Sunday, March 25, 2012

သရဲ စုန်း နဂါးတို့အကြောင်း တစေ့တစ်စောင်း..


6:04 PM ပြည်ငြိမ်းချမ်း: လွန်ခဲ့တဲ့ ၂လလောက်က ကျွန်တော်ပြောတဲ့ သေဆုံးသူ အကြောင်း သတင်းတစ်ခု၇ပါတယ်ဘု၇ား တပည့်တော့်အမပြောပြတာပါ။
6:06 PM သေဆုံးသူဟာ ဘုန်းကြီးဝတ်နဲ့ သူ့ အဖေဘု၇ား၇ိုခိုးခန်းထဲ လာပြီး ထိုင်သွားတယ်လို့ ပြောတယ်ဘု၇ား। ဘယ်လိုစဖြစ်လဲဆိုတော့ သေဆုံးသူရဲ့ အမေက ဈေးသွားဖို့အတွက် ပြင်ဆင်ပြီး ဈေးကိုစတင်ထွက်လာတယ် လမ်းတစ်ဝတ်လောက်ကျတော့ အမေဆိုပြီးလှမ်းခေါ်လို့ သူ့ အိမ်မှာ ကျန်ခဲ့တဲ့ သားအကြီးခေါ်တယ်ဆိုပြီး ပြန်လှည့်သွားတယ် အိမ်ေ၇ာက်တော့ သားကြီးကိုမေးတော့ သူခုမှ အိပ်၇ာထတဲ့ အကြောင်းပြောပါတယ် ဒါကမနက်အစောပိုင်းဖြစ်သွားတာပါ .
6:08 PM သေဆုံးသူရဲ့အမေကဈေးကပြန်လာပြီး အိမ်ေ၇ာက်တော့ သူ့ ယောကျာင်္း ဆူပူအော်ဟစ်နေတာကြားလို့ သွားမေးကြည့်တော့ ဘုန်းကြီးတပါးလာတာ ဘယ်သူ မှ ဆွမ်းထွက်မလောင်းလို့ ဆိုပြီး ဒေါကန်နေတယ်တဲ့....ဖြစ်ချင်တော့ သေဆုံးသူရဲ့ အကိုက အောက်မှာ၇ှိနေလို့ သူ့ ကိုမေးတော့ ဘယ်ဘုန်းကြီးမှ မလာပါဘူးတဲ့ အကယ်၍ လာခဲ့မယ်ဆို၇င် အိမ်အောက်ထပ်မှာဘဲ လာ၇မှာပေါ့ ဘယ်လိုဖြစ်လို့ ဘု၇ားခန်းထိ တက်သွား၇မှာတုန်းတဲ့
6:09 PM ဒီလို အငြင်းပွားနေစဉ် ဆွမ်းခံကြွတဲ့ ဘုန်းကြီးေ၇ာက်လာေ၇ာ।ဒီလိုနဲ့ သေဆုံးသူဖခင်က ပြောပါတယ်ဘု၇ား
6:10 PM ဘု၇ားခန်းထဲလာပြီး မျက်နာဘေးဒိုက်လာထိုင်ပြီး ဘာမှမပြောဘူးတဲ့...
သူက ဘု၇ား၇ိုခိုးတာ တို့ လို့ တန်းလန်းကြီးဖြစ်နေလို့ဆိုပြီး မထလှူတော့တာတဲ့.
6:11 PM ကြေးစည်တီးပြီး သာဓု ၂ခါခေါ်ယုံဘဲရှိသေးတယ် ဒီဘုန်းကြီးပျောက်သွားတယ်တဲ့
အဲ့ဘုန်းကြီးက မျက်နာတစ်ခြမ်းဘဲ ပေါ်တော့ဘယ်သူမှန်း သူကမခန့် မှန်းမိလောက်ဘူးတဲ့ ဘု၇ား
6:12 PM ဒါပေမဲ့ သူ့ သေဆုံးသူသားရဲ့ မျက်နာတော့ အတော်ဆင်တယ်လို့ ပြောပါတယ်ဘု၇ား
6:13 PM အဲ့လို့ တကယ်လာလို့ ၇လားဘု၇ား.အိမ်မက်မဟုတ်ဘဲ ကိုယ်တိုင်လာပီး ဘာလာလုပ်တာလဲဘု၇ား
တပည့်တော်သိချင်လို့ ပါ
အကယ်၍ သေဆုံးသူမဟုတ်ဘဲ တခြား သရဲေ၇ာ မဖြစ်နိုင်ဘူးလားဘု၇ား

6:14 PM me: ဒကာပြောတဲ့အတိုင်းဆိုရင် သူက အမျှလာယူတာပါ သူကျွတ်ချိန်တန်လို့ ကျွတ်ဖို့အတွက် ကုသိုလ်အထောက်အပံ့လိုနေလို့ အမျှလာယူတာပါ အဲဒီထက် ကောင်းတဲ့ဘုံဘ၀ကို သူရောက်သွားပြီဆိုတဲ့သဘောပါ
ပိုသေချာသွားအောင် သူ့အတွက် ကုသိုလ်တစ်ခုခုလုပ်ပေးလိုက်ပါ

6:18 PM ပြည်ငြိမ်းချမ်း: တင်ပါ့ဘု၇ား ဒါပေမဲ့ သေဆုံးသူရဲ့ ဦးလေးကို သေဆုံးသူကပြောပါတယ်တဲ့ သူကနောက်၁နှစ် အောင်ချမ်းသာဆိုတဲ့ စေတီငယ်မှာနေ၇ဦးမှာတဲ့ဘု၇ား। အဲ့ဘ၀ကကျွတ်မှ ရှမ်းပြည်နယ်က ၇ှမ်းအမျိုးသမီးထံ ကိုယ်ဝန်ယူမှာဖြစ်ကြောင်း । ဒီရှမ်းအမျိုးသမီးဆီမှာ သူနဲ့ ဆို ကလေး၃ေ၇ာက်၇ကြောင်း ၃ယောက်ထဲတွင် သူသည်သာ ယောကျာင်္းလေး ဖြစ်ကြောင်း। ဘဘကြီးက တပည့်တော် အမထံ।ပြောပါတယ်ဘု၇ား ဒါပြောတာ ၂နှစ်လောက်တော့ရှိပြီဘု၇ား

6:19 PM me: လွန်ခဲ့တဲ့နှစ်နှစ်ကပြောတာဆိုတော့ ဦးဇင်းကတော့ထင်ပါတယ် သူအခုချိန်ဆိုရင် ဗိုက်ထဲရောက်နေလောက်ပါပြီ အတိအကျတော့ ဦးဇင်းလဲ တန်ခိုးရှင်မဟုတ်တော့မသိဘူးပေါ့

6:20 PM ပြည်ငြိမ်းချမ်း: တင်ပါ့ဘု၇ား......

6:21 PM သရဲတို့ မကောင်းဆိုးဝါးတို့ စုန်းတို့က တကယ်၇ှိလားဘု၇ား ။

10 minutes
6:31 PM me: သရဲဆိုတာက ပြိတ္တာမျိုးစိတ်တစ်ခုပါ
6:32 PM စုန်းဆိုတာ နဂါး ဂဠုန် ကုမ္ဘာန် ယက္ခ ဂန္ဓဗ္ဗဆိုတဲ့ထဲက
ဂန္ဓဗ္ဗနတ်ရဲ့ မျိုးစိတ်တစ်ခုပါ

6:34 PM ပြည်ငြိမ်းချမ်း: တင်ပါဘု၇ား
ဒါပေမဲ့ ခုခေတ်မှာ တကယ်၇ှိနိုင်သေးသလား ဘု၇ား

me: ရှိတာပေါ့ မြို့ပေါ်မှာသာ ထင်ထင်ရှားရှား မရှိတော့တာ
6:35 PM ဦးဇင်းတို့ ရွာဘက်တွေမှာဆိုရင် အခုထိရှိနေပါသေးတယ်
လပြည့်လကွယ်ညတွေမျာ စုန်းမီးတောက်တာတွေတောင်မြင်ရပါတယ်

6:36 PM ပြည်ငြိမ်းချမ်း: စုန်းမီးတောက်တယ်ဆိုတာ ဘာကိုဆိုလိုချင်တာလဲ ဘု၇ား တပည့်တော် ဒါတွေနားမလည်လို့ ပါ

me: မီးလုံးကြီးတွေ ကောင်ကင်မှာ လှုပ်ရှားသွားလာနေကြတာတွေပါ
သူတို့အချင်းချင်း ပညာပြိုင်ကြတာဖြစ်တယ်လို့ လူကြီးတွေကပြောဘူးတယ်
6:37 PM ရွာအပြင်လယ်ကွင်းတွေထဲမှာပေါ့
ရှုံးတဲ့မီးလုံးက မြေပေါ်ပြုတ်ကျတယ်တဲ့

ပြည်ငြိမ်းချမ်း: မြေပေါ်ပြုတ်ချတော့ တကယ့်မီးလုံးကြီးဘဲလား ဘု၇ား

6:38 PM me: ဦးဇင်းတို့ရွာကျောင်းက ရွာအစွန်ဆုံးဆိုတော့ လပြည့်လကွယ်ညတွေမှာဆိုရင် မီးလုံးတွေကို ကျောင်းပေါ်ကနေလှမ်းမြင်ရတယ်
6:39 PM လက်ညှိုးထိပ်ကို တံထွေးစွတ်ပြီးတော့ မီးလုံးတည့်တည့်ကို မှန်းပြီးထိုးလိုက်ရင်
မီးလုံးက ကိုယ့်ဆီကို ရောက်လာတယ်လေ
တစ်ညက မီးလုံးခေါ်ကြတယ်
ကျောင်းပေါ်အထိ မီးလုံးကတက်လာတယ်
ကျောင်းတံခါးပေါက်တွေကို အကုန်ပိတ်ပြီးတော့
6:40 PM သင်္ကန်းတွေ တံမြက်စီးတွေနဲ့ ၀ိုင်းရိုက်ကြတယ်လေ
နောက်ပိုင်း အပေါက်သေးသေးလေးကနေ ထွက်ပြေးသွားတယ်
မြင်လို့ လယ်ကွင်းတွေထဲအထိ
လိုက်ရိုက်ကြတယ်
ညောင်ပင်တစ်ခုပေါ်ကိုတက်သွားလို့
6:41 PM ကောက်ရိုးတွေ အပင်ခြေမှာ ပုံပြီး မီးရှို့ ပြီးပြန်လာခဲ့ကြတယ်
သိပ်ငယ်တော့ ဒီလောက်ပဲ မှတ်မိတော့တယ်

ပြည်ငြိမ်းချမ်း: တင်ပါ့ဘု၇ား॥ဒါဆို ဒီမီးလုံးထဲမှာ ဘာရှိသလဲဘု၇ား .... လူ၇ှိတာလား ဘု၇ား

6:42 PM me: သူ့ကိုယ်သူ မီးလုံးအဖြစ် ပြောင်းလဲဖန်ဆင်းထားတာပါ

6:43 PM ပြည်ငြိမ်းချမ်း: အော်।ဟုတ်ကဲ့ဘု၇ား. တပည်တော်၇ှင်း၇ှင်းပြော၇၇င် ဒါပထမဦးဆုံးကြားဘူးတာပါဘု၇ား

me: စုန်းဆိုတာက လူရဲ့ကိုယ်အတွင်းထဲကို ဂန္ဓဗ္ဗနတ်ကို အတတ်ပညာနဲ့သွင်းထားပြိးတော့
အဲဒီနတ်ကို ခိုင်းစားတာပါ

6:44 PM ပြည်ငြိမ်းချမ်း: နတ်ကိုခိုင်းတယ်ဆိုတာ ဘယ်လိုမျိုးလဲဘု၇ား
စုန်းတွေက နတ်တွေကို ခိုင်းလို့ ၇တယ်ပေါ့

6:45 PM me: လူမိန်းမက သူ့ဗိုက်ထဲကို နတ်ကိုထည့်ထားတယ် ပြီးတော့ နတ်ကို သူဖြစ်ချင်သလို လုပ်ခိုင်းတယ်
နတ်က သူ့တန်ခိုးနဲ့ လုပ်ပေးတယ်
ဘယ်လိုခိုင်းလဲဆိုတာတော့ သူတို့ကိုသွားမေးမှပဲ အတိအကျ သိနိုင်ပါလိမ့်မယ်

6:46 PM ပြည်ငြိမ်းချမ်း: အဟီးးးတင်ပါ့ပါဘု၇ား.....စုန်းတွေက နတ်တွေကိုခိုင်းလို့ ၇တယ်ပေါ့ ဘု၇ား

me: လူမိန်းမက သူ့ဗိုက်ထဲကို နတ်ကို ထည့်လိုက်ပြီဆိုမှ စုန်းလို့ခေါ်တာပါ
တန်ခိုးသိပ်ကြီးတဲ့ နတ်မျိုးတော့ ဘယ်ထည့်လို့ရမှာလဲ

6:48 PM ပြည်ငြိမ်းချမ်း: တင်ပါ့ဘု၇ား ။ တန်ခိုးကြီးတဲ့နတ်ဆို သူ့ ကိုတောင်ပြန်ထဲ့သွားဦးမယ် :)

6:50 PM me: ဒီအကြောင်းကို ကျယ်ကျယ်ပြန်ပြန့်သိချင်ရင် လယ်တီဆရာတော်ကြိးရဲ့ အတော်ဆုံတပည့်ဖြစ်တဲ့ သေက္ချတောင်ဆရာတော် အရှင်တိလောက ရေးတဲ့ “ပဏ္ဍိတဝေဒနီယဒီပနီကျမ်း”မှာဖတ်ကြည့်လိုက်ပါ
ကဲ ဘာသိချင်သေးလဲ

ပြည်ငြိမ်းချမ်း: ဒါဆို စုန်းတွေက ဘယ်ကနေဘယ်လို ၀ဋ်ကြွေးကြောင့်ဖြစ်တာလဲ ဘု၇ား.အ၇င်ဘ၀က ဆုတောင်းမှားခဲ့လို့ လားဘု၇ား . .

6:51 PM me: စုန်းဝဋ်ကြွေးမဟုတ်ပါဘူး နတ်ဝဋ်ကြွေးပါ ဂန္ဓဗ္ဗနတ်ဆိုတာက ပုံမှန်ဆိုရင်တော့ သူက နံ့သာပင်မှာ သန္ဓေတည်ပြိးဖြစ်တဲ့ နတ်ပါ ကံဆိုးတော့ နံ့သာပင်မှာမဖြစ်ပဲ လူမိန်းမရဲ့ဗိုက်ထဲမှာသွားဖြစ်တာမျိုးပါ
6:52 PM ဒါကိုတော့ ၀မ်းတွင်းပါစုန်းလို့ခေါ်ကြတယ်လေ
တချို့မိန်းမတွေကြတော့ သင်ယူလို့ တတ်တာဖြစ်တယ်
သူတို့ကတော့ ၀မ်းတွင်းပါစုန်းတွေရဲ့အကူအညီနဲ့ နတ်ကို သူတို့ဗိုက်ထဲကို တမင်ထည့်လိုက်တာလို့ ဦးဇင်းက ယူဆထားတယ် ဒါက ဦးဇင်းရဲ့ယူဆချက်ပါ

6:53 PM စုန်းတိုင်း မကောင်းတာတော့မဟုတ်ပါဘူး
အများစုက မကောင်းတာပါ

ပြည်ငြိမ်းချမ်း: တပည့်တော် ၀မ်းတွင်းပါစုန်း တော့ သိပါတယ်ဘု၇ား တပည့်တော်အမရဲ့ သူငယ်ချင်းက ၀မ်းတွင်းပါစုန်းပါ.သူ့ ကြောင့် သေဆုံးသူ သေ၇တယ်လို့ ဘဘကြီးပြောခဲ့ဘူးတယ်ဘု၇ား

6:54 PM me: အင်း ဒါကတော့ ကာယကံရှင်တွေပဲ အသိဆုံးဖြစ်ပါလိမ့်မယ် ဦးဇင်းက မှတ်ချက်ပေးဖို့ မသင့်တော်ပါဘူး

6:56 PM ပြည်ငြိမ်းချမ်း: အ၇ှင်ဘု၇ား တပည့်တော်ကြောင့်စိတ်အနှောက်အယှက် ဖြစ်တယ်ဆို ပြောပါဘု၇ား॥ တပည်တော့ နောက်တစ်ခု မေးချင်လို့ ပါဘု၇ား ......

me: မဖြစ်ပါဘူး မေးပါ ဦးဇင်းဖြေနိုင်တဲ့ မေးခွန်းဆိုရင် ဖြေပေးဖို့အဆင်သင့်ပါ

6:57 PM ပြည်ငြိမ်းချမ်း: နဂါးဆိုတာ တကယ်၇ှိပါသလား ဘု၇ား.
နဂါးတွေက ဘာကြောင့် တပည့်တော်တို့ မမြင်၇တာလဲ ဘု၇ား.
နဂါးတွေက ဘယ်လို ကုသိုလ်ကံလုပ်လို့  သူတို့ ဒီဘ၀၇တာလဲဘု၇ား

me: မြွေဆိုတာလဲ နဂါးပါပဲ တန်ခိုးမရှိတဲ့ နဂါးတွေပေါ့
6:58 PM တန်ခိုးရှိတဲ့နဂါးများကြတော့ သူတို့က မမြင်စေချင်တော့ ကိုယ်ကလဲ မြင်နိုင်တဲ့ အစွမ်းအစမရှိတော့ မမြင်ရဘူးပေါ့။ ကိုယ်မှာ မြင်နိုင်တဲ့ အစွမ်းအစရှိထားမယ်ဆိုရင် သူတို့က မမြင်စေချင်လဲ ကိုယ်က သူတို့ထက် တန်ခိုးကြီးမယ်ဆိုရင် မြင်နိုင်ပါတယ်။

6:59 PM စလောင်းတွေမှာလွှင့်တဲ့ တချို့တိရိစ္ဆာန်တွေဆိုရင် ပုံသဏ္ဍာန်ပြောင်းလို့ ၇တာမျိးတွေရှိတယ်လေ။ ဒါမျိုးတွေကတော့ ကမ္မဇိဒ္ဓိလို့ခေါ်တာပေါ့။

ပြည်ငြိမ်းချမ်း: တင်ပပါဘု၇ား......
7:00 PMဒါဆို နဂါးတွေကဘယ်မှာနေပါလဲ ဘု၇ား

me: ကုန်းပေါ်နေတဲ့နဂါးေ၇ထဲနေတဲ့ နဂါးလို့ အကြမ်းအားဖြင့် ခွဲခြားကြတယ်

7:01 PM ပြည်ငြိမ်းချမ်း: ကုန်းပေါ်နေတဲ့ နဂါးဆို သူတို့ က အကြမ်းအားဖြင့် ဘယ်မှာနေပါသလဲဘု၇ား တပည်တော့ သိခွင့်၇ပေါ့မလား ?????

me: ကုန်းပေါ်နေတဲ့နဂါးေ၇ထဲနေတဲ့နဂါးလို့ အကြမ်းအားဖြင့် ခွဲခြားကြတယ်
7:02 PM အင်း တန်ခိုးရအောင် တရားအားထုတ်လိုက်ပါဒကာ
ဦးဇင်းလဲအဲလောက်တော့ မဖြေတတ်တော့ပါဘူး
7:03 PM စာထဲပါတာတွေတော့ ရှိပေမယ့်
ဒကာက အတိအကျ သိချင်နေတော့ အဲဒါတွေပြောလဲ
ဒကာ့ကို စိတ်ကျေနပ်မှုဖြစ်မှာ မဟုတ်လောက်ဘူးလို့ ထင်တယ်

7:04 PM ပြည်ငြိမ်းချမ်း: ဟီးဟီး। တင်ပပါဘု၇ား .....

7:05 PM တပည့်တော်က မိဘတွေ ဘိုးဘွားတွေမေးလဲ ဒီအတိုင်းဘဲပြောတယ်

me: တချို့မေးခွန်းတွေက သူများအဖြေပေးလို့ရတာထက် ကိုယ်တိုင်ဖြေကြည့်လိုက်တာက ပိုကောင်းပါတယ်
ဒကာအဲဒီအဖြေကိုရဖို့ ဒကာကိုယ်တိုင် အဖြေထုတ်ကြည့်လိုက်ပါ
7:06 PM ပြည်ငြိမ်းချမ်း: တင်ပါဘု၇ား
တပည့်တော် သိချင်တာ မေးခွင့်၇တဲ့အတွက် ကျေးဇူးတင်ပါတယ်ဘု၇ား

7:08 PM me: အင်း မေးစရာမရှိတော့ဘူးဆိုရင် ဦးဇင်းအောက်တော့မယ်နော်
ပျော်ရွှင်ချမ်းမြေ့ပါစေ

7:09 PM ပြည်ငြိမ်းချမ်း: တင့်ပပါဘု၇ား

....................................................................................................မိုးသု(မန္တလေး)
ဆက်လက်ဖတ်ရှူရန် »

Monday, March 19, 2012

ဓမ္မစကူးလ်များကို တစ်နိုင်ငံလုံးအနှံ့ ဖွင့်လှစ်နိုင်ရန် စီစဉ်

ဘာသာရေးနှင့် ပညာရေးကို ပေါင်းစပ်သင်ကြားပေးမည့် ဓမ္မစကူးလ်များကို တစ်နိုင်ငံလုံး အနှံ့၌ ဖွင့်လှစ်သင်ကြားပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဓမ္မစကူးလ်၌ သင်ကြားပို့ချမည့် သင်ရိုးညွှန်တမ်းကိုလည်း တစ်နှစ်တာကာလအတွင်း အပြီးသတ် ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ရဟန်းသံဃာများနှင့် ကလေးငယ်များအကြား၌ ဆုတ်ယုတ်ကျဆင်းနေသည့် ဆက်ဆံရေးနှင့် ဘာသာရေးစိတ်ဓာတ် ကြွယ်ဝမှု နည်းပါးခြင်းတို့ကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားကြောင်း၊ ဓမ္မစကူးလ်၌ သင်ကြားပို့ချနိုင်ရန် ခေတ်မီသည့် သင်ရိုးညွှန်းတမ်းတစ်ခု လိုအပ်လျက်ရှိကြောင်း၊ သင်ရိုးညွှန်းတမ်း ပြုစုပြီးပါက စမ်းသပ်သင်ကြားမှုများ ပြုလုပ်၍ ပုံနှိပ်ထုတ်ဝေ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ဓမ္မစကူးလ်ဖြစ်မြောက်ရေး စုပေါင်းအစည်းအဝေးကို ယခုလ ၁၄ ရက်တွင် စိန်ရတနာ ဓမ္မစရိယ စာသင်တိုက်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အင်းစိန်၊ ရွာမ ဆရာတော်ကြီးမှူး၍ သံဃာတော်အပါး ၄၀ ဝန်းကျင်နှင့် သီလရှင်ဆရာလေးများ အပါအဝင် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

အစည်းအဝေး၌ ဓမ္မစကူးလ် သင်ရိုးညွှန်းတမ်း ဖြစ်မြောက်ရေး စီမံကိန်း အဆိုပြုလွှာကို တင်သွားခဲ့ကြောင်း သိရသည်။

“ဓမ္မစကူးလ်တွေ နေရာအနှံ့အပြားမှာ ဖွင့်လှစ်သင်ကြားနေတာ တွေ့ရပါတယ်။ ပညာရေးအသွင် မဟုတ်ဘဲ ဘာသာရေးအသွင် သင်ကြားနေကြတယ်လို့လည်း ယူဆရပါတယ်။ ပညာရေးအသွင် စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ဖို့ဆိုရင် သင်ရိုးညွှန်းတမ်း မရှိဘဲနဲ့ မဖြစ်ပါဘူး။ လိုအပ်ချက်ခေတ်မီ သင်ရိုးညွှန်းတမ်းတစ်ခုကို ဓမ္မစကူးလ် ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဘဒ္ဒန္တသာသနဝရက မိန့်တော်မူသည်။

ဗုဒ္ဓဘာသာကို ကိုးကွယ်ရန်ဟူ၍သာ လူအများသိရှိထားပြီး အသုံးချရန်ဟူသော အသိမှာ နည်းပါးနေကြောင်း၊ ဓမ္မစကူးလ်အတွက် သင်ရိုးညွှန်းတမ်းကို ဘာသာရေးဘက်မှ ခေါင်းဆောင်များနှင့် ပညာရေးဘက်မှ ပညာရှင်များ ပူးပေါင်းရေးဆွဲမည်ဖြစ်ကြောင်း ဆရာလေး ဒေါ်ကေတုမာလာက ဆိုသည်။

ဓမ္မစကူးလ်ဖြစ်မြောက်ရေး အစည်းအဝေးသို့ တက်ရောက်လာသည့် ရဟန်းသံဃာတော်များမှ အကြံပြုချက်များ မိန့်ကြားရာ၌ ဓမ္မစကူးလ်သည် ပညာရေးအသွင် ဖြစ်မြောက်ရန်နှင့် နိုင်ငံတကာသို့ ဖြန့်ကျက်နိုင်ရန် သင်ရိုးညွှန်းတမ်း ရေးရာတွင် အင်္ဂလိပ်စာကို ထည့်သွင်း သင်ကြားစေလိုကြောင်း၊ ထို့အပြင် ဓမ္မစကူးလ်၏ သင်ကြားရေးစနစ်များ ပိုမိုထိရောက်စေရန်အတွက် Meditation အစီအစဉ်ကိုလည်း သင်ရိုးညွှန်းတမ်း၌ ထည့်သွင်းပေးရန် လိုအပ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဆက်လက်ဖတ်ရှူရန် »

Monday, February 6, 2012

ဝိနည်းကျင့်ဝတ်ခေါ် ရဟန်းကျင့်ဖွယ် (၂၂၇)သွယ် (အပိုင်း-၈-၉)

ပဌမအနုပညတ်

အမှုသည်=တောကျောင်းဘုန်းကြီးတစ်ပါး

အမှု= မျောက်မ၌ မေထုန်မှီဝဲမှု

တစ်ခါတုန်းက ဝေသာလီပြည်အနီး မဟာဝုန်တောကြီးထဲမှာနေတဲ့ ရဟန်းတစ်ပါးဟာ မျောက်မတစ်ကောင်ကို အစာကျွေးပြီးတော့ အတော်ယဉ်ပါးလာတဲ့အခါမှာ အဲဒီမျောက်မနဲ့ မေထုန်အမှုပြုပါတယ်။

တစ်နေ့ အဲဒီတောကျောင်းဘုန်းကြီး ဆွမ်းခံသွားနေတုန်း အာဂန္တုရဟန်းတွေ ကျောင်းကို ရောက်ရှိလာပါတယ်။ အဲဒီအခါမှာ မျောက်မက ရဟန်းတွေရှေ့လာပြီးတော့ ကုန်းပြကွပြနဲ့ အထာပေးပါတယ်။ ပထမတော့ အာဂန္တုရဟန်းတွေဟာ အမှတ်တမဲ့ပါပဲ။ နောက်မှ မသင်္ကာတာနဲ့ တစ်နေရာမှာ ပုန်းနေလိုက်ကြပါတယ်။ အဲဒီအခါမှာ တောကျောင်းဘုန်းကြီးဟာ ဆွမ်းခံရာက ပြန်လာပြီးတော့ ဆွမ်းခံရာကရလာတဲ့ မုန့်ပဲသရေစာများကို မျောက်မကိုကျွေးပြီးတော့ မေထုန်မှုကို ပြုပါတော့တယ်။

ဒီအခါမှာ စောစောကပုန်းနေတဲ့ ရဟန်းတွေဟာ ထွက်လာပြီးတော့ ``ကိုယ်တော် ဘုရားက မေထုန်မှုမပြုရလို့ သိက္ခာပုဒ်ပညတ်ထားရဲ့သားနဲ့ ဘာလို့အခုလိုမျိုး ပြုလုပ်ရတာပါလဲ´´လို့မေးကြပါတယ်။

ဒီအခါမှာ တောကျောင်းဘုန်းကြီးက ``ဘုရားရှုင်သိက္ခာပုဒ်ပညတ်ထားတာဟာ လူမိန်းမများကိုသာ မေထုန်မှုမပြုရလို့ ပညတ်ထားတာဖြစ်တယ်။ တိရစ္ဆာန်မကို မေထုန်မှုမပြုရလို့ ပညတ်ထားတာ မဟုတ်ဘူး´´လို့ ပြန်ပြီး ဆင်ခြေပေးပါတယ်။ ထိုအခါ အာဂန္တုရဟန်းတွေက ကဲ့ရဲ့စကားပြောပြီးတော့ အဲဒီအကြောင်းကို ဘုရားရှင်ကို သွားလျှောက်ထားကြပါတယ်။

ဘုရားရှင်ကလဲ တောကျောင်းဘုန်းကြီးကို ကဲ့ရဲ့စကားဆိုပြီးတော့...

``ယော ပန ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေဝေယျ အန္တမသော တိရစ္ဆာနဂတာယပိ ပါရာဇိကော ဟောတိ အသံဝါသော။

အကြင်ရဟန်းသည် မေထုန်မှီဝဲအံ့၊ အောက်ထစ်ဆုံးအားဖြင့်(အယုတ်ဆုံးအားဖြင့်) တိရစ္ဆာန်မ၌သော်လည်း မှီဝဲအံ့၊ ထိုရဟန်းသည် ပါရာဇိကကျ၍ ရဟန်းကောင်း(ပါရာဇိကမကျသေးသောရဟန်း)တို့နှင့် အတူပေါင်းသင်းနေထိုင်ခွင့်မရှိ´´ဟု ပဌမအနုပညတ်တော်ကို ထပ်မံပညတ်လိုက်ပါတယ်။

ပါရာဇိကတို့ အာပတ်တို့ဆိုတဲ့ စကားလုံးတွေကို ဒကာဒကာမတို့ နားလည်ကြဦးမယ် မထင်ပါဘူး။ ဦးဇင်းကလဲ ရှင်းမပြသေးပါဘူး။ ဒါကြောင့် ဒီနေ့တော့ အဲဒီအကြောင်းကို ရှင်းပြပေးပါဦးမယ်။

အာပတ်ဆိုတဲ့စကားဟာ ``အာပတ္တိ´´ဆိုတဲ့ ပါဠိပုဒ်ကနေ ဆင်းသက်လာတဲ့ စကားဖြစ်ပါတယ်။

အာပတ္တိ=အပြစ်သင့်ခြင်း အပြစ်ရောက်ခြင်းလို့ အဓိပ္ပါယ်ရှိပါတယ်။ ဥပမာ=ဒီရဟန်းဟာ အာပတ်သင့်နေတယ်လို့ ပြောလိုက်ရင် ``ဒီရဟန်းဟာ အပြစ်သင့်နေတယ်´´လို့ နားလည်ရပါ့မယ်။

တစ်ခါ ဘာအပြစ်လဲဆိုတာ ထပ်မံခွဲခြားဖို့ လိုပြန်ပါသေးတယ်။ အာပတ်ခုနှစ်မျိုးရှိပါတယ်။ ကြုံရင်ကြုံသလို နည်းနည်းချင်းလေး ရှင်းပြပေးသွားပါ့မယ်။ အခု ပါရာဇိကအာပါတ်ကို ရှင်းကြရအောင်ပါ။

ပရာဇေတိ-သာသနာတော်မှ ဆုံးရှုံးစေတတ်၏၊ ဣတိ-ထို့ကြောင့်၊ ပါရာဇိကာ-ပါရာဇိကမည်၏။

ပါရာဇိကအာပါတ်သင့်တဲ့ ရဟန်းဟာ ရဟန်းမဟုတ်တော့ပါဘူး။ လူဖြစ်သွားပါတယ်။ ပါရာဇိကကျပြီးတဲ့ ရဟန်းကို ဘုရားပေါင်းအရာအထောင်တို့က ကမ္မ၀ါစာဖတ်ပေးရင်တောင် ရဟန်းမဖြစ်တော့ပါဘူး။ ခန္ဒာကိုယ်တစ်ခြား ဦးခေါင်းတစ်ခြား ပြတ်ပြီးသေတဲ့သူဟာ တစ်ဖန်ပြန်ပြီး အသက်မရှင်နိုင်တော့သလိုပါပဲ။ ပါရာဇိကျတဲ့ရဟန်းဟာလဲ သာသနာတော်တည်းဟူသော ဦးခေါင်းပြတ်ကျသွားတဲ့အတွက် တစ်ဖန်ပြန်ပြီး ရဟန်းမဖြစ်နိုင်တော့ပါဘူး။

အာပါတ်ခုနှစ်မျိုးမှာ အခြားအာပတ်ခြောက်ခုက အာပတ်ဖြေလို့ရပေမယ့် ပါရာဇိကအာပတ်ကတော့ သင့်ပြီးရင် ပြန်ဖြေလို့မရတော့ပါဘူး။ လူထွက်မှပဲ အာပတ်ပြေသွားပါတော့တယ်။ ပါရာဇိအာပတ်သင့်နေပြီး လူဝတ်မလဲပဲ သင်္ကန်းဆက်ဝတ်နေရင် မဂ်ဖိုလ်မရနိုင်တော့ပါဘူး။ လူထွက်မှ သို့မဟုတ် ကိုရင်ပါလို့ တရားဝင်ကြေငြာပြီးနေလိုက်မှ မဂ်ဖိုလ်ရနိုင်ပါတော့တယ်။

(ဆက်လက်တင်ပြပေးပါမည်)

..........................................................................................................မိုးသု(မန္တလေး)

“ဥပမာ တစ်နည်းအားဖြင့် အပူရှိလျှင် ထိုအပူမှ တစ်ပါးဖြစ်သော အအေးလည်းရှိသကဲ့သို့ ဤအတူ ရာဂမီး ဒေါသမီး မောဟမီး ဤမီးသုံးပါးထင်ရှားရှိလျှင် ထိုမီးသုံးပါးကို ငြိမ်းစေတတ်သော နိဗ္ဗာန်တရားကိုလည်း အလိုရှိအပ်(သိမှတ်အပ်)သည်သာတည်း”


“ဥပမာ တစ်နည်းအားဖြင့် မကောင်းမှု အကုသိုလ်တရား ထင်ရှားရှိလျှင် ကောင်းမှု ကုသိုလ်တရားလည်း ထင်ရှားရှိသကဲ့သို့ ဤအတူပင် ဇာတိပဋိသန္ဓေနေရခြင်း ဇာတိတရားထင်ရှားရှိလျှင် ထိုဇာတိကို ကုန်စေတတ်သည့် ပဋိသန္ဓေနေခြင်းကင်းရာ နိဗ္ဗာန်တရားကိုလည်း အလိုရှိအပ်(သိမှတ်အပ်)သည်သာတည်း”


ဤသို့ အကြံတော်ဖြစ်ပြီး ဆက်၍တဖန် လေးနက်စွာ အကြံတော်ဖြစ်ပြန်သည်မှာ...........


“ဥပမာအားဖြင့် မစင်တွင်း၌ ကျရောက်နေသော (တစ်နည်းအားဖြင့်=မစင်လိမ်းကပ်နေသော) ယောကျာင်္းသည် ကြာမျိုးငါးပါးတို့ဖြင့် တန်ဆာဆင်အပ်၍ ကြည်လင်သော ရေရှိသည့် တဖက်ဆည်ကန်ကြီးကို မျက်ဝါးထင်ထင် အဝေးမှ တွေ့မြင်နေရပါလျက် ထိုတဖက်ဆည်ကန်ကြီးသို့ သွားရောက်ရန် လမ်းမှန်ကို မရှာမှီးလျှင် ထို့သို့မရှာမှီးခြင်းသည် တဖက်ဆည်ကန်ကြီး၏ အပြစ်မဟုတ်၊ ထိုမစင်လိမ်းကပ်နေသော ယောကျာင်္း၏ အပြစ်သာဖြစ်သကဲ့သို့၊ ဤအတူ ကိလေသာ အညစ်အကြေးတို့ကို ဆေးလျှော်ရာဖြစ်သော နိဗ္ဗာန်တည်းဟူသော တစ်ဖက်ဆည်ကန်ကြီး ထင်ရှားရှိပါလျက် ထိုနိဗ္ဗာန်တည်းဟူသော တဖက်ဆည်ကန်ကြီးကို မရှာမှီးလျှင် ထိုသို့မရှာမှီးခြင်းသည် တဖက်ဆည်ကန်ကြီး၏ အပြစ်မဟုတ်”


(ဆက်လက်တင်ပြပေးပါမည်)


..................................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

ဝိနည်းကျင့်ဝတ်ခေါ် ရဟန်းကျင့်ဖွယ် (၂၂၇)သွယ် (အပိုင်း-၆-၇)

ချွေးမလုပ်သူဟာ အခန်းထဲကနေ ထွက်လာပြီးတော့ အရှင်သုဒိန်ရဲ့ ခြေထောက်ကိုဖက်ပြီးတော့ ``အရှင့်သား အရှင့်သားတို့ မျှော်မှန်းနေပြီးနေတဲ့ နတ်သမီးတွေဆိုတာ ဘယ်လောက်ထိများ လှပပါသလဲ´´လို့ မေးပါတယ်။ (ဘုရားသာသနာတော် တည်ထောင်ခါစက မင်းညီ မင်းသား သူဌေး သူကြွယ်သားတွေ ရဟန်းပြုသွားကြတဲ့အခါမှာ အမျိုးသမီးအသိုင်းအ၀ိုင်း၌ ထင်မြင်ချက်တွေအမျိုးမျိုး ပေးကြပါတယ်။ နောက်ဆုံးကြတော့ သူတို့ရဲ့ ထင်မြင်ချက်တွေကို ``ဒီအမျိုးသားတွေဟာ ငါတို့ထက်သာသော နတ်ကညာတွေကို လိုချင်ကြသဖြင့် ငါတို့ကို ထားခဲ့ပြီးတော့ ရဟန်းပြုသွားကြတာဖြစ်တယ်´´ဆိုတဲ့ ထင်မြင်ချက်ကိုပဲ အတည်ပြုပြီးတော့ သူတို့ရဲ့ စကားဝိုင်းကို အဆုံးသတ်လိုက်ကြပါတယ်။)

ထိုအခါ ရှင်သုဒိန်သည် တည်တည်ကြည်ကြည်ဖြင့် ``နှမ... နတ်ကညာတွေကို လိုချင်၍ ရဟန်းအကျင့်ကို ကျင့်နေတာ မဟုတ်ပါဘူး´´လို့ ပြောဆိုလိုက်ပါတယ်။ ဒီအခါမှာ ``ဇနီးဖြစ်ပါလျက်ကယ်နဲ့ နှမ..ဟု ခေါ်လျှက်လေခြင်း ငါ့မျှော်လင့်ချက်တွေတော့ မဖြစ်နိုင်တော့ပါဘူး´´လို့တွေးပြီး မူးမေ့ကာ လဲကျသွားပါတယ်။

သူမ၏ မျှော်လင့်ချက်ကား ``ရှင်သုဒိန်နဲ့သူ ပြန်ပြီးတော့ ပေါင်းဖက်ကြမယ်။ အဲဒီအခါမှာ သားသမီးတွေ မွေးဖွားလာမယ်။ အဲဒီအခါမှာ ဒီအမွေအနှစ်တွေကို ငါပိုင်ဆိုင်ရမှာဖြစ်တယ်´´ဆိုတဲ့ မျှော်လင့်ချက်ဖြစ်တယ်။ (``နှမ´´ဟူသော အသုံးအနှုန်းမှာ မောင်နှမရင်းလို သဘောထားသဖြင့် ``ဇနီး´´ မဖြစ်နိုင်တော့ကြောင်းကို ပြသော ရှေးသုံးစကားတစ်ခုဖြစ်သည်။)

ထိုအခါမှာ ရှင်သုဒိန်ရဲ့ မိခင်ကြီးက ``ငါ့သား တကယ်လူမထွက်တော့ဘူးဆိုရင် ရဟန်းဘ၀မှာပဲ ပျော်ရွှင်စွာနေပါတော့။ သို့သော်...သားသမီးမရှိသောကြောင့် ငါတို့သေရင် ငါတို့ရဲ့ ပစ္စည်းဥစ္စာတွေကို လိစ္ဆ၀ီမင်းတွေက သိမ်းရစ်ပါလိ့မ်မယ်။ ဒါကြောင့် သားတစ်ယောက်ရလောက်ရုံမျှ သားမျိုးလေးတော့ပေးထားခဲ့ပါ

(ဆက်လက်တင်ပြပေးပါမည်)

....................................................................................................မိုးသု(မန္တလေး)

အဲဒီအချိန်တုန်းက ရဟန်းတော်များ မေထုန်မှုမပြုရလို့ ဘုရားရှင်ပညတ်ထားတာ မရှိသေးတော့ ရှင်သုဒိန်ဟာ မေထုန်မှုပြုတာ အပြစ်မရှိဘူးလို့ ထင်ပြီးတော့ ဒီတစ်ခါလိုက်လျောလိုက်ရင် နောက်ထပ်နားပူရတော့မှာ မဟုတ်ဘူးလို့ တွေးပြီးတော့ ``ဒီကိစ္စလောက်ဆိုရင်တော့ ကူညီပေးနိုင်ပါတယ်လို့ ၀န်ခံလိုက်တယ်။

အဲဒီအခါမှာ မယ်တော်ကြီးဟာလည်း ချွေးမလုပ်သူကို ဥတုပန်းပွင့်ရင် သူ့ကို ပြောပါလို့မှာထားပြီးတော့ ဥတုပန်းပွင့်ပါပြီလို့ ချွေးမကလာပြောတဲ့အခါမှာ ရှင်သုဒိန်နေတဲ့ မဟာဝုန်တောကြီးထဲကို ချွေးမလုပ်သူနဲ့ နှစ်ယောက်အတူလာခဲ့ကြတယ်။ အဲဒီအခါမှာ ရှင်သုဒိန်ကလဲ သားမျိုးစေ့ပေးလိုက်တော့တယ်။

ရှင်သုဒိန်ဟာ သားမျိုးစေ့ပေးပြီးတဲ့ နောက်ပိုင်းကာလမှာ သာသနာတော်နှင့် မသင့်လျော်သောအမှုကို ငါပြုမိပါပေါ့တကားလို့ တစိမ့်စိမ့်တွေးပြီးတော့ နောင်တတရားတွေရဲ့ နှိပ်စက်တာကိုခံရပြီးတော့ မစားနိုင် မအိပ်နိုင် တမှိုင်မှိုင် တစ်တွေတွေဖြစ်ပြီး သူ့ရဲ့ခန္ဒာကို ပိန်ချုံးလာပြီးတော့ အရေအဆင်းကလဲ ရော်ရွက်ဝါလေးလို ဖြစ်လာခဲ့တယ်။

ဒီအခါမှာ အခြားရဟန်းတော်တွေက ရှင်သုဒိန်ကိုမေးကြတယ်။ ရှင်သုဒိန်ကလဲ သူရဲ့ဖြစ်ပုံကို အားလုံးမချွင်းမချန် ပြောပြလိုက်တယ်။ ဒီအခါမှာ ရဟန်းတော်တွေက ရှင်သုဒိန်ကို ကဲ့ရဲ့ရှုတ်ချပြီးတော့ ရှင်သုဒိန်လုပ်ပုံတွေကို ဘုရားထံ သွားပြီးလျှောက်ကြတယ်။ အဲဒီအခါမှာ ဘုရားရှင်က ရှင်သုဒိန်ကို မောဃပုရိသလို့ ကဲ့ရဲ့ပြစ်တင်ပြီးတော့ ...

(မောဃပုရိသ=မဂ်ဖိုလ်မှ ကင်းဆိတ်သွားသော မဂ်ဖိုလ်မရနိုင်တော့သော အချည်းနှီးသောသူ)

ယော ပန ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေဝေယျ ပါရာဇိကော ဟောတိ အသံဝါသော။

အကြင်ရဟန်းသည် မေထုန်ကို မှီဝဲငြားအံ့။ ထိုရဟန်းသည် ပါရာဇိကကျ၍ ရဟန်းကောင်းတို့နှင့် ကံကြီးကံငယ် ပေါင်းသင်းခွင့်မရှိ။ လို့ ပဌမပါရာဇိကသိက္ခာပုဒ်တော်ကို ဘုရားရှင်ဟာ ပညတ်တော်လိုက်တယ်။ (အပြည့်အစုံတော့ မဟုတ်သေးပါ။ ဤပညတ်တော်သည် မူလပညတ်တော်သာ ဖြစ်ပါသည်။)

(ဆက်လက်တင်ပြပေးပါမည်)

........................................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

ဝိနည်းကျင့်ဝတ်ခေါ် ရဟန်းကျင့်ဖွယ် (၂၂၇)သွယ် (အပိုင်း-၅)

ရှင်သုဒိန်ရဲ့ဖခင် သူဌေးကြီးဟာ ယနေ့ သားရဟန်းအိမ်ကို ကြွလာမယ်ဆိုတာသိလို့ နံနက်ခင်းကထဲက လက်ခုပ်တစ်ဖောင်လောက်စီမြင့်သော ရွှေပုံကတစ်ပုံ ငွေပုံကတစ်ပုံ ပုံထားပြီးတော့ ရွှေပုံငွေပုံနှစ်ပုံအလယ်မှာ နေရာခင်းထားပြီးတော့ ချွေးမကိုလည်း အလှဆုံးဖြစ်အောင် ပြင်ဆင်ခိုင်းထားပါတယ်။ ( ချွေးမဆိုသည်မှာ ရှင်သုဒိန်ရဟန်းမ၀တ်ခင် လူ့ဘ၀တုနုးက ဇနီးမယားကိုဆိုလိုသည်)

ရှင်သုဒိန်ကြွလာတဲ့ အခါမှာ ဖခင်သူဌေးကြီးက `` ချစ်သား..ဟောဒီ ရွှေပုံနှင့် ငွေပုံသည် သားရဲ့မိခင်ဖြစ်သူ အဖေနဲ့ လက်ထပ်ခဲ့စဉ်တုန်းက သနပ်ခါးဖိုး ပန်းဖိုးအဖြစ်နဲ့ သားရဲ့ဘိုးဘွားများက သားမိခင်ကို ပေးလိုက်တဲ့ ဥစ္စာကလေးများဖြစ်တယ်။ ဘိုးဘွားမိဘ အမွေအနှစ်နဲ့ ကူးသန်းရောင်ဝယ်လို့ ရရှိတဲ့ ပစ္စည်းဥစ္စာတွေမှာ မရေမတွက်နိုင်အောင် များပြားလှပါတယ်။ လူထွက်ပြီး ကုသိုလ်ကောင်းမှု ပြုချင်တိုင်းပြုနိုင်ပါတယ်။ လူထွက်ပါတော့´´လို့ ဖျောင်းဖျပြောဆိုပါတယ်။ (ဘုရားခေတ်က အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှုအရ လက်ထပ်၍ပြီးသောအခါ မိန်းကလေးဖြစ်သူက ယောကျာင်္းလေး၏အိမ်သို့ လိုက်ပါသွားကြရပါတယ်။ အဲဒီလိုမျိုး လိုက်ပါသွားစဉ်က ရှင်သုဒိန်ရဲ့ ဘိုးဘွားများက သူတို့သမီး ယောက္ခမအိမ်ရောက်ရင် သနပ်ခါးဝယ်လိမ်းဖို့ ပန်းဝယ်ပန်ဖို့ ပေးလိုက်သော ဥစ္စာများဖြစ်သည်-ဟူလို)

ထိုအခါမှာ ရှင်သုဒိန်က လူမထွက်နိုင်တဲ့အကြောင်း သာသနာဘောင်မှာ အလွန်မွေ့လျော်၍ သာသနာတော်မှာသာ နေလိုကြောင်းကို ပြောပြသော်လည်း မရသဖြင့် တတိယအကြိမ်မှာ ``ဖခင်..ဆွဲမထုတ်ဘူးဆိုလျှင် စကားတစ်ခွန်းလောက် ပြောချင်စမ်းတယ်´´ အစချီ၍ ``ပြောတာပေါ့´´ ခွင့်ပြုသောအခါမှာ ``ဖခင်...ဖခင်၏ ရွှေငွေစသော ရတနာတွေကို အိတ်ကြီးတွေထဲမှာ ထည့်ပြီးတော့ လှည်းပေါင်းများစွာဖြင့် သယ်ယူပြီးလျှင် ဂင်္ဂါမြစ်လယ်ခေါင်မှာ သွားပစ်ချပြီးတော့ ရေမျှောလိုက်ပါ၊ အဲသလိုမျိုး လုပ်ပစ်လိုက်လျှင် ဖခင်မှာ စိုးရိမ်ကြောင့်ကြကင်း၍ ချမ်းသာခြင်းဖြစ်ပါလိမ့်မည်´´ ဟု ပြောဆိုလိုက်ပါတယ်။

သူဌေးကြီးဟာ သားဖြစ်သူ ရဟန်းတော်ရှင်သုဒိန်ရဲ့ စကားကိုကြားပြီးတော့ အလွန်စိတ်မချမ်းမသာဖြစ်သွားပါတယ်။ သူကိုယ်တိုင် သားဖြစ်သူကို ဖျောင်ဖျပြောဆိုလို့မရတဲ့အခါမှာ ချွေးကို ဖြားယောင်းခိုင်းပါတော့တယ်..။

...............................................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

ဝိနည်းကျင့်ဝတ်ခေါ် ရဟန်းကျင့်ဖွယ် (၂၂၇)သွယ် (အပိုင်း-၄)

ထိုသို့နေစဉ်မှာပဲ ၀ဇ်ဇီတိုင်းတစ်ခုလုံး ငတ်မွတ်ခြင်းဘေးကြီး ဖြစ်ပွားခဲ့တယ်။ ဒီအခါမှာ ရှင်သုဒိန်ဟာ အခြားရဟန်းများနှင့် မိမိပါ ဆွမ်းကိစ္စလွယ်ကူစေရန် မယ်တော်ခမည်းတော်နှင့် ဆွေမျိုးများကို အားကိုးသောအားဖြင့် ရဟန်းများစွာကို ပင့်ခေါ်ပြီးတော့ ကလန္ဒရွာသို့ ကြွလာခဲ့ကြတယ်။ ထိုသို့ကြွလာကြောင်းကို ဆွေမျိုးများက ကြားသိကြ၍ ဆွမ်းအိုးအလုံးပေါင်း (၆၀)လောက်ကို ပို့လှုပေးကြပါတယ်။ ဒီအခါမှာ ရှင်သုဒိန်ဟာ ဆွမ်းအိုး(၆၀)လောက်ကို အခြားရဟန်းတော်များအား လှုဒါန်းပြီးတော့ မိမိကတော့ သပိတ်ပိုက်ကာ ရွာထဲကိုဆွမ်းခံ ထွက်ခဲ့ပါတယ်။

ဒီအခါမှာ မိမိ၏အိမ်မှ ကျွန်မတစ်ယောက်သည် ကျွန်များပင်မစားချင်လောက်အောင် သိုးနေသော မုယောမုန့်တို့ကို လမ်းသို့စွန့်ပစ်ရန် ထွက်အလာမှာ ရှင်သုဒိန်နဲ့ မျက်နှာချင်းဆိုင် ပက်ပင်းတိုးတွေ့ကြပါတယ်။ ရှင်သုဒိန်က ``အဲဒီမုန့်တွေကို စွန့်ပစ်မှာဆိုရင် ငါ့သပိတ်ထဲကိုသာ လောင်းထည့်လိုက်ပါ´´လို့ ပြောကြားလိုက်ပါတယ်။ ကျွန်မလောင်းထည့်တဲ့ မုန့်အသိုးတွေကို ရွာထဲမှာရှိတဲ့ ဇရပ်ပေါ်ကိုသွားပြီးတော့ ဘုဉ်းပေးတော်မူရှာပါတယ်။

ရှင်သုဒိန်ရဲ့အဖေသူဌေးကြီးက သူ့သားရဟန်းကြွလာတာကို မသိဘူးလား အခြားဆွေမျိုးများကကော သွားပြီး အကြောင်းမကြားကြဘူးလားလို့ မေးစရာတစ်ခု ဖြစ်လာပြန်ပါတယ်။ ရှင်သုဒိန်ရဲ့အဖေ သူဌေးကြီးဟာ သားရဟန်းကြွလာတာကို မသိရှာပါဘူး။ အခြားဆွေမျိုးများကလည်း မိဘသဘောမတူပဲ ရဟန်းဝတ်သွားတာဆိုတော့ ရှင်သုဒိန်ကြွလာတယ်လို့ သူဌေးကြီးကို သွားမပြောရဲတဲ့အတွက် သွားမပြောကြပါဘူး။

ကျွန်မကလည်း ရှစ်နှစ်လောက် တစ်ခါမှပြန်မတွေ့ပဲ ကွဲနေကွာနေတာတစ်ကြောင်း ဘုန်းကြီးဝတ်လိုက်တော့ ကတုံးကြီးနဲ့လည်းဖြစ်နေတာကတစ်ကြောင်း လူ့ဘ၀ကလိုမျိုး မဟုတ်တော့ပဲ ရုပ်ရည်ကပြောင်းလဲ သွားတာကတစ်ကြောင်းဆိုတော့ ရှင်သုဒိန်ကို သူတို့သခင်လေးဆိုတာ ရုတ်ချည်းမမှတ်မိပါဘူး။ နောက်မှ အသံနဲ့ လက်ခြေအနေအထားတို့ကို သတိထားမိပြီးမှ စဉ်းစားရင်းနဲ့ မိမိတို့ရဲ့ သခင်လေးသုဒိန်ဆိုတာကို သိလိုက်ရပါတယ်။

သေချာပြီဆိုမှ သူတို့ရဲ့အရှင်သခင် သူဌေးမကြီးကို သွားပြောပါတယ်။ သူဌေးကြီးက သူ့သားကိုလိုက်ခေါ်တော့ ဇရပ်ပေါ်မှာ မုန့်အသိုးတွေကို ဘုဉ်းပေးနေတာကို တွေ့တဲ့အခါမှာ ရင်ထုမနာတွေဖြစ်ပြီးတော့ အိမ်ကိုပင့်ပါတယ်။ ``ဒီကနေ့အတွက်တော့ ဆွမ်းကိစ္စပြီးပါပြီ´´လို့ ပြောပြီး ရှင်သုဒိန်က ငြင်းလိုက်ပါတယ်။ ဒီအခါမှာ သူဌေးကြီးက မနက်မှာ အိမ်ကိုဆွမ်းစားကြွပါလို့ ပင့်ပြီးပြန်သွားပါတယ်။

(ဆက်လက်တင်ပြပေးပါမည်)

.....................................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

ဝိနည်းကျင့်ဝတ်ခေါ် ရဟန်းကျင့်ဖွယ် (၂၂၇)သွယ် (အပိုင်း-၃)

(မေထုနဓမ္မသိက္ခာပုဒ်ခေါ် ပထမပါရာဇိက-မူလပညတ်တော်

အမှုသည်အမည်=ရှင်သုဒိန်

ကျူးလွန်သောအမှု=ဇနီးဟောင်း၌ မေထုန်မှီဝဲမှု)

ဦးဇင်းပြီးခဲ့တဲ့အပတ်က သာသနာတော်ကို အမဲစက်မဌမဦှးဆုံး ချခဲ့တဲ့သူက ရှင်သုဒိန်လို့ပြောခဲ့တယ်နော်။ ဒီတစ်ပတ် သုဒိန်ရဲ့အကြောင်းကို ပြောကြတာပေါ့..။

ရှင်သုဒိန်ဆိုတဲ့ ရဟန်းတော်ဟာ အညတြရဟန်းတစ်ပါးတော့ မဟုတ်ပါဘူး။ သူဟာ ဝေသာလီပြည်အနီးက ကလန္ဒရွာမှာနေသော ကုဋေရှစ်ဆယ်ချမ်းသာတဲ့ ကလန္ဒသူဌေးရဲ့ တစ်ဦးတည်းသော သားလေးပါ။ တစ်နေ့တော့ သူဟာ အကြောင်းကိစ္စတစ်ခုရှိတာနဲ့ ဝေသာလီမြို့ပေါ်ကို ရောက်နေခဲ့ပါတယ်။ ဘုရားရှင်ကလည်း ဝေသာလီမြို့ကိုေ၇ာက်နေခိုက်နဲ့ ကြုံကြိုက်နေပြန်ပါတယ်။ သူဟာ ဘုရားရှင်ရဲ့တရားတော်ကို နားကြားနေရင်းနဲ့ ``ဤတရားတော်လာသည့်အတိုင်း နေထိုင်ကျင့်ကြံဖို့ ကိစ္စသည် လူ့ဘောင်မှာ မဖြစ်နိုင်၊ ရဟန်းပြုမှသာ တရားတော်အတိုင်း နေနိုင်မည်´´လို့ ကြံစည်မိပါတယ်။

သူဟာ တရားပွဲပြီးတာနဲ့ ဘုရားထံချဉ်းကပ်ပြီးတော့ ``တပည့်တော်ကို ရဟန်းပြုပေးပါဘုရား´´လို့ လျှောက်ထားပါတယ်။ ဒီအခါမှာ ဘုရားရှင်က ``မိဘတို့ခွင့်မပြုတဲ့ သားသမီးကို ရဟန်းပြု၍ မပေးကောင်း´´ဟု ပြန်လည်မိန့်ကြားတော်မူပါတယ်။ ဒါကြောင့်သူဟာ ကလန္ဒရွာကိုပြန်ပြီးတော့ ``သားကို ရဟန်းပြုခွင့်ပေးပါ´´လို့ မိဘတွေဆီမှာ ခွင့်တောင်းပါတယ်။ သုဒိန်ဟာ တစ်ဦးတည်းသော သားကလည်းဖြစ်နေသလို မိဘတွေကလည်း ဘာသာခြားတွေဖြစ်နေပါတယ်။ ဒါကြောင့် သုဒိန်ကို ရဟန်းပြုခွင့်မပေးပါဘူး။

ဒီတော့ သုဒိန်ဟာ ``ရဟန်းပြုခွင့်မပေးလျှင် လူ့လောကမှာ အသက်မရှင်ချင်တော့ သေချင်သေပါစေတော့´´လို့ ဓိဋ္ဌာန်ပြီးတော့ ထမင်း(၇)ထပ်လောက် အငတ်ခံပြီး ဆန္ဒပြမှ သူမိဘတွေက ရဟန်းပြုခွင့်ပေးလိုက်ပါတယ်။ သေသွားတာနဲ့စာလျှင် ရဟန်းဝတ်နဲ့ သားလေးကို မြင်နေရတာက တော်ပါသေးတယ်ဆိုပြီး ရဟန်းဝတ်ခွင့်ပေးခဲ့တာပါ။

သုဒိန်ဟာ ရဟန်းပြုပြီးတာနဲ့ ဓုတင်အကျင့်များကို ဆောက်ပြီးတော့ မိမိနေရပ်နဲ့ အင်မတန်ဝေးကွာလှတဲ့ ၀ဇ်ဇီတိုင်း အတွင်းမှာပါဝင်တဲ့ မထင်မရှားရွာလေးတစ်ရွာမှာ ဘာဝနာကမ္မဋ္ဌာန်းတရားတို့ကို ပွားများအားထုတ်ပြီးတော့ နေပါတယ်။ (ကိလေသာအညစ်အကြေးတို့ကို ခါထုတ်၍ ပစ်တတ်သောကြောင့် ``ဓုတင်´´ဟု ခေါ်ဆိုပါသည်)

(ဆက်လက်တင်ပြပေးပါမည်)

..........................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

ဝိနည်းကျင့်ဝတ်ခေါ် ရဟန်းကျင့်ဖွယ် (၂၂၇)သွယ် (အပိုင်း-၂)

``ချစ်သား သာရိပုတ္တရာ ဆိုင်းငံ့ဦးလော့၊ သိက္ခာပုဒ်တော်များ ပညတ်ရန် သင့်လျော်သော အချိန်ကာလကို ငါဘုရား သိတော်မူသည်။ ယခုအချိန်မတန်သေး၊ ဤသာသနာတော်၌ ထေရ်ကြီးဝါကြီး များပြားလာသောအခါ လာဘ်လာဘပေါများသောအခါ ဗဟုသုတကြွယ်ဝသော ရဟန်းများ များပြားလာသောအခါ ကျူးလွန်မှု အပြစ်များ ထင်ရှားဖြစ်ပေါ်လာလိမ့်မည်။ ထိုအခါ ကျူးလွန်မှု အပြစ်များကို တားမြစ်ပိတ်ပင်ရန် ငါဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူမည်၊

ယခုအချိန်အခါ၌ ရဟန်းသံဃာတော်အပေါင်းသည် အပြစ်ကင်း၏။ မှဲ့စက်မထင် ဖြူစင်၏။ အနှစ်ပြည့်ဝ၏။ ဤရဟန်း(၅၀၀)တိုတွင် အငယ်ဆုံးရဟန်းသည် သောတာပန်အရိယာပုဂ္ဂိုလ်ဖြစ်၏´´ဟု မိန့်ကြားတော်မူပါသည်။

မြတ်စွာဘုရားရှင် ပွင့်တော်မူပြိးစ -၀ါတော်နှစ်ဆယ် (ပထမဗောဓိ)အတွင်း၌ စစ်မှန်သော သဒ္ဒါတရားနှင့် ပြည့်စုံသည့် အမျိုးကောင်းသားများသာလျှင် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ကြ၍ ပါရာဇိက သံဃာဒိသိသ်စသော သိက္ခာပုဒ်တော်အကြီးစားများ ပညတ်ရန် မလိုသေးပါဘူး။

``မကျွမ်းကျင်သော ခွဲစိတ်ဆရာဝန်သည် အနာမဖြစ်ပေါ်မီ ကြိုတင်ခွဲစိတ် ကုသမှုပြုပါလျှင် လူနာ၏ ကျေးဇူးတင်မှုကို မရသည့်အပြင် အပြစ်တင်မှုကိုပင် ခံရပေလိမ့်မည်။ ကျွမ်းကျင်သော ခွဲစိတ်ဆရာဝန်သည်ကား ပြည်မှည့်သောအနာကို ခွဲစိတ်ကုသပေးသဖြင့် လူနာ၏ ကျေးဇူးတင်မှုကို ခံယူရပေလိမ့်မည်။´´ ဤအတူပါပဲ အလုံးစုံကို သိတော်မူသော မြတ်စွာဘုရားရှင်သည် အပြစ်ကျူးလွန်မှုများ ဖြစ်ပေါ်လာမှသာလျှင် ယင်းကျူးလွန်မှုများကို တားဆီးပိတ်ပင်ရန် သိက္ခာပုဒ်တော်များကို ပညတ်တော်မူခြင်းမူခြင်းဖြစ်သည်။

ဘုရားရှင်၏ ၀ါတော်နှစ်ဆယ်နောက်ပိုင်း ကာလများ၌ကား ကြီးလေးသော ပြစ်မှုများကို ကျူးလွန်ကြတဲ့ ရဟန်းများ ပေါ်ပေါက်လာခဲ့ပါတော့တယ်။

သာသနာတော်ကို ပဌမဦးဆုံးသော အမဲစက်ဖြစ်ပေါ်အောင် ပြုလုပ်လိုက်တဲ့သူကတော့ ဝေသာလီပြည်မြို့အနီးတွင်ရှိသော ကလန္ဒရွာ သူဌေးသား သုဒိန်ပဲဖြစ်ပါတယ်။

.................................................................................................မိုးသု(မန္တလေး)
ဆက်လက်ဖတ်ရှူရန် »

ဝိနည်းကျင့်ဝတ်ခေါ် ရဟန်းကျင့်ဖွယ် (၂၂၇)သွယ် (အပိုင်း-၁)

ဒီနေ့တော့ ၀ိနည်းတော်ပေါ့။ ပါတိမောက်ကိုအခြေခံပြီးတော့ လူတွေအနေနဲ့ သိထားသင့် သိထားထိုက်တာတွေကို ပို့ချပေးသွားမှာပါ။ ဒါကိုပို့ချပေးမယ်လို့ ကြေငြားတဲ့ နောက်တစ်ရက်မှာ အီးမေးလ်တစ်စောင် လက်ခံရရှိခဲ့တယ်။ သူ့အီးမေးလ်က ``လူတွေကို ၀ိနည်းသင်ပေးမယ်ဆိုတော့ ကိုယ့်ချီးထုပ်ကို ဖြေပြတာနဲ့ အတူတူပဲ..တဲ့။ အရှင်ဘုရား ငတ်သွားချင်လို့လား..တဲ့။ လူတွေကို ၀ိနည်းသင်မပေးပါနဲ့..တဲ့´´။ ဦးဇင်းက တွေးပါတယ်။ အခုခေတ်က လူတွေက ၀ိနည်းကို နားမလည်တော့ ထင်ရာမြင်ရာ အထူးအဆန်းလုပ်ပြနိုင်တဲ့ ပဋိယတ်မဟုတ် ပဋိပတ်မလုပ်နဲ့ နှစ်လုံးပေး သုံးသုံးပေးနဲ့ ထင်သလိုနေတဲ့ ဘုန်းကြီးအစုတ်အပြတ်တွေကို တကယ့်သူတော်ကောင်းကြီးတွေလို့ ထင်မှတ်နေကြတယ်။

ဝိနည်းတော်ကို လူတွေနားလည်ရင်တော့ ဒါမျိုးတွေ ပပျောက်သင့်သလောက်တော့ ပပျောက်သွားလိမ့်မယ်လို့ ဦးဇင်းကတွေးမိတယ်။ ကိုယ်က၀ိနည်းနဲ့ မညီတာလုပ်နေလို့ လူတွေက တွေ့သွားလို့ မကိုးကွယ်လည်းနေပေါ့။ ၀မ်းမနည်းပါဘူး။ ဘာပြုလို့လည်းဆိုတော့ ကိုယ့်ထက် ၀ိနည်းတော်ကို လေးစားတဲ့ မြတ်နိုးတဲ့ သီလရှိတဲ့ ရဟန်းတော်ကို ရှာပြီးကိုးကွယ်ကြမှာလေ။ ဒါဟာ တွေးကြည့်ရင် တကယ်ကို ကျေနပ်စရာကောင်းပါတယ်။ ဒုဿီလတွေကို ကိုးကွယ်နေတာနဲ့စာရင် ဒီအဖြစ်အပျက်က တကယ်ကို ကျေနပ်ဖွယ်ကောင်းပါတယ်။ ဒါကြောင့် ၀ိနည်းတော်ကို ပို့ချပေးရခြင်းဖြစ်ပါတယ်။

ဦးဇင်းတို့ ၀ိနည်းအကြောင်းကို ပို့ချမယ်ဆိုတော့ ၀ိနည်းသိက္ခာပုဒ်တော်တွေကို မပို့ချခင် ၀ိနည်းသိက္ခာပုဒ်တော်ကို ဘာကြောင့် ဘယ်လိုအကျိုးကျေးဇူးကြောင့် ဘုရားရှင်ပညတ်တော် မူခဲ့သလဲဆိုတာကို အရင်ပြောကြရအောင်ပါ..။

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ဝေရဉ္စာပြည်မှာ ၀ါဆိုတော်မူတယ်။ အဲဒီအခါမှာ လက်ယာတော်ရံဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်က ``ပရိနိဗာန်စံလွန်တော် မူပြီးသော ဘုရားရှင်တို့တွင် အဘယ်ဘုရားရှင်၏ သာသနာတော်သည် ကြာမြင့်စွာ တည်တံ့ပါသနည်း၊ အဘယ်ဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်တံ့ပါသနည်း´´လို့ ဘုရားရှင်ကို မေးလျှောက်တော်မူခဲ့တယ်။

``၀ိပဿီမြတ်စွာဘုရား၊ သိခီမြတ်စွာဘုရား၊ ဝေဿဘူမြတ်စွာဘုရားတို့၏ သာသနာတော်သည် အရှည်မတည်တံ့။ အကြောင်းမူကား ထိုဘုရားရှင်တို့၏ တပည့်သာဝကများသည် တရားဒေသနာတော်ကို အကျဉ်းမျှ ဟောကြားရုံဖြင့် အာသဝေါကုန်ခန်း ရဟန္တာဖြစ်သွားကြကုန်၏။ ထိုကြောင့် တရားဒေသနာကို အကျယ်ကြားတော်မမူခဲ့။ ၀ိနည်းသိက္ခာပုဒ်တော်ကို ပညတ်တော်မမူခဲ့ကြကုန်။ ထိုဘုရားရှင်တို့ ပရိနိဗာန်စံလွန်တော်မူပြီးနောက် တပည့်သာဝက နှစ်ဆက်သုံးဆက် လွန်သောအခါ သာသနာတော် ကွယ်ပခဲ့လေသည်။

ကကုသန်မြတ်စွာဘုရား၊ ကောဏာဂုံမြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရားတို့၏ သာသနာတော်သည် တည်တံ့၏။ အကြောင်းမူကား ထိုဘုရားရှင်တို့သည် တရားဒေသနာတော်ကို အကျယ်အားဖြင့် ဟောကြားတော်မူခဲ့၊ ၀ိနည်းသိက္ခာပုဒ်တော်ကို ပညတ်တော်မူခဲ့၊ ပါတိမောက်ကို ရွတ်ပြတော်မူခဲ့ကြကုန်၏။ ထိုဘုရားရှင်တို့ ပရိနိဗာန်စံလွန်တော်မူသောအခါ တပည့်သာဝက အဆက်ဆက်တို့သည် သာသနာတော်ကို အရှည်တည်တံ့ကြစေကုန်၏´´လို့ ဖြေကြားတော်မူခဲ့ပါတယ်။

အဲဒီအခါမှာ အရှင်သာရိပုတ္တရာမထေရ်မြတ်က မြတ်စွာဘုရားရှင်ကို လက်အုပ်ချီပြီးလျှင် ``သာသနာတော် အရှည်တည်တံ့စေခြင်းငှါ ၀ိနည်းသိက္ခာပုဒ်တော်ကို ပညတ်တော်မူရန် အချိန်တန်ပါပြီဘုရား၊ ပါတိမောက်ရွတ်ပြရန် အချိန်တန်ပါပြီဘုရား´´လို့ တောင်းပန်လျှောက်ထား ပြန်ပါတယ်။

(ဆက်လက်တင်ပြပေးပါမည်)
.................................................................................................မိုးသု(မန္တလေး)
ဆက်လက်ဖတ်ရှူရန် »

Friday, February 3, 2012

ဘုရားရှင်၏ ဖြစ်တော်စဉ်နှင့် ဆက်စပ်၇ှင်းလင်းချက်များ(အပိုင်း-၇) (၈) (၉)

သုမေဓာပညာရှိ ငယ်စဉ်ကလေးဘ၀ထဲက မိဘနှစ်ပါးတို့ဟာ ကွယ်လွန်သွားခဲ့ပါတယ်။ သုမေဓာအရွယ်ရောက်တဲ့ အခါမှာ ဘဏ္ဍာစိုးကြီးက ``အရှင်...ဤမျှလောက်သော ပစ္စည်းများကား သင်၏ အဘဖက်မှ ဆင်းသက်လာသော ပစ္စည်းများတည်း။ ဤမျှလောက်သော ပစ္စည်းများကား သင်၏ အမိဖက်မှ ဆင်းသက်လာသော ပစ္စည်းများတည်း။ ဤမျှလောက်သော ပစ္စည်းများကား သင်၏ အဘိုး အဘေးတို့ လက်ထက်မှ ဆင်းသက်လာသော ပစ္စည်းများတည်း´´ဟု အထပ်ဆွေမျိုးခုနှစ်ဆက်မှ ဆင်းသက်လာသော (ရရှိလာသော) ပစ္စည်းဥစ္စာရတနာတို့ကို ပြသပြီးလျှင် ``ဒီဥစ္စာရတနာတွေကို အလိုရှိသလို စီမံသုံးစွဲပါ´´လို့ လွဲပြောင်း အပ်နှင်းပေးပါတယ်။

သုမေဓာပညာရှိဟာ သူလက်ခံလိုက်တဲ့ ပစ္စည်းဥစ္စာတွေကို ကြည့်ပြီးတော့ ``ငါ၏ အဘ အဘိုး ဆွေမျိုးခုနှစ်ဆက်တို့သည် ဤမျှ များပြားစွာသော ဥစ္စာတို့ကို စုဆောင်းပြီးလျှင် ကွယ်လွန်ကြသောအခါ တစ်ကျပ်တစ်ပြားကိုမျှ မယူနိုင်ပဲ သွားကြရကုန်၏။ ငါသည်ကား ကွယ်လွန်သွားရာသို့ တစ်ကျပ်တစ်ပြားမျှ မကျန်အောင် ယူဆောင်သွားနိုင်တဲ့ အကြောင်းတရားကို ပြုလုပ်သင့်၏´´လို့ ဆင်ခြင်စဉ်းစားပြီးတော့ ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ပြီးတော့ နေခဲ့ပါတယ်။

(ဆက်လက်တင်ပြပေးပါမည်) ......................................................................မိုးသု(မန္တလေး)


ဘုရားရှင်၏ ဖြစ်တော်စဉ်နှင့် ဆက်စပ်၇ှင်းလင်းချက်များ(အပိုင်း-၈)ဲ့

တစ်နေ့သောအခါမှာ သုမေဓာပညာရှိသည် ပြာသာဒ်အထက်ထပ်သို့ ထက်၍ ဆိတ်ငြိမ်ရာအရပ်၌ တင်ပလ္လင်ဖွဲ့ခွေ နေထိုင်ပြီးလျှင် ဤသို့ ကြံစည်တော်မူပါတယ်....။

ဘ၀သစ်၌ဖြစ်ခြင်း(ပဋိသန္ဓေနေရခြင်း)သည် ဆင်းရဲလှ၏။ ခန္ဓာကိုယ်၏ ပျက်စီးရခြင်း(သေရခြင်း)သည်လည်း ဆင်းရဲလှ၏။ အိုခြင်းတရားသည် လွှမ်းမိုးနှိပ်စက်အပ်သည်ဖြစ်၍ တွေတွေဝေေ၀ သေရခြင်းသည်လည်း ဆင်းရဲလှ၏။

ပဋိသန္ဓေနေရခြင်းသဘော အိုရခြင်းသဘော နာရခြင်းသဘောရှိသောငါသည် မအိုရာ မနာရာ မသေရာ ဘေးကုန်ခန်းရာ အေးငြိမ်းရာဖြစ်သော နိဗ္ဗာန်တရားကို ရှာမှီးပေအံ့။

ကျင်ငယ် ကျင်ကြီး ပြည်သွေး သည်းခြေ သလိပ် တံတွေး ချွဲ နှပ်အစရှိသည့် အထူးထူးသော အပုပ်မျိုးတို့ဖြင့် ပြည့်၍နေသော ဤကိုယ်ကောင်ပုပ်ကို ငါသည် မငဲ့မကွက် အလိုမရှိပဲ စွန့်လွှတ်၍ သွားနိုင်ပါမူ ကောင်းလေစွာ့..။

ထိုအေးငြိမ်းရာ နိဗ္ဗာန်သို့ သွားရောက်ကြောင်း ခရီးကောင်းသည် ရှိသည်ဧကန်ဖြစ်ပေလိမ့်မည်။ ထိုလမ်းသည် မရှိပဲနေခြင်းငှါ မတတ်စကောင်း။ ဘ၀အနှောင်အဖွဲ့မှ လွတ်မြောက်ရန် ထိုနိဗ္ဗာန်ရောက်ကြောင်း ခရီးကောင်းကို ငါကား ရှာမှီးပေတော့အံ့..။

ဥပမာအားဖြင့် ဆင်းရဲခြင်း(ဒုက္ခ)တရား ထင်ရှားရှိလတ်သော် ကိုယ်စိတ်ချမ်းသာခြင်း(သုခ)တရား လောက၌ ထင်ရှားရှိသကဲ့သို့ ဤအတူ ၀ဋ်ဒုက္ခ၏ဖြစ်ခြင်း ဘ၀တရား ထင်ရှားရှိလတ်သော် ထိုဝဋ်ဒုက္ခ၏မဖြစ်ခြင်း နိဗ္ဗာန်တရားကိုလည်း အလိုရှိအပ်(သိမှတ်အပ်)သည်သာတည်း..။

(ဆက်လက်တင်ပြပေးပါမည်)

..........................................................................................................မိုးသု(မန္တလေး)

ဘုရားရှင်၏ ဖြစ်တော်စဉ်နှင့် ဆက်စပ်၇ှင်းလင်းချက်များ(အပိုင်း-၉)

“ဥပမာ တစ်နည်းအားဖြင့် အပူရှိလျှင် ထိုအပူမှ တစ်ပါးဖြစ်သော အအေးလည်းရှိသကဲ့သို့ ဤအတူ ရာဂမီး ဒေါသမီး မောဟမီး ဤမီးသုံးပါးထင်ရှားရှိလျှင် ထိုမီးသုံးပါးကို ငြိမ်းစေတတ်သော နိဗ္ဗာန်တရားကိုလည်း အလိုရှိအပ်(သိမှတ်အပ်)သည်သာတည်း”


“ဥပမာ တစ်နည်းအားဖြင့် မကောင်းမှု အကုသိုလ်တရား ထင်ရှားရှိလျှင် ကောင်းမှု ကုသိုလ်တရားလည်း ထင်ရှားရှိသကဲ့သို့ ဤအတူပင် ဇာတိပဋိသန္ဓေနေရခြင်း ဇာတိတရားထင်ရှားရှိလျှင် ထိုဇာတိကို ကုန်စေတတ်သည့် ပဋိသန္ဓေနေခြင်းကင်းရာ နိဗ္ဗာန်တရားကိုလည်း အလိုရှိအပ်(သိမှတ်အပ်)သည်သာတည်း”


ဤသို့ အကြံတော်ဖြစ်ပြီး ဆက်၍တဖန် လေးနက်စွာ အကြံတော်ဖြစ်ပြန်သည်မှာ...........


“ဥပမာအားဖြင့် မစင်တွင်း၌ ကျရောက်နေသော (တစ်နည်းအားဖြင့်=မစင်လိမ်းကပ်နေသော) ယောကျာင်္းသည် ကြာမျိုးငါးပါးတို့ဖြင့် တန်ဆာဆင်အပ်၍ ကြည်လင်သော ရေရှိသည့် တဖက်ဆည်ကန်ကြီးကို မျက်ဝါးထင်ထင် အဝေးမှ တွေ့မြင်နေရပါလျက် ထိုတဖက်ဆည်ကန်ကြီးသို့ သွားရောက်ရန် လမ်းမှန်ကို မရှာမှီးလျှင် ထို့သို့မရှာမှီးခြင်းသည် တဖက်ဆည်ကန်ကြီး၏ အပြစ်မဟုတ်၊ ထိုမစင်လိမ်းကပ်နေသော ယောကျာင်္း၏ အပြစ်သာဖြစ်သကဲ့သို့၊ ဤအတူ ကိလေသာ အညစ်အကြေးတို့ကို ဆေးလျှော်ရာဖြစ်သော နိဗ္ဗာန်တည်းဟူသော တစ်ဖက်ဆည်ကန်ကြီး ထင်ရှားရှိပါလျက် ထိုနိဗ္ဗာန်တည်းဟူသော တဖက်ဆည်ကန်ကြီးကို မရှာမှီးလျှင် ထိုသို့မရှာမှီးခြင်းသည် တဖက်ဆည်ကန်ကြီး၏ အပြစ်မဟုတ်”


(ဆက်လက်တင်ပြပေးပါမည်)


..................................................................................................မိုးသု(မန္တလေး)


ဆက်လက်ဖတ်ရှူရန် »