုန်းဝဋ်ကြွေးမဟုတ်ပါဘူး နတ်ဝဋ်ကြွေးပါ ဂန္ဓဗ္ဗနတ်ဆိုတာက ပုံမှန်ဆိုရင်တော့ သူက နံ့သာပင်မှာ သန္ဓေတည်ပြိးဖြစ်တဲ့ နတ်ပါ ကံဆိုးတော့ နံ့သာပင်မှာမဖြစ်ပဲ လူမိန်းမရဲ့ဗိုက်ထဲမှာသွားဖြစ်တာမျိုးပါ
6:52 PM ဒါကိုတော့ ၀မ်းတွင်းပါစုန်းလို့ခေါ်ကြတယ်လေ
တချို့မိန်းမတွေကြတော့ သင်ယူလို့ တတ်တာဖြစ်တယ်
သူတို့ကတော့ ၀မ်းတွင်းပါစုန်းတွေရဲ့အကူအညီနဲ့ နတ်ကို သူတို့ဗိုက်ထဲကို တမင်ထည့်လိုက်တာလို့ ဦးဇင်းက ယူဆထားတယ် ဒါက ဦးဇင်းရဲ့ယူဆချက်ပါ

6:53 PM စုန်းတိုင်း မကောင်းတာတော့မဟုတ်ပါဘူး
အများစုက မကောင်းတာပါ

ပြည်ငြိမ်းချမ်း: တပည့်တော် ၀မ်းတွင်းပါစုန်း တော့ သိပါတယ်ဘု၇ား တပည့်တော်အမရဲ့ သူငယ်ချင်းက ၀မ်းတွင်းပါစုန်းပါ.သူ့ ကြောင့် သေဆုံးသူ သေ၇တယ်လို့ ဘဘကြီးပြောခဲ့ဘူးတယ်ဘု၇ား

6:54 PM me: အင်း ဒါကတော့ ကာယကံရှင်တွေပဲ အသိဆုံးဖြစ်ပါလိမ့်မယ် ဦးဇင်းက မှတ်ချက်ပေးဖို့ မသင့်တော်ပါဘူး

6:56 PM ပြည်ငြိမ်းချမ်း: အ၇ှင်ဘု၇ား တပည့်တော်ကြောင့်စိတ်အနှောက်အယှက် ဖြစ်တယ်ဆို ပြောပါဘု၇ား॥ တပည်တော့ နောက်တစ်ခု မေးချင်လို့ ပါဘု၇ား ......

me: မဖြစ်ပါဘူး မေးပါ ဦးဇင်းဖြေနိုင်တဲ့ မေးခွန်းဆိုရင် ဖြေပေးဖို့အဆင်သင့်ပါ

6:57 PM ပြည်ငြိမ်းချမ်း: နဂါးဆိုတာ တကယ်၇ှိပါသလား ဘု၇ား.
နဂါးတွေက ဘာကြောင့် တပည့်တော်တို့ မမြင်၇တာလဲ ဘု၇ား.
နဂါးတွေက ဘယ်လို ကုသိုလ်ကံလုပ်လို့  သူတို့ ဒီဘ၀၇တာလဲဘု၇ား

me: မြွေဆိုတာလဲ နဂါးပါပဲ တန်ခိုးမရှိတဲ့ နဂါးတွေပေါ့
6:58 PM တန်ခိုးရှိတဲ့နဂါးများကြတော့ သူတို့က မမြင်စေချင်တော့ ကိုယ်ကလဲ မြင်နိုင်တဲ့ အစွမ်းအစမရှိတော့ မမြင်ရဘူးပေါ့။ ကိုယ်မှာ မြင်နိုင်တဲ့ အစွမ်းအစရှိထားမယ်ဆိုရင် သူတို့က မမြင်စေချင်လဲ ကိုယ်က သူတို့ထက် တန်ခိုးကြီးမယ်ဆိုရင် မြင်နိုင်ပါတယ်။

6:59 PM စလောင်းတွေမှာလွှင့်တဲ့ တချို့တိရိစ္ဆာန်တွေဆိုရင် ပုံသဏ္ဍာန်ပြောင်းလို့ ၇တာမျိးတွေရှိတယ်လေ။ ဒါမျိုးတွေကတော့ ကမ္မဇိဒ္ဓိလို့ခေါ်တာပေါ့။

ပြည်ငြိမ်းချမ်း: တင်ပပါဘု၇ား......
7:00 PMဒါဆို နဂါးတွေကဘယ်မှာနေပါလဲ ဘု၇ား

me: ကုန်းပေါ်နေတဲ့နဂါးေ၇ထဲနေတဲ့ နဂါးလို့ အကြမ်းအားဖြင့် ခွဲခြားကြတယ်

7:01 PM ပြည်ငြိမ်းချမ်း: ကုန်းပေါ်နေတဲ့ နဂါးဆို သူတို့ က အကြမ်းအားဖြင့် ဘယ်မှာနေပါသလဲဘု၇ား တပည်တော့ သိခွင့်၇ပေါ့မလား ?????

me: ကုန်းပေါ်နေတဲ့နဂါးေ၇ထဲနေတဲ့နဂါးလို့ အကြမ်းအားဖြင့် ခွဲခြားကြတယ်
7:02 PM အင်း တန်ခိုးရအောင် တရားအားထုတ်လိုက်ပါဒကာ
ဦးဇင်းလဲအဲလောက်တော့ မဖြေတတ်တော့ပါဘူး
7:03 PM စာထဲပါတာတွေတော့ ရှိပေမယ့်
ဒကာက အတိအကျ သိချင်နေတော့ အဲဒါတွေပြောလဲ
ဒကာ့ကို စိတ်ကျေနပ်မှုဖြစ်မှာ မဟုတ်လောက်ဘူးလို့ ထင်တယ်

7:04 PM ပြည်ငြိမ်းချမ်း: ဟီးဟီး। တင်ပပါဘု၇ား .....

7:05 PM တပည့်တော်က မိဘတွေ ဘိုးဘွားတွေမေးလဲ ဒီအတိုင်းဘဲပြောတယ်

me: တချို့မေးခွန်းတွေက သူများအဖြေပေးလို့ရတာထက် ကိုယ်တိုင်ဖြေကြည့်လိုက်တာက ပိုကောင်းပါတယ်
ဒကာအဲဒီအဖြေကိုရဖို့ ဒကာကိုယ်တိုင် အဖြေထုတ်ကြည့်လိုက်ပါ
7:06 PM ပြည်ငြိမ်းချမ်း: တင်ပါဘု၇ား
တပည့်တော် သိချင်တာ မေးခွင့်၇တဲ့အတွက် ကျေးဇူးတင်ပါတယ်ဘု၇ား

7:08 PM me: အင်း မေးစရာမရှိတော့ဘူးဆိုရင် ဦးဇင်းအောက်တော့မယ်နော်
ပျော်ရွှင်ချမ်းမြေ့ပါစေ

7:09 PM ပြည်ငြိမ်းချမ်း: တင့်ပပါဘု၇ား

....................................................................................................မိုးသု(မန္တလေး)
ဆက်လက်ဖတ်ရှူရန် »

Monday, March 19, 2012

ဓမ္မစကူးလ်များကို တစ်နိုင်ငံလုံးအနှံ့ ဖွင့်လှစ်နိုင်ရန် စီစဉ်

ဘာသာရေးနှင့် ပညာရေးကို ပေါင်းစပ်သင်ကြားပေးမည့် ဓမ္မစကူးလ်များကို တစ်နိုင်ငံလုံး အနှံ့၌ ဖွင့်လှစ်သင်ကြားပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဓမ္မစကူးလ်၌ သင်ကြားပို့ချမည့် သင်ရိုးညွှန်တမ်းကိုလည်း တစ်နှစ်တာကာလအတွင်း အပြီးသတ် ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ရဟန်းသံဃာများနှင့် ကလေးငယ်များအကြား၌ ဆုတ်ယုတ်ကျဆင်းနေသည့် ဆက်ဆံရေးနှင့် ဘာသာရေးစိတ်ဓာတ် ကြွယ်ဝမှု နည်းပါးခြင်းတို့ကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားကြောင်း၊ ဓမ္မစကူးလ်၌ သင်ကြားပို့ချနိုင်ရန် ခေတ်မီသည့် သင်ရိုးညွှန်းတမ်းတစ်ခု လိုအပ်လျက်ရှိကြောင်း၊ သင်ရိုးညွှန်းတမ်း ပြုစုပြီးပါက စမ်းသပ်သင်ကြားမှုများ ပြုလုပ်၍ ပုံနှိပ်ထုတ်ဝေ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ဓမ္မစကူးလ်ဖြစ်မြောက်ရေး စုပေါင်းအစည်းအဝေးကို ယခုလ ၁၄ ရက်တွင် စိန်ရတနာ ဓမ္မစရိယ စာသင်တိုက်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အင်းစိန်၊ ရွာမ ဆရာတော်ကြီးမှူး၍ သံဃာတော်အပါး ၄၀ ဝန်းကျင်နှင့် သီလရှင်ဆရာလေးများ အပါအဝင် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

အစည်းအဝေး၌ ဓမ္မစကူးလ် သင်ရိုးညွှန်းတမ်း ဖြစ်မြောက်ရေး စီမံကိန်း အဆိုပြုလွှာကို တင်သွားခဲ့ကြောင်း သိရသည်။

“ဓမ္မစကူးလ်တွေ နေရာအနှံ့အပြားမှာ ဖွင့်လှစ်သင်ကြားနေတာ တွေ့ရပါတယ်။ ပညာရေးအသွင် မဟုတ်ဘဲ ဘာသာရေးအသွင် သင်ကြားနေကြတယ်လို့လည်း ယူဆရပါတယ်။ ပညာရေးအသွင် စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ဖို့ဆိုရင် သင်ရိုးညွှန်းတမ်း မရှိဘဲနဲ့ မဖြစ်ပါဘူး။ လိုအပ်ချက်ခေတ်မီ သင်ရိုးညွှန်းတမ်းတစ်ခုကို ဓမ္မစကူးလ် ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဘဒ္ဒန္တသာသနဝရက မိန့်တော်မူသည်။

ဗုဒ္ဓဘာသာကို ကိုးကွယ်ရန်ဟူ၍သာ လူအများသိရှိထားပြီး အသုံးချရန်ဟူသော အသိမှာ နည်းပါးနေကြောင်း၊ ဓမ္မစကူးလ်အတွက် သင်ရိုးညွှန်းတမ်းကို ဘာသာရေးဘက်မှ ခေါင်းဆောင်များနှင့် ပညာရေးဘက်မှ ပညာရှင်များ ပူးပေါင်းရေးဆွဲမည်ဖြစ်ကြောင်း ဆရာလေး ဒေါ်ကေတုမာလာက ဆိုသည်။

ဓမ္မစကူးလ်ဖြစ်မြောက်ရေး အစည်းအဝေးသို့ တက်ရောက်လာသည့် ရဟန်းသံဃာတော်များမှ အကြံပြုချက်များ မိန့်ကြားရာ၌ ဓမ္မစကူးလ်သည် ပညာရေးအသွင် ဖြစ်မြောက်ရန်နှင့် နိုင်ငံတကာသို့ ဖြန့်ကျက်နိုင်ရန် သင်ရိုးညွှန်းတမ်း ရေးရာတွင် အင်္ဂလိပ်စာကို ထည့်သွင်း သင်ကြားစေလိုကြောင်း၊ ထို့အပြင် ဓမ္မစကူးလ်၏ သင်ကြားရေးစနစ်များ ပိုမိုထိရောက်စေရန်အတွက် Meditation အစီအစဉ်ကိုလည်း သင်ရိုးညွှန်းတမ်း၌ ထည့်သွင်းပေးရန် လိုအပ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဆက်လက်ဖတ်ရှူရန် »

Monday, February 6, 2012

ဝိနည်းကျင့်ဝတ်ခေါ် ရဟန်းကျင့်ဖွယ် (၂၂၇)သွယ် (အပိုင်း-၈-၉)

ပဌမအနုပညတ်

အမှုသည်=တောကျောင်းဘုန်းကြီးတစ်ပါး

အမှု= မျောက်မ၌ မေထုန်မှီဝဲမှု

တစ်ခါတုန်းက ဝေသာလီပြည်အနီး မဟာဝုန်တောကြီးထဲမှာနေတဲ့ ရဟန်းတစ်ပါးဟာ မျောက်မတစ်ကောင်ကို အစာကျွေးပြီးတော့ အတော်ယဉ်ပါးလာတဲ့အခါမှာ အဲဒီမျောက်မနဲ့ မေထုန်အမှုပြုပါတယ်။

တစ်နေ့ အဲဒီတောကျောင်းဘုန်းကြီး ဆွမ်းခံသွားနေတုန်း အာဂန္တုရဟန်းတွေ ကျောင်းကို ရောက်ရှိလာပါတယ်။ အဲဒီအခါမှာ မျောက်မက ရဟန်းတွေရှေ့လာပြီးတော့ ကုန်းပြကွပြနဲ့ အထာပေးပါတယ်။ ပထမတော့ အာဂန္တုရဟန်းတွေဟာ အမှတ်တမဲ့ပါပဲ။ နောက်မှ မသင်္ကာတာနဲ့ တစ်နေရာမှာ ပုန်းနေလိုက်ကြပါတယ်။ အဲဒီအခါမှာ တောကျောင်းဘုန်းကြီးဟာ ဆွမ်းခံရာက ပြန်လာပြီးတော့ ဆွမ်းခံရာကရလာတဲ့ မုန့်ပဲသရေစာများကို မျောက်မကိုကျွေးပြီးတော့ မေထုန်မှုကို ပြုပါတော့တယ်။

ဒီအခါမှာ စောစောကပုန်းနေတဲ့ ရဟန်းတွေဟာ ထွက်လာပြီးတော့ ``ကိုယ်တော် ဘုရားက မေထုန်မှုမပြုရလို့ သိက္ခာပုဒ်ပညတ်ထားရဲ့သားနဲ့ ဘာလို့အခုလိုမျိုး ပြုလုပ်ရတာပါလဲ´´လို့မေးကြပါတယ်။

ဒီအခါမှာ တောကျောင်းဘုန်းကြီးက ``ဘုရားရှုင်သိက္ခာပုဒ်ပညတ်ထားတာဟာ လူမိန်းမများကိုသာ မေထုန်မှုမပြုရလို့ ပညတ်ထားတာဖြစ်တယ်။ တိရစ္ဆာန်မကို မေထုန်မှုမပြုရလို့ ပညတ်ထားတာ မဟုတ်ဘူး´´လို့ ပြန်ပြီး ဆင်ခြေပေးပါတယ်။ ထိုအခါ အာဂန္တုရဟန်းတွေက ကဲ့ရဲ့စကားပြောပြီးတော့ အဲဒီအကြောင်းကို ဘုရားရှင်ကို သွားလျှောက်ထားကြပါတယ်။

ဘုရားရှင်ကလဲ တောကျောင်းဘုန်းကြီးကို ကဲ့ရဲ့စကားဆိုပြီးတော့...

``ယော ပန ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေဝေယျ အန္တမသော တိရစ္ဆာနဂတာယပိ ပါရာဇိကော ဟောတိ အသံဝါသော။

အကြင်ရဟန်းသည် မေထုန်မှီဝဲအံ့၊ အောက်ထစ်ဆုံးအားဖြင့်(အယုတ်ဆုံးအားဖြင့်) တိရစ္ဆာန်မ၌သော်လည်း မှီဝဲအံ့၊ ထိုရဟန်းသည် ပါရာဇိကကျ၍ ရဟန်းကောင်း(ပါရာဇိကမကျသေးသောရဟန်း)တို့နှင့် အတူပေါင်းသင်းနေထိုင်ခွင့်မရှိ´´ဟု ပဌမအနုပညတ်တော်ကို ထပ်မံပညတ်လိုက်ပါတယ်။

ပါရာဇိကတို့ အာပတ်တို့ဆိုတဲ့ စကားလုံးတွေကို ဒကာဒကာမတို့ နားလည်ကြဦးမယ် မထင်ပါဘူး။ ဦးဇင်းကလဲ ရှင်းမပြသေးပါဘူး။ ဒါကြောင့် ဒီနေ့တော့ အဲဒီအကြောင်းကို ရှင်းပြပေးပါဦးမယ်။

အာပတ်ဆိုတဲ့စကားဟာ ``အာပတ္တိ´´ဆိုတဲ့ ပါဠိပုဒ်ကနေ ဆင်းသက်လာတဲ့ စကားဖြစ်ပါတယ်။

အာပတ္တိ=အပြစ်သင့်ခြင်း အပြစ်ရောက်ခြင်းလို့ အဓိပ္ပါယ်ရှိပါတယ်။ ဥပမာ=ဒီရဟန်းဟာ အာပတ်သင့်နေတယ်လို့ ပြောလိုက်ရင် ``ဒီရဟန်းဟာ အပြစ်သင့်နေတယ်´´လို့ နားလည်ရပါ့မယ်။

တစ်ခါ ဘာအပြစ်လဲဆိုတာ ထပ်မံခွဲခြားဖို့ လိုပြန်ပါသေးတယ်။ အာပတ်ခုနှစ်မျိုးရှိပါတယ်။ ကြုံရင်ကြုံသလို နည်းနည်းချင်းလေး ရှင်းပြပေးသွားပါ့မယ်။ အခု ပါရာဇိကအာပါတ်ကို ရှင်းကြရအောင်ပါ။

ပရာဇေတိ-သာသနာတော်မှ ဆုံးရှုံးစေတတ်၏၊ ဣတိ-ထို့ကြောင့်၊ ပါရာဇိကာ-ပါရာဇိကမည်၏။

ပါရာဇိကအာပါတ်သင့်တဲ့ ရဟန်းဟာ ရဟန်းမဟုတ်တော့ပါဘူး။ လူဖြစ်သွားပါတယ်။ ပါရာဇိကကျပြီးတဲ့ ရဟန်းကို ဘုရားပေါင်းအရာအထောင်တို့က ကမ္မ၀ါစာဖတ်ပေးရင်တောင် ရဟန်းမဖြစ်တော့ပါဘူး။ ခန္ဒာကိုယ်တစ်ခြား ဦးခေါင်းတစ်ခြား ပြတ်ပြီးသေတဲ့သူဟာ တစ်ဖန်ပြန်ပြီး အသက်မရှင်နိုင်တော့သလိုပါပဲ။ ပါရာဇိကျတဲ့ရဟန်းဟာလဲ သာသနာတော်တည်းဟူသော ဦးခေါင်းပြတ်ကျသွားတဲ့အတွက် တစ်ဖန်ပြန်ပြီး ရဟန်းမဖြစ်နိုင်တော့ပါဘူး။

အာပါတ်ခုနှစ်မျိုးမှာ အခြားအာပတ်ခြောက်ခုက အာပတ်ဖြေလို့ရပေမယ့် ပါရာဇိကအာပတ်ကတော့ သင့်ပြီးရင် ပြန်ဖြေလို့မရတော့ပါဘူး။ လူထွက်မှပဲ အာပတ်ပြေသွားပါတော့တယ်။ ပါရာဇိအာပတ်သင့်နေပြီး လူဝတ်မလဲပဲ သင်္ကန်းဆက်ဝတ်နေရင် မဂ်ဖိုလ်မရနိုင်တော့ပါဘူး။ လူထွက်မှ သို့မဟုတ် ကိုရင်ပါလို့ တရားဝင်ကြေငြာပြီးနေလိုက်မှ မဂ်ဖိုလ်ရနိုင်ပါတော့တယ်။

(ဆက်လက်တင်ပြပေးပါမည်)

..........................................................................................................မိုးသု(မန္တလေး)

“ဥပမာ တစ်နည်းအားဖြင့် အပူရှိလျှင် ထိုအပူမှ တစ်ပါးဖြစ်သော အအေးလည်းရှိသကဲ့သို့ ဤအတူ ရာဂမီး ဒေါသမီး မောဟမီး ဤမီးသုံးပါးထင်ရှားရှိလျှင် ထိုမီးသုံးပါးကို ငြိမ်းစေတတ်သော နိဗ္ဗာန်တရားကိုလည်း အလိုရှိအပ်(သိမှတ်အပ်)သည်သာတည်း”


“ဥပမာ တစ်နည်းအားဖြင့် မကောင်းမှု အကုသိုလ်တရား ထင်ရှားရှိလျှင် ကောင်းမှု ကုသိုလ်တရားလည်း ထင်ရှားရှိသကဲ့သို့ ဤအတူပင် ဇာတိပဋိသန္ဓေနေရခြင်း ဇာတိတရားထင်ရှားရှိလျှင် ထိုဇာတိကို ကုန်စေတတ်သည့် ပဋိသန္ဓေနေခြင်းကင်းရာ နိဗ္ဗာန်တရားကိုလည်း အလိုရှိအပ်(သိမှတ်အပ်)သည်သာတည်း”


ဤသို့ အကြံတော်ဖြစ်ပြီး ဆက်၍တဖန် လေးနက်စွာ အကြံတော်ဖြစ်ပြန်သည်မှာ...........


“ဥပမာအားဖြင့် မစင်တွင်း၌ ကျရောက်နေသော (တစ်နည်းအားဖြင့်=မစင်လိမ်းကပ်နေသော) ယောကျာင်္းသည် ကြာမျိုးငါးပါးတို့ဖြင့် တန်ဆာဆင်အပ်၍ ကြည်လင်သော ရေရှိသည့် တဖက်ဆည်ကန်ကြီးကို မျက်ဝါးထင်ထင် အဝေးမှ တွေ့မြင်နေရပါလျက် ထိုတဖက်ဆည်ကန်ကြီးသို့ သွားရောက်ရန် လမ်းမှန်ကို မရှာမှီးလျှင် ထို့သို့မရှာမှီးခြင်းသည် တဖက်ဆည်ကန်ကြီး၏ အပြစ်မဟုတ်၊ ထိုမစင်လိမ်းကပ်နေသော ယောကျာင်္း၏ အပြစ်သာဖြစ်သကဲ့သို့၊ ဤအတူ ကိလေသာ အညစ်အကြေးတို့ကို ဆေးလျှော်ရာဖြစ်သော နိဗ္ဗာန်တည်းဟူသော တစ်ဖက်ဆည်ကန်ကြီး ထင်ရှားရှိပါလျက် ထိုနိဗ္ဗာန်တည်းဟူသော တဖက်ဆည်ကန်ကြီးကို မရှာမှီးလျှင် ထိုသို့မရှာမှီးခြင်းသည် တဖက်ဆည်ကန်ကြီး၏ အပြစ်မဟုတ်”


(ဆက်လက်တင်ပြပေးပါမည်)


..................................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

ဝိနည်းကျင့်ဝတ်ခေါ် ရဟန်းကျင့်ဖွယ် (၂၂၇)သွယ် (အပိုင်း-၆-၇)

ချွေးမလုပ်သူဟာ အခန်းထဲကနေ ထွက်လာပြီးတော့ အရှင်သုဒိန်ရဲ့ ခြေထောက်ကိုဖက်ပြီးတော့ ``အရှင့်သား အရှင့်သားတို့ မျှော်မှန်းနေပြီးနေတဲ့ နတ်သမီးတွေဆိုတာ ဘယ်လောက်ထိများ လှပပါသလဲ´´လို့ မေးပါတယ်။ (ဘုရားသာသနာတော် တည်ထောင်ခါစက မင်းညီ မင်းသား သူဌေး သူကြွယ်သားတွေ ရဟန်းပြုသွားကြတဲ့အခါမှာ အမျိုးသမီးအသိုင်းအ၀ိုင်း၌ ထင်မြင်ချက်တွေအမျိုးမျိုး ပေးကြပါတယ်။ နောက်ဆုံးကြတော့ သူတို့ရဲ့ ထင်မြင်ချက်တွေကို ``ဒီအမျိုးသားတွေဟာ ငါတို့ထက်သာသော နတ်ကညာတွေကို လိုချင်ကြသဖြင့် ငါတို့ကို ထားခဲ့ပြီးတော့ ရဟန်းပြုသွားကြတာဖြစ်တယ်´´ဆိုတဲ့ ထင်မြင်ချက်ကိုပဲ အတည်ပြုပြီးတော့ သူတို့ရဲ့ စကားဝိုင်းကို အဆုံးသတ်လိုက်ကြပါတယ်။)

ထိုအခါ ရှင်သုဒိန်သည် တည်တည်ကြည်ကြည်ဖြင့် ``နှမ... နတ်ကညာတွေကို လိုချင်၍ ရဟန်းအကျင့်ကို ကျင့်နေတာ မဟုတ်ပါဘူး´´လို့ ပြောဆိုလိုက်ပါတယ်။ ဒီအခါမှာ ``ဇနီးဖြစ်ပါလျက်ကယ်နဲ့ နှမ..ဟု ခေါ်လျှက်လေခြင်း ငါ့မျှော်လင့်ချက်တွေတော့ မဖြစ်နိုင်တော့ပါဘူး´´လို့တွေးပြီး မူးမေ့ကာ လဲကျသွားပါတယ်။

သူမ၏ မျှော်လင့်ချက်ကား ``ရှင်သုဒိန်နဲ့သူ ပြန်ပြီးတော့ ပေါင်းဖက်ကြမယ်။ အဲဒီအခါမှာ သားသမီးတွေ မွေးဖွားလာမယ်။ အဲဒီအခါမှာ ဒီအမွေအနှစ်တွေကို ငါပိုင်ဆိုင်ရမှာဖြစ်တယ်´´ဆိုတဲ့ မျှော်လင့်ချက်ဖြစ်တယ်။ (``နှမ´´ဟူသော အသုံးအနှုန်းမှာ မောင်နှမရင်းလို သဘောထားသဖြင့် ``ဇနီး´´ မဖြစ်နိုင်တော့ကြောင်းကို ပြသော ရှေးသုံးစကားတစ်ခုဖြစ်သည်။)

ထိုအခါမှာ ရှင်သုဒိန်ရဲ့ မိခင်ကြီးက ``ငါ့သား တကယ်လူမထွက်တော့ဘူးဆိုရင် ရဟန်းဘ၀မှာပဲ ပျော်ရွှင်စွာနေပါတော့။ သို့သော်...သားသမီးမရှိသောကြောင့် ငါတို့သေရင် ငါတို့ရဲ့ ပစ္စည်းဥစ္စာတွေကို လိစ္ဆ၀ီမင်းတွေက သိမ်းရစ်ပါလိ့မ်မယ်။ ဒါကြောင့် သားတစ်ယောက်ရလောက်ရုံမျှ သားမျိုးလေးတော့ပေးထားခဲ့ပါ

(ဆက်လက်တင်ပြပေးပါမည်)

....................................................................................................မိုးသု(မန္တလေး)

အဲဒီအချိန်တုန်းက ရဟန်းတော်များ မေထုန်မှုမပြုရလို့ ဘုရားရှင်ပညတ်ထားတာ မရှိသေးတော့ ရှင်သုဒိန်ဟာ မေထုန်မှုပြုတာ အပြစ်မရှိဘူးလို့ ထင်ပြီးတော့ ဒီတစ်ခါလိုက်လျောလိုက်ရင် နောက်ထပ်နားပူရတော့မှာ မဟုတ်ဘူးလို့ တွေးပြီးတော့ ``ဒီကိစ္စလောက်ဆိုရင်တော့ ကူညီပေးနိုင်ပါတယ်လို့ ၀န်ခံလိုက်တယ်။

အဲဒီအခါမှာ မယ်တော်ကြီးဟာလည်း ချွေးမလုပ်သူကို ဥတုပန်းပွင့်ရင် သူ့ကို ပြောပါလို့မှာထားပြီးတော့ ဥတုပန်းပွင့်ပါပြီလို့ ချွေးမကလာပြောတဲ့အခါမှာ ရှင်သုဒိန်နေတဲ့ မဟာဝုန်တောကြီးထဲကို ချွေးမလုပ်သူနဲ့ နှစ်ယောက်အတူလာခဲ့ကြတယ်။ အဲဒီအခါမှာ ရှင်သုဒိန်ကလဲ သားမျိုးစေ့ပေးလိုက်တော့တယ်။

ရှင်သုဒိန်ဟာ သားမျိုးစေ့ပေးပြီးတဲ့ နောက်ပိုင်းကာလမှာ သာသနာတော်နှင့် မသင့်လျော်သောအမှုကို ငါပြုမိပါပေါ့တကားလို့ တစိမ့်စိမ့်တွေးပြီးတော့ နောင်တတရားတွေရဲ့ နှိပ်စက်တာကိုခံရပြီးတော့ မစားနိုင် မအိပ်နိုင် တမှိုင်မှိုင် တစ်တွေတွေဖြစ်ပြီး သူ့ရဲ့ခန္ဒာကို ပိန်ချုံးလာပြီးတော့ အရေအဆင်းကလဲ ရော်ရွက်ဝါလေးလို ဖြစ်လာခဲ့တယ်။

ဒီအခါမှာ အခြားရဟန်းတော်တွေက ရှင်သုဒိန်ကိုမေးကြတယ်။ ရှင်သုဒိန်ကလဲ သူရဲ့ဖြစ်ပုံကို အားလုံးမချွင်းမချန် ပြောပြလိုက်တယ်။ ဒီအခါမှာ ရဟန်းတော်တွေက ရှင်သုဒိန်ကို ကဲ့ရဲ့ရှုတ်ချပြီးတော့ ရှင်သုဒိန်လုပ်ပုံတွေကို ဘုရားထံ သွားပြီးလျှောက်ကြတယ်။ အဲဒီအခါမှာ ဘုရားရှင်က ရှင်သုဒိန်ကို မောဃပုရိသလို့ ကဲ့ရဲ့ပြစ်တင်ပြီးတော့ ...

(မောဃပုရိသ=မဂ်ဖိုလ်မှ ကင်းဆိတ်သွားသော မဂ်ဖိုလ်မရနိုင်တော့သော အချည်းနှီးသောသူ)

ယော ပန ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေဝေယျ ပါရာဇိကော ဟောတိ အသံဝါသော။

အကြင်ရဟန်းသည် မေထုန်ကို မှီဝဲငြားအံ့။ ထိုရဟန်းသည် ပါရာဇိကကျ၍ ရဟန်းကောင်းတို့နှင့် ကံကြီးကံငယ် ပေါင်းသင်းခွင့်မရှိ။ လို့ ပဌမပါရာဇိကသိက္ခာပုဒ်တော်ကို ဘုရားရှင်ဟာ ပညတ်တော်လိုက်တယ်။ (အပြည့်အစုံတော့ မဟုတ်သေးပါ။ ဤပညတ်တော်သည် မူလပညတ်တော်သာ ဖြစ်ပါသည်။)

(ဆက်လက်တင်ပြပေးပါမည်)

........................................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

ဝိနည်းကျင့်ဝတ်ခေါ် ရဟန်းကျင့်ဖွယ် (၂၂၇)သွယ် (အပိုင်း-၅)

ရှင်သုဒိန်ရဲ့ဖခင် သူဌေးကြီးဟာ ယနေ့ သားရဟန်းအိမ်ကို ကြွလာမယ်ဆိုတာသိလို့ နံနက်ခင်းကထဲက လက်ခုပ်တစ်ဖောင်လောက်စီမြင့်သော ရွှေပုံကတစ်ပုံ ငွေပုံကတစ်ပုံ ပုံထားပြီးတော့ ရွှေပုံငွေပုံနှစ်ပုံအလယ်မှာ နေရာခင်းထားပြီးတော့ ချွေးမကိုလည်း အလှဆုံးဖြစ်အောင် ပြင်ဆင်ခိုင်းထားပါတယ်။ ( ချွေးမဆိုသည်မှာ ရှင်သုဒိန်ရဟန်းမ၀တ်ခင် လူ့ဘ၀တုနုးက ဇနီးမယားကိုဆိုလိုသည်)

ရှင်သုဒိန်ကြွလာတဲ့ အခါမှာ ဖခင်သူဌေးကြီးက `` ချစ်သား..ဟောဒီ ရွှေပုံနှင့် ငွေပုံသည် သားရဲ့မိခင်ဖြစ်သူ အဖေနဲ့ လက်ထပ်ခဲ့စဉ်တုန်းက သနပ်ခါးဖိုး ပန်းဖိုးအဖြစ်နဲ့ သားရဲ့ဘိုးဘွားများက သားမိခင်ကို ပေးလိုက်တဲ့ ဥစ္စာကလေးများဖြစ်တယ်။ ဘိုးဘွားမိဘ အမွေအနှစ်နဲ့ ကူးသန်းရောင်ဝယ်လို့ ရရှိတဲ့ ပစ္စည်းဥစ္စာတွေမှာ မရေမတွက်နိုင်အောင် များပြားလှပါတယ်။ လူထွက်ပြီး ကုသိုလ်ကောင်းမှု ပြုချင်တိုင်းပြုနိုင်ပါတယ်။ လူထွက်ပါတော့´´လို့ ဖျောင်းဖျပြောဆိုပါတယ်။ (ဘုရားခေတ်က အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှုအရ လက်ထပ်၍ပြီးသောအခါ မိန်းကလေးဖြစ်သူက ယောကျာင်္းလေး၏အိမ်သို့ လိုက်ပါသွားကြရပါတယ်။ အဲဒီလိုမျိုး လိုက်ပါသွားစဉ်က ရှင်သုဒိန်ရဲ့ ဘိုးဘွားများက သူတို့သမီး ယောက္ခမအိမ်ရောက်ရင် သနပ်ခါးဝယ်လိမ်းဖို့ ပန်းဝယ်ပန်ဖို့ ပေးလိုက်သော ဥစ္စာများဖြစ်သည်-ဟူလို)

ထိုအခါမှာ ရှင်သုဒိန်က လူမထွက်နိုင်တဲ့အကြောင်း သာသနာဘောင်မှာ အလွန်မွေ့လျော်၍ သာသနာတော်မှာသာ နေလိုကြောင်းကို ပြောပြသော်လည်း မရသဖြင့် တတိယအကြိမ်မှာ ``ဖခင်..ဆွဲမထုတ်ဘူးဆိုလျှင် စကားတစ်ခွန်းလောက် ပြောချင်စမ်းတယ်´´ အစချီ၍ ``ပြောတာပေါ့´´ ခွင့်ပြုသောအခါမှာ ``ဖခင်...ဖခင်၏ ရွှေငွေစသော ရတနာတွေကို အိတ်ကြီးတွေထဲမှာ ထည့်ပြီးတော့ လှည်းပေါင်းများစွာဖြင့် သယ်ယူပြီးလျှင် ဂင်္ဂါမြစ်လယ်ခေါင်မှာ သွားပစ်ချပြီးတော့ ရေမျှောလိုက်ပါ၊ အဲသလိုမျိုး လုပ်ပစ်လိုက်လျှင် ဖခင်မှာ စိုးရိမ်ကြောင့်ကြကင်း၍ ချမ်းသာခြင်းဖြစ်ပါလိမ့်မည်´´ ဟု ပြောဆိုလိုက်ပါတယ်။

သူဌေးကြီးဟာ သားဖြစ်သူ ရဟန်းတော်ရှင်သုဒိန်ရဲ့ စကားကိုကြားပြီးတော့ အလွန်စိတ်မချမ်းမသာဖြစ်သွားပါတယ်။ သူကိုယ်တိုင် သားဖြစ်သူကို ဖျောင်ဖျပြောဆိုလို့မရတဲ့အခါမှာ ချွေးကို ဖြားယောင်းခိုင်းပါတော့တယ်..။

...............................................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

ဝိနည်းကျင့်ဝတ်ခေါ် ရဟန်းကျင့်ဖွယ် (၂၂၇)သွယ် (အပိုင်း-၄)

ထိုသို့နေစဉ်မှာပဲ ၀ဇ်ဇီတိုင်းတစ်ခုလုံး ငတ်မွတ်ခြင်းဘေးကြီး ဖြစ်ပွားခဲ့တယ်။ ဒီအခါမှာ ရှင်သုဒိန်ဟာ အခြားရဟန်းများနှင့် မိမိပါ ဆွမ်းကိစ္စလွယ်ကူစေရန် မယ်တော်ခမည်းတော်နှင့် ဆွေမျိုးများကို အားကိုးသောအားဖြင့် ရဟန်းများစွာကို ပင့်ခေါ်ပြီးတော့ ကလန္ဒရွာသို့ ကြွလာခဲ့ကြတယ်။ ထိုသို့ကြွလာကြောင်းကို ဆွေမျိုးများက ကြားသိကြ၍ ဆွမ်းအိုးအလုံးပေါင်း (၆၀)လောက်ကို ပို့လှုပေးကြပါတယ်။ ဒီအခါမှာ ရှင်သုဒိန်ဟာ ဆွမ်းအိုး(၆၀)လောက်ကို အခြားရဟန်းတော်များအား လှုဒါန်းပြီးတော့ မိမိကတော့ သပိတ်ပိုက်ကာ ရွာထဲကိုဆွမ်းခံ ထွက်ခဲ့ပါတယ်။

ဒီအခါမှာ မိမိ၏အိမ်မှ ကျွန်မတစ်ယောက်သည် ကျွန်များပင်မစားချင်လောက်အောင် သိုးနေသော မုယောမုန့်တို့ကို လမ်းသို့စွန့်ပစ်ရန် ထွက်အလာမှာ ရှင်သုဒိန်နဲ့ မျက်နှာချင်းဆိုင် ပက်ပင်းတိုးတွေ့ကြပါတယ်။ ရှင်သုဒိန်က ``အဲဒီမုန့်တွေကို စွန့်ပစ်မှာဆိုရင် ငါ့သပိတ်ထဲကိုသာ လောင်းထည့်လိုက်ပါ´´လို့ ပြောကြားလိုက်ပါတယ်။ ကျွန်မလောင်းထည့်တဲ့ မုန့်အသိုးတွေကို ရွာထဲမှာရှိတဲ့ ဇရပ်ပေါ်ကိုသွားပြီးတော့ ဘုဉ်းပေးတော်မူရှာပါတယ်။

ရှင်သုဒိန်ရဲ့အဖေသူဌေးကြီးက သူ့သားရဟန်းကြွလာတာကို မသိဘူးလား အခြားဆွေမျိုးများကကော သွားပြီး အကြောင်းမကြားကြဘူးလားလို့ မေးစရာတစ်ခု ဖြစ်လာပြန်ပါတယ်။ ရှင်သုဒိန်ရဲ့အဖေ သူဌေးကြီးဟာ သားရဟန်းကြွလာတာကို မသိရှာပါဘူး။ အခြားဆွေမျိုးများကလည်း မိဘသဘောမတူပဲ ရဟန်းဝတ်သွားတာဆိုတော့ ရှင်သုဒိန်ကြွလာတယ်လို့ သူဌေးကြီးကို သွားမပြောရဲတဲ့အတွက် သွားမပြောကြပါဘူး။

ကျွန်မကလည်း ရှစ်နှစ်လောက် တစ်ခါမှပြန်မတွေ့ပဲ ကွဲနေကွာနေတာတစ်ကြောင်း ဘုန်းကြီးဝတ်လိုက်တော့ ကတုံးကြီးနဲ့လည်းဖြစ်နေတာကတစ်ကြောင်း လူ့ဘ၀ကလိုမျိုး မဟုတ်တော့ပဲ ရုပ်ရည်ကပြောင်းလဲ သွားတာကတစ်ကြောင်းဆိုတော့ ရှင်သုဒိန်ကို သူတို့သခင်လေးဆိုတာ ရုတ်ချည်းမမှတ်မိပါဘူး။ နောက်မှ အသံနဲ့ လက်ခြေအနေအထားတို့ကို သတိထားမိပြီးမှ စဉ်းစားရင်းနဲ့ မိမိတို့ရဲ့ သခင်လေးသုဒိန်ဆိုတာကို သိလိုက်ရပါတယ်။

သေချာပြီဆိုမှ သူတို့ရဲ့အရှင်သခင် သူဌေးမကြီးကို သွားပြောပါတယ်။ သူဌေးကြီးက သူ့သားကိုလိုက်ခေါ်တော့ ဇရပ်ပေါ်မှာ မုန့်အသိုးတွေကို ဘုဉ်းပေးနေတာကို တွေ့တဲ့အခါမှာ ရင်ထုမနာတွေဖြစ်ပြီးတော့ အိမ်ကိုပင့်ပါတယ်။ ``ဒီကနေ့အတွက်တော့ ဆွမ်းကိစ္စပြီးပါပြီ´´လို့ ပြောပြီး ရှင်သုဒိန်က ငြင်းလိုက်ပါတယ်။ ဒီအခါမှာ သူဌေးကြီးက မနက်မှာ အိမ်ကိုဆွမ်းစားကြွပါလို့ ပင့်ပြီးပြန်သွားပါတယ်။

(ဆက်လက်တင်ပြပေးပါမည်)

.....................................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »