Monday, February 6, 2012

ဝိနည်းကျင့်ဝတ်ခေါ် ရဟန်းကျင့်ဖွယ် (၂၂၇)သွယ် (အပိုင်း-၈-၉)

ပဌမအနုပညတ်

အမှုသည်=တောကျောင်းဘုန်းကြီးတစ်ပါး

အမှု= မျောက်မ၌ မေထုန်မှီဝဲမှု

တစ်ခါတုန်းက ဝေသာလီပြည်အနီး မဟာဝုန်တောကြီးထဲမှာနေတဲ့ ရဟန်းတစ်ပါးဟာ မျောက်မတစ်ကောင်ကို အစာကျွေးပြီးတော့ အတော်ယဉ်ပါးလာတဲ့အခါမှာ အဲဒီမျောက်မနဲ့ မေထုန်အမှုပြုပါတယ်။

တစ်နေ့ အဲဒီတောကျောင်းဘုန်းကြီး ဆွမ်းခံသွားနေတုန်း အာဂန္တုရဟန်းတွေ ကျောင်းကို ရောက်ရှိလာပါတယ်။ အဲဒီအခါမှာ မျောက်မက ရဟန်းတွေရှေ့လာပြီးတော့ ကုန်းပြကွပြနဲ့ အထာပေးပါတယ်။ ပထမတော့ အာဂန္တုရဟန်းတွေဟာ အမှတ်တမဲ့ပါပဲ။ နောက်မှ မသင်္ကာတာနဲ့ တစ်နေရာမှာ ပုန်းနေလိုက်ကြပါတယ်။ အဲဒီအခါမှာ တောကျောင်းဘုန်းကြီးဟာ ဆွမ်းခံရာက ပြန်လာပြီးတော့ ဆွမ်းခံရာကရလာတဲ့ မုန့်ပဲသရေစာများကို မျောက်မကိုကျွေးပြီးတော့ မေထုန်မှုကို ပြုပါတော့တယ်။

ဒီအခါမှာ စောစောကပုန်းနေတဲ့ ရဟန်းတွေဟာ ထွက်လာပြီးတော့ ``ကိုယ်တော် ဘုရားက မေထုန်မှုမပြုရလို့ သိက္ခာပုဒ်ပညတ်ထားရဲ့သားနဲ့ ဘာလို့အခုလိုမျိုး ပြုလုပ်ရတာပါလဲ´´လို့မေးကြပါတယ်။

ဒီအခါမှာ တောကျောင်းဘုန်းကြီးက ``ဘုရားရှုင်သိက္ခာပုဒ်ပညတ်ထားတာဟာ လူမိန်းမများကိုသာ မေထုန်မှုမပြုရလို့ ပညတ်ထားတာဖြစ်တယ်။ တိရစ္ဆာန်မကို မေထုန်မှုမပြုရလို့ ပညတ်ထားတာ မဟုတ်ဘူး´´လို့ ပြန်ပြီး ဆင်ခြေပေးပါတယ်။ ထိုအခါ အာဂန္တုရဟန်းတွေက ကဲ့ရဲ့စကားပြောပြီးတော့ အဲဒီအကြောင်းကို ဘုရားရှင်ကို သွားလျှောက်ထားကြပါတယ်။

ဘုရားရှင်ကလဲ တောကျောင်းဘုန်းကြီးကို ကဲ့ရဲ့စကားဆိုပြီးတော့...

``ယော ပန ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေဝေယျ အန္တမသော တိရစ္ဆာနဂတာယပိ ပါရာဇိကော ဟောတိ အသံဝါသော။

အကြင်ရဟန်းသည် မေထုန်မှီဝဲအံ့၊ အောက်ထစ်ဆုံးအားဖြင့်(အယုတ်ဆုံးအားဖြင့်) တိရစ္ဆာန်မ၌သော်လည်း မှီဝဲအံ့၊ ထိုရဟန်းသည် ပါရာဇိကကျ၍ ရဟန်းကောင်း(ပါရာဇိကမကျသေးသောရဟန်း)တို့နှင့် အတူပေါင်းသင်းနေထိုင်ခွင့်မရှိ´´ဟု ပဌမအနုပညတ်တော်ကို ထပ်မံပညတ်လိုက်ပါတယ်။

ပါရာဇိကတို့ အာပတ်တို့ဆိုတဲ့ စကားလုံးတွေကို ဒကာဒကာမတို့ နားလည်ကြဦးမယ် မထင်ပါဘူး။ ဦးဇင်းကလဲ ရှင်းမပြသေးပါဘူး။ ဒါကြောင့် ဒီနေ့တော့ အဲဒီအကြောင်းကို ရှင်းပြပေးပါဦးမယ်။

အာပတ်ဆိုတဲ့စကားဟာ ``အာပတ္တိ´´ဆိုတဲ့ ပါဠိပုဒ်ကနေ ဆင်းသက်လာတဲ့ စကားဖြစ်ပါတယ်။

အာပတ္တိ=အပြစ်သင့်ခြင်း အပြစ်ရောက်ခြင်းလို့ အဓိပ္ပါယ်ရှိပါတယ်။ ဥပမာ=ဒီရဟန်းဟာ အာပတ်သင့်နေတယ်လို့ ပြောလိုက်ရင် ``ဒီရဟန်းဟာ အပြစ်သင့်နေတယ်´´လို့ နားလည်ရပါ့မယ်။

တစ်ခါ ဘာအပြစ်လဲဆိုတာ ထပ်မံခွဲခြားဖို့ လိုပြန်ပါသေးတယ်။ အာပတ်ခုနှစ်မျိုးရှိပါတယ်။ ကြုံရင်ကြုံသလို နည်းနည်းချင်းလေး ရှင်းပြပေးသွားပါ့မယ်။ အခု ပါရာဇိကအာပါတ်ကို ရှင်းကြရအောင်ပါ။

ပရာဇေတိ-သာသနာတော်မှ ဆုံးရှုံးစေတတ်၏၊ ဣတိ-ထို့ကြောင့်၊ ပါရာဇိကာ-ပါရာဇိကမည်၏။

ပါရာဇိကအာပါတ်သင့်တဲ့ ရဟန်းဟာ ရဟန်းမဟုတ်တော့ပါဘူး။ လူဖြစ်သွားပါတယ်။ ပါရာဇိကကျပြီးတဲ့ ရဟန်းကို ဘုရားပေါင်းအရာအထောင်တို့က ကမ္မ၀ါစာဖတ်ပေးရင်တောင် ရဟန်းမဖြစ်တော့ပါဘူး။ ခန္ဒာကိုယ်တစ်ခြား ဦးခေါင်းတစ်ခြား ပြတ်ပြီးသေတဲ့သူဟာ တစ်ဖန်ပြန်ပြီး အသက်မရှင်နိုင်တော့သလိုပါပဲ။ ပါရာဇိကျတဲ့ရဟန်းဟာလဲ သာသနာတော်တည်းဟူသော ဦးခေါင်းပြတ်ကျသွားတဲ့အတွက် တစ်ဖန်ပြန်ပြီး ရဟန်းမဖြစ်နိုင်တော့ပါဘူး။

အာပါတ်ခုနှစ်မျိုးမှာ အခြားအာပတ်ခြောက်ခုက အာပတ်ဖြေလို့ရပေမယ့် ပါရာဇိကအာပတ်ကတော့ သင့်ပြီးရင် ပြန်ဖြေလို့မရတော့ပါဘူး။ လူထွက်မှပဲ အာပတ်ပြေသွားပါတော့တယ်။ ပါရာဇိအာပတ်သင့်နေပြီး လူဝတ်မလဲပဲ သင်္ကန်းဆက်ဝတ်နေရင် မဂ်ဖိုလ်မရနိုင်တော့ပါဘူး။ လူထွက်မှ သို့မဟုတ် ကိုရင်ပါလို့ တရားဝင်ကြေငြာပြီးနေလိုက်မှ မဂ်ဖိုလ်ရနိုင်ပါတော့တယ်။

(ဆက်လက်တင်ပြပေးပါမည်)

..........................................................................................................မိုးသု(မန္တလေး)

“ဥပမာ တစ်နည်းအားဖြင့် အပူရှိလျှင် ထိုအပူမှ တစ်ပါးဖြစ်သော အအေးလည်းရှိသကဲ့သို့ ဤအတူ ရာဂမီး ဒေါသမီး မောဟမီး ဤမီးသုံးပါးထင်ရှားရှိလျှင် ထိုမီးသုံးပါးကို ငြိမ်းစေတတ်သော နိဗ္ဗာန်တရားကိုလည်း အလိုရှိအပ်(သိမှတ်အပ်)သည်သာတည်း”


“ဥပမာ တစ်နည်းအားဖြင့် မကောင်းမှု အကုသိုလ်တရား ထင်ရှားရှိလျှင် ကောင်းမှု ကုသိုလ်တရားလည်း ထင်ရှားရှိသကဲ့သို့ ဤအတူပင် ဇာတိပဋိသန္ဓေနေရခြင်း ဇာတိတရားထင်ရှားရှိလျှင် ထိုဇာတိကို ကုန်စေတတ်သည့် ပဋိသန္ဓေနေခြင်းကင်းရာ နိဗ္ဗာန်တရားကိုလည်း အလိုရှိအပ်(သိမှတ်အပ်)သည်သာတည်း”


ဤသို့ အကြံတော်ဖြစ်ပြီး ဆက်၍တဖန် လေးနက်စွာ အကြံတော်ဖြစ်ပြန်သည်မှာ...........


“ဥပမာအားဖြင့် မစင်တွင်း၌ ကျရောက်နေသော (တစ်နည်းအားဖြင့်=မစင်လိမ်းကပ်နေသော) ယောကျာင်္းသည် ကြာမျိုးငါးပါးတို့ဖြင့် တန်ဆာဆင်အပ်၍ ကြည်လင်သော ရေရှိသည့် တဖက်ဆည်ကန်ကြီးကို မျက်ဝါးထင်ထင် အဝေးမှ တွေ့မြင်နေရပါလျက် ထိုတဖက်ဆည်ကန်ကြီးသို့ သွားရောက်ရန် လမ်းမှန်ကို မရှာမှီးလျှင် ထို့သို့မရှာမှီးခြင်းသည် တဖက်ဆည်ကန်ကြီး၏ အပြစ်မဟုတ်၊ ထိုမစင်လိမ်းကပ်နေသော ယောကျာင်္း၏ အပြစ်သာဖြစ်သကဲ့သို့၊ ဤအတူ ကိလေသာ အညစ်အကြေးတို့ကို ဆေးလျှော်ရာဖြစ်သော နိဗ္ဗာန်တည်းဟူသော တစ်ဖက်ဆည်ကန်ကြီး ထင်ရှားရှိပါလျက် ထိုနိဗ္ဗာန်တည်းဟူသော တဖက်ဆည်ကန်ကြီးကို မရှာမှီးလျှင် ထိုသို့မရှာမှီးခြင်းသည် တဖက်ဆည်ကန်ကြီး၏ အပြစ်မဟုတ်”


(ဆက်လက်တင်ပြပေးပါမည်)


..................................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

ဝိနည်းကျင့်ဝတ်ခေါ် ရဟန်းကျင့်ဖွယ် (၂၂၇)သွယ် (အပိုင်း-၆-၇)

ချွေးမလုပ်သူဟာ အခန်းထဲကနေ ထွက်လာပြီးတော့ အရှင်သုဒိန်ရဲ့ ခြေထောက်ကိုဖက်ပြီးတော့ ``အရှင့်သား အရှင့်သားတို့ မျှော်မှန်းနေပြီးနေတဲ့ နတ်သမီးတွေဆိုတာ ဘယ်လောက်ထိများ လှပပါသလဲ´´လို့ မေးပါတယ်။ (ဘုရားသာသနာတော် တည်ထောင်ခါစက မင်းညီ မင်းသား သူဌေး သူကြွယ်သားတွေ ရဟန်းပြုသွားကြတဲ့အခါမှာ အမျိုးသမီးအသိုင်းအ၀ိုင်း၌ ထင်မြင်ချက်တွေအမျိုးမျိုး ပေးကြပါတယ်။ နောက်ဆုံးကြတော့ သူတို့ရဲ့ ထင်မြင်ချက်တွေကို ``ဒီအမျိုးသားတွေဟာ ငါတို့ထက်သာသော နတ်ကညာတွေကို လိုချင်ကြသဖြင့် ငါတို့ကို ထားခဲ့ပြီးတော့ ရဟန်းပြုသွားကြတာဖြစ်တယ်´´ဆိုတဲ့ ထင်မြင်ချက်ကိုပဲ အတည်ပြုပြီးတော့ သူတို့ရဲ့ စကားဝိုင်းကို အဆုံးသတ်လိုက်ကြပါတယ်။)

ထိုအခါ ရှင်သုဒိန်သည် တည်တည်ကြည်ကြည်ဖြင့် ``နှမ... နတ်ကညာတွေကို လိုချင်၍ ရဟန်းအကျင့်ကို ကျင့်နေတာ မဟုတ်ပါဘူး´´လို့ ပြောဆိုလိုက်ပါတယ်။ ဒီအခါမှာ ``ဇနီးဖြစ်ပါလျက်ကယ်နဲ့ နှမ..ဟု ခေါ်လျှက်လေခြင်း ငါ့မျှော်လင့်ချက်တွေတော့ မဖြစ်နိုင်တော့ပါဘူး´´လို့တွေးပြီး မူးမေ့ကာ လဲကျသွားပါတယ်။

သူမ၏ မျှော်လင့်ချက်ကား ``ရှင်သုဒိန်နဲ့သူ ပြန်ပြီးတော့ ပေါင်းဖက်ကြမယ်။ အဲဒီအခါမှာ သားသမီးတွေ မွေးဖွားလာမယ်။ အဲဒီအခါမှာ ဒီအမွေအနှစ်တွေကို ငါပိုင်ဆိုင်ရမှာဖြစ်တယ်´´ဆိုတဲ့ မျှော်လင့်ချက်ဖြစ်တယ်။ (``နှမ´´ဟူသော အသုံးအနှုန်းမှာ မောင်နှမရင်းလို သဘောထားသဖြင့် ``ဇနီး´´ မဖြစ်နိုင်တော့ကြောင်းကို ပြသော ရှေးသုံးစကားတစ်ခုဖြစ်သည်။)

ထိုအခါမှာ ရှင်သုဒိန်ရဲ့ မိခင်ကြီးက ``ငါ့သား တကယ်လူမထွက်တော့ဘူးဆိုရင် ရဟန်းဘ၀မှာပဲ ပျော်ရွှင်စွာနေပါတော့။ သို့သော်...သားသမီးမရှိသောကြောင့် ငါတို့သေရင် ငါတို့ရဲ့ ပစ္စည်းဥစ္စာတွေကို လိစ္ဆ၀ီမင်းတွေက သိမ်းရစ်ပါလိ့မ်မယ်။ ဒါကြောင့် သားတစ်ယောက်ရလောက်ရုံမျှ သားမျိုးလေးတော့ပေးထားခဲ့ပါ

(ဆက်လက်တင်ပြပေးပါမည်)

....................................................................................................မိုးသု(မန္တလေး)

အဲဒီအချိန်တုန်းက ရဟန်းတော်များ မေထုန်မှုမပြုရလို့ ဘုရားရှင်ပညတ်ထားတာ မရှိသေးတော့ ရှင်သုဒိန်ဟာ မေထုန်မှုပြုတာ အပြစ်မရှိဘူးလို့ ထင်ပြီးတော့ ဒီတစ်ခါလိုက်လျောလိုက်ရင် နောက်ထပ်နားပူရတော့မှာ မဟုတ်ဘူးလို့ တွေးပြီးတော့ ``ဒီကိစ္စလောက်ဆိုရင်တော့ ကူညီပေးနိုင်ပါတယ်လို့ ၀န်ခံလိုက်တယ်။

အဲဒီအခါမှာ မယ်တော်ကြီးဟာလည်း ချွေးမလုပ်သူကို ဥတုပန်းပွင့်ရင် သူ့ကို ပြောပါလို့မှာထားပြီးတော့ ဥတုပန်းပွင့်ပါပြီလို့ ချွေးမကလာပြောတဲ့အခါမှာ ရှင်သုဒိန်နေတဲ့ မဟာဝုန်တောကြီးထဲကို ချွေးမလုပ်သူနဲ့ နှစ်ယောက်အတူလာခဲ့ကြတယ်။ အဲဒီအခါမှာ ရှင်သုဒိန်ကလဲ သားမျိုးစေ့ပေးလိုက်တော့တယ်။

ရှင်သုဒိန်ဟာ သားမျိုးစေ့ပေးပြီးတဲ့ နောက်ပိုင်းကာလမှာ သာသနာတော်နှင့် မသင့်လျော်သောအမှုကို ငါပြုမိပါပေါ့တကားလို့ တစိမ့်စိမ့်တွေးပြီးတော့ နောင်တတရားတွေရဲ့ နှိပ်စက်တာကိုခံရပြီးတော့ မစားနိုင် မအိပ်နိုင် တမှိုင်မှိုင် တစ်တွေတွေဖြစ်ပြီး သူ့ရဲ့ခန္ဒာကို ပိန်ချုံးလာပြီးတော့ အရေအဆင်းကလဲ ရော်ရွက်ဝါလေးလို ဖြစ်လာခဲ့တယ်။

ဒီအခါမှာ အခြားရဟန်းတော်တွေက ရှင်သုဒိန်ကိုမေးကြတယ်။ ရှင်သုဒိန်ကလဲ သူရဲ့ဖြစ်ပုံကို အားလုံးမချွင်းမချန် ပြောပြလိုက်တယ်။ ဒီအခါမှာ ရဟန်းတော်တွေက ရှင်သုဒိန်ကို ကဲ့ရဲ့ရှုတ်ချပြီးတော့ ရှင်သုဒိန်လုပ်ပုံတွေကို ဘုရားထံ သွားပြီးလျှောက်ကြတယ်။ အဲဒီအခါမှာ ဘုရားရှင်က ရှင်သုဒိန်ကို မောဃပုရိသလို့ ကဲ့ရဲ့ပြစ်တင်ပြီးတော့ ...

(မောဃပုရိသ=မဂ်ဖိုလ်မှ ကင်းဆိတ်သွားသော မဂ်ဖိုလ်မရနိုင်တော့သော အချည်းနှီးသောသူ)

ယော ပန ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေဝေယျ ပါရာဇိကော ဟောတိ အသံဝါသော။

အကြင်ရဟန်းသည် မေထုန်ကို မှီဝဲငြားအံ့။ ထိုရဟန်းသည် ပါရာဇိကကျ၍ ရဟန်းကောင်းတို့နှင့် ကံကြီးကံငယ် ပေါင်းသင်းခွင့်မရှိ။ လို့ ပဌမပါရာဇိကသိက္ခာပုဒ်တော်ကို ဘုရားရှင်ဟာ ပညတ်တော်လိုက်တယ်။ (အပြည့်အစုံတော့ မဟုတ်သေးပါ။ ဤပညတ်တော်သည် မူလပညတ်တော်သာ ဖြစ်ပါသည်။)

(ဆက်လက်တင်ပြပေးပါမည်)

........................................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

ဝိနည်းကျင့်ဝတ်ခေါ် ရဟန်းကျင့်ဖွယ် (၂၂၇)သွယ် (အပိုင်း-၅)

ရှင်သုဒိန်ရဲ့ဖခင် သူဌေးကြီးဟာ ယနေ့ သားရဟန်းအိမ်ကို ကြွလာမယ်ဆိုတာသိလို့ နံနက်ခင်းကထဲက လက်ခုပ်တစ်ဖောင်လောက်စီမြင့်သော ရွှေပုံကတစ်ပုံ ငွေပုံကတစ်ပုံ ပုံထားပြီးတော့ ရွှေပုံငွေပုံနှစ်ပုံအလယ်မှာ နေရာခင်းထားပြီးတော့ ချွေးမကိုလည်း အလှဆုံးဖြစ်အောင် ပြင်ဆင်ခိုင်းထားပါတယ်။ ( ချွေးမဆိုသည်မှာ ရှင်သုဒိန်ရဟန်းမ၀တ်ခင် လူ့ဘ၀တုနုးက ဇနီးမယားကိုဆိုလိုသည်)

ရှင်သုဒိန်ကြွလာတဲ့ အခါမှာ ဖခင်သူဌေးကြီးက `` ချစ်သား..ဟောဒီ ရွှေပုံနှင့် ငွေပုံသည် သားရဲ့မိခင်ဖြစ်သူ အဖေနဲ့ လက်ထပ်ခဲ့စဉ်တုန်းက သနပ်ခါးဖိုး ပန်းဖိုးအဖြစ်နဲ့ သားရဲ့ဘိုးဘွားများက သားမိခင်ကို ပေးလိုက်တဲ့ ဥစ္စာကလေးများဖြစ်တယ်။ ဘိုးဘွားမိဘ အမွေအနှစ်နဲ့ ကူးသန်းရောင်ဝယ်လို့ ရရှိတဲ့ ပစ္စည်းဥစ္စာတွေမှာ မရေမတွက်နိုင်အောင် များပြားလှပါတယ်။ လူထွက်ပြီး ကုသိုလ်ကောင်းမှု ပြုချင်တိုင်းပြုနိုင်ပါတယ်။ လူထွက်ပါတော့´´လို့ ဖျောင်းဖျပြောဆိုပါတယ်။ (ဘုရားခေတ်က အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှုအရ လက်ထပ်၍ပြီးသောအခါ မိန်းကလေးဖြစ်သူက ယောကျာင်္းလေး၏အိမ်သို့ လိုက်ပါသွားကြရပါတယ်။ အဲဒီလိုမျိုး လိုက်ပါသွားစဉ်က ရှင်သုဒိန်ရဲ့ ဘိုးဘွားများက သူတို့သမီး ယောက္ခမအိမ်ရောက်ရင် သနပ်ခါးဝယ်လိမ်းဖို့ ပန်းဝယ်ပန်ဖို့ ပေးလိုက်သော ဥစ္စာများဖြစ်သည်-ဟူလို)

ထိုအခါမှာ ရှင်သုဒိန်က လူမထွက်နိုင်တဲ့အကြောင်း သာသနာဘောင်မှာ အလွန်မွေ့လျော်၍ သာသနာတော်မှာသာ နေလိုကြောင်းကို ပြောပြသော်လည်း မရသဖြင့် တတိယအကြိမ်မှာ ``ဖခင်..ဆွဲမထုတ်ဘူးဆိုလျှင် စကားတစ်ခွန်းလောက် ပြောချင်စမ်းတယ်´´ အစချီ၍ ``ပြောတာပေါ့´´ ခွင့်ပြုသောအခါမှာ ``ဖခင်...ဖခင်၏ ရွှေငွေစသော ရတနာတွေကို အိတ်ကြီးတွေထဲမှာ ထည့်ပြီးတော့ လှည်းပေါင်းများစွာဖြင့် သယ်ယူပြီးလျှင် ဂင်္ဂါမြစ်လယ်ခေါင်မှာ သွားပစ်ချပြီးတော့ ရေမျှောလိုက်ပါ၊ အဲသလိုမျိုး လုပ်ပစ်လိုက်လျှင် ဖခင်မှာ စိုးရိမ်ကြောင့်ကြကင်း၍ ချမ်းသာခြင်းဖြစ်ပါလိမ့်မည်´´ ဟု ပြောဆိုလိုက်ပါတယ်။

သူဌေးကြီးဟာ သားဖြစ်သူ ရဟန်းတော်ရှင်သုဒိန်ရဲ့ စကားကိုကြားပြီးတော့ အလွန်စိတ်မချမ်းမသာဖြစ်သွားပါတယ်။ သူကိုယ်တိုင် သားဖြစ်သူကို ဖျောင်ဖျပြောဆိုလို့မရတဲ့အခါမှာ ချွေးကို ဖြားယောင်းခိုင်းပါတော့တယ်..။

...............................................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

ဝိနည်းကျင့်ဝတ်ခေါ် ရဟန်းကျင့်ဖွယ် (၂၂၇)သွယ် (အပိုင်း-၄)

ထိုသို့နေစဉ်မှာပဲ ၀ဇ်ဇီတိုင်းတစ်ခုလုံး ငတ်မွတ်ခြင်းဘေးကြီး ဖြစ်ပွားခဲ့တယ်။ ဒီအခါမှာ ရှင်သုဒိန်ဟာ အခြားရဟန်းများနှင့် မိမိပါ ဆွမ်းကိစ္စလွယ်ကူစေရန် မယ်တော်ခမည်းတော်နှင့် ဆွေမျိုးများကို အားကိုးသောအားဖြင့် ရဟန်းများစွာကို ပင့်ခေါ်ပြီးတော့ ကလန္ဒရွာသို့ ကြွလာခဲ့ကြတယ်။ ထိုသို့ကြွလာကြောင်းကို ဆွေမျိုးများက ကြားသိကြ၍ ဆွမ်းအိုးအလုံးပေါင်း (၆၀)လောက်ကို ပို့လှုပေးကြပါတယ်။ ဒီအခါမှာ ရှင်သုဒိန်ဟာ ဆွမ်းအိုး(၆၀)လောက်ကို အခြားရဟန်းတော်များအား လှုဒါန်းပြီးတော့ မိမိကတော့ သပိတ်ပိုက်ကာ ရွာထဲကိုဆွမ်းခံ ထွက်ခဲ့ပါတယ်။

ဒီအခါမှာ မိမိ၏အိမ်မှ ကျွန်မတစ်ယောက်သည် ကျွန်များပင်မစားချင်လောက်အောင် သိုးနေသော မုယောမုန့်တို့ကို လမ်းသို့စွန့်ပစ်ရန် ထွက်အလာမှာ ရှင်သုဒိန်နဲ့ မျက်နှာချင်းဆိုင် ပက်ပင်းတိုးတွေ့ကြပါတယ်။ ရှင်သုဒိန်က ``အဲဒီမုန့်တွေကို စွန့်ပစ်မှာဆိုရင် ငါ့သပိတ်ထဲကိုသာ လောင်းထည့်လိုက်ပါ´´လို့ ပြောကြားလိုက်ပါတယ်။ ကျွန်မလောင်းထည့်တဲ့ မုန့်အသိုးတွေကို ရွာထဲမှာရှိတဲ့ ဇရပ်ပေါ်ကိုသွားပြီးတော့ ဘုဉ်းပေးတော်မူရှာပါတယ်။

ရှင်သုဒိန်ရဲ့အဖေသူဌေးကြီးက သူ့သားရဟန်းကြွလာတာကို မသိဘူးလား အခြားဆွေမျိုးများကကော သွားပြီး အကြောင်းမကြားကြဘူးလားလို့ မေးစရာတစ်ခု ဖြစ်လာပြန်ပါတယ်။ ရှင်သုဒိန်ရဲ့အဖေ သူဌေးကြီးဟာ သားရဟန်းကြွလာတာကို မသိရှာပါဘူး။ အခြားဆွေမျိုးများကလည်း မိဘသဘောမတူပဲ ရဟန်းဝတ်သွားတာဆိုတော့ ရှင်သုဒိန်ကြွလာတယ်လို့ သူဌေးကြီးကို သွားမပြောရဲတဲ့အတွက် သွားမပြောကြပါဘူး။

ကျွန်မကလည်း ရှစ်နှစ်လောက် တစ်ခါမှပြန်မတွေ့ပဲ ကွဲနေကွာနေတာတစ်ကြောင်း ဘုန်းကြီးဝတ်လိုက်တော့ ကတုံးကြီးနဲ့လည်းဖြစ်နေတာကတစ်ကြောင်း လူ့ဘ၀ကလိုမျိုး မဟုတ်တော့ပဲ ရုပ်ရည်ကပြောင်းလဲ သွားတာကတစ်ကြောင်းဆိုတော့ ရှင်သုဒိန်ကို သူတို့သခင်လေးဆိုတာ ရုတ်ချည်းမမှတ်မိပါဘူး။ နောက်မှ အသံနဲ့ လက်ခြေအနေအထားတို့ကို သတိထားမိပြီးမှ စဉ်းစားရင်းနဲ့ မိမိတို့ရဲ့ သခင်လေးသုဒိန်ဆိုတာကို သိလိုက်ရပါတယ်။

သေချာပြီဆိုမှ သူတို့ရဲ့အရှင်သခင် သူဌေးမကြီးကို သွားပြောပါတယ်။ သူဌေးကြီးက သူ့သားကိုလိုက်ခေါ်တော့ ဇရပ်ပေါ်မှာ မုန့်အသိုးတွေကို ဘုဉ်းပေးနေတာကို တွေ့တဲ့အခါမှာ ရင်ထုမနာတွေဖြစ်ပြီးတော့ အိမ်ကိုပင့်ပါတယ်။ ``ဒီကနေ့အတွက်တော့ ဆွမ်းကိစ္စပြီးပါပြီ´´လို့ ပြောပြီး ရှင်သုဒိန်က ငြင်းလိုက်ပါတယ်။ ဒီအခါမှာ သူဌေးကြီးက မနက်မှာ အိမ်ကိုဆွမ်းစားကြွပါလို့ ပင့်ပြီးပြန်သွားပါတယ်။

(ဆက်လက်တင်ပြပေးပါမည်)

.....................................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

ဝိနည်းကျင့်ဝတ်ခေါ် ရဟန်းကျင့်ဖွယ် (၂၂၇)သွယ် (အပိုင်း-၃)

(မေထုနဓမ္မသိက္ခာပုဒ်ခေါ် ပထမပါရာဇိက-မူလပညတ်တော်

အမှုသည်အမည်=ရှင်သုဒိန်

ကျူးလွန်သောအမှု=ဇနီးဟောင်း၌ မေထုန်မှီဝဲမှု)

ဦးဇင်းပြီးခဲ့တဲ့အပတ်က သာသနာတော်ကို အမဲစက်မဌမဦှးဆုံး ချခဲ့တဲ့သူက ရှင်သုဒိန်လို့ပြောခဲ့တယ်နော်။ ဒီတစ်ပတ် သုဒိန်ရဲ့အကြောင်းကို ပြောကြတာပေါ့..။

ရှင်သုဒိန်ဆိုတဲ့ ရဟန်းတော်ဟာ အညတြရဟန်းတစ်ပါးတော့ မဟုတ်ပါဘူး။ သူဟာ ဝေသာလီပြည်အနီးက ကလန္ဒရွာမှာနေသော ကုဋေရှစ်ဆယ်ချမ်းသာတဲ့ ကလန္ဒသူဌေးရဲ့ တစ်ဦးတည်းသော သားလေးပါ။ တစ်နေ့တော့ သူဟာ အကြောင်းကိစ္စတစ်ခုရှိတာနဲ့ ဝေသာလီမြို့ပေါ်ကို ရောက်နေခဲ့ပါတယ်။ ဘုရားရှင်ကလည်း ဝေသာလီမြို့ကိုေ၇ာက်နေခိုက်နဲ့ ကြုံကြိုက်နေပြန်ပါတယ်။ သူဟာ ဘုရားရှင်ရဲ့တရားတော်ကို နားကြားနေရင်းနဲ့ ``ဤတရားတော်လာသည့်အတိုင်း နေထိုင်ကျင့်ကြံဖို့ ကိစ္စသည် လူ့ဘောင်မှာ မဖြစ်နိုင်၊ ရဟန်းပြုမှသာ တရားတော်အတိုင်း နေနိုင်မည်´´လို့ ကြံစည်မိပါတယ်။

သူဟာ တရားပွဲပြီးတာနဲ့ ဘုရားထံချဉ်းကပ်ပြီးတော့ ``တပည့်တော်ကို ရဟန်းပြုပေးပါဘုရား´´လို့ လျှောက်ထားပါတယ်။ ဒီအခါမှာ ဘုရားရှင်က ``မိဘတို့ခွင့်မပြုတဲ့ သားသမီးကို ရဟန်းပြု၍ မပေးကောင်း´´ဟု ပြန်လည်မိန့်ကြားတော်မူပါတယ်။ ဒါကြောင့်သူဟာ ကလန္ဒရွာကိုပြန်ပြီးတော့ ``သားကို ရဟန်းပြုခွင့်ပေးပါ´´လို့ မိဘတွေဆီမှာ ခွင့်တောင်းပါတယ်။ သုဒိန်ဟာ တစ်ဦးတည်းသော သားကလည်းဖြစ်နေသလို မိဘတွေကလည်း ဘာသာခြားတွေဖြစ်နေပါတယ်။ ဒါကြောင့် သုဒိန်ကို ရဟန်းပြုခွင့်မပေးပါဘူး။

ဒီတော့ သုဒိန်ဟာ ``ရဟန်းပြုခွင့်မပေးလျှင် လူ့လောကမှာ အသက်မရှင်ချင်တော့ သေချင်သေပါစေတော့´´လို့ ဓိဋ္ဌာန်ပြီးတော့ ထမင်း(၇)ထပ်လောက် အငတ်ခံပြီး ဆန္ဒပြမှ သူမိဘတွေက ရဟန်းပြုခွင့်ပေးလိုက်ပါတယ်။ သေသွားတာနဲ့စာလျှင် ရဟန်းဝတ်နဲ့ သားလေးကို မြင်နေရတာက တော်ပါသေးတယ်ဆိုပြီး ရဟန်းဝတ်ခွင့်ပေးခဲ့တာပါ။

သုဒိန်ဟာ ရဟန်းပြုပြီးတာနဲ့ ဓုတင်အကျင့်များကို ဆောက်ပြီးတော့ မိမိနေရပ်နဲ့ အင်မတန်ဝေးကွာလှတဲ့ ၀ဇ်ဇီတိုင်း အတွင်းမှာပါဝင်တဲ့ မထင်မရှားရွာလေးတစ်ရွာမှာ ဘာဝနာကမ္မဋ္ဌာန်းတရားတို့ကို ပွားများအားထုတ်ပြီးတော့ နေပါတယ်။ (ကိလေသာအညစ်အကြေးတို့ကို ခါထုတ်၍ ပစ်တတ်သောကြောင့် ``ဓုတင်´´ဟု ခေါ်ဆိုပါသည်)

(ဆက်လက်တင်ပြပေးပါမည်)

..........................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

ဝိနည်းကျင့်ဝတ်ခေါ် ရဟန်းကျင့်ဖွယ် (၂၂၇)သွယ် (အပိုင်း-၂)

``ချစ်သား သာရိပုတ္တရာ ဆိုင်းငံ့ဦးလော့၊ သိက္ခာပုဒ်တော်များ ပညတ်ရန် သင့်လျော်သော အချိန်ကာလကို ငါဘုရား သိတော်မူသည်။ ယခုအချိန်မတန်သေး၊ ဤသာသနာတော်၌ ထေရ်ကြီးဝါကြီး များပြားလာသောအခါ လာဘ်လာဘပေါများသောအခါ ဗဟုသုတကြွယ်ဝသော ရဟန်းများ များပြားလာသောအခါ ကျူးလွန်မှု အပြစ်များ ထင်ရှားဖြစ်ပေါ်လာလိမ့်မည်။ ထိုအခါ ကျူးလွန်မှု အပြစ်များကို တားမြစ်ပိတ်ပင်ရန် ငါဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူမည်၊

ယခုအချိန်အခါ၌ ရဟန်းသံဃာတော်အပေါင်းသည် အပြစ်ကင်း၏။ မှဲ့စက်မထင် ဖြူစင်၏။ အနှစ်ပြည့်ဝ၏။ ဤရဟန်း(၅၀၀)တိုတွင် အငယ်ဆုံးရဟန်းသည် သောတာပန်အရိယာပုဂ္ဂိုလ်ဖြစ်၏´´ဟု မိန့်ကြားတော်မူပါသည်။

မြတ်စွာဘုရားရှင် ပွင့်တော်မူပြိးစ -၀ါတော်နှစ်ဆယ် (ပထမဗောဓိ)အတွင်း၌ စစ်မှန်သော သဒ္ဒါတရားနှင့် ပြည့်စုံသည့် အမျိုးကောင်းသားများသာလျှင် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ကြ၍ ပါရာဇိက သံဃာဒိသိသ်စသော သိက္ခာပုဒ်တော်အကြီးစားများ ပညတ်ရန် မလိုသေးပါဘူး။

``မကျွမ်းကျင်သော ခွဲစိတ်ဆရာဝန်သည် အနာမဖြစ်ပေါ်မီ ကြိုတင်ခွဲစိတ် ကုသမှုပြုပါလျှင် လူနာ၏ ကျေးဇူးတင်မှုကို မရသည့်အပြင် အပြစ်တင်မှုကိုပင် ခံရပေလိမ့်မည်။ ကျွမ်းကျင်သော ခွဲစိတ်ဆရာဝန်သည်ကား ပြည်မှည့်သောအနာကို ခွဲစိတ်ကုသပေးသဖြင့် လူနာ၏ ကျေးဇူးတင်မှုကို ခံယူရပေလိမ့်မည်။´´ ဤအတူပါပဲ အလုံးစုံကို သိတော်မူသော မြတ်စွာဘုရားရှင်သည် အပြစ်ကျူးလွန်မှုများ ဖြစ်ပေါ်လာမှသာလျှင် ယင်းကျူးလွန်မှုများကို တားဆီးပိတ်ပင်ရန် သိက္ခာပုဒ်တော်များကို ပညတ်တော်မူခြင်းမူခြင်းဖြစ်သည်။

ဘုရားရှင်၏ ၀ါတော်နှစ်ဆယ်နောက်ပိုင်း ကာလများ၌ကား ကြီးလေးသော ပြစ်မှုများကို ကျူးလွန်ကြတဲ့ ရဟန်းများ ပေါ်ပေါက်လာခဲ့ပါတော့တယ်။

သာသနာတော်ကို ပဌမဦးဆုံးသော အမဲစက်ဖြစ်ပေါ်အောင် ပြုလုပ်လိုက်တဲ့သူကတော့ ဝေသာလီပြည်မြို့အနီးတွင်ရှိသော ကလန္ဒရွာ သူဌေးသား သုဒိန်ပဲဖြစ်ပါတယ်။

.................................................................................................မိုးသု(မန္တလေး)
ဆက်လက်ဖတ်ရှူရန် »

ဝိနည်းကျင့်ဝတ်ခေါ် ရဟန်းကျင့်ဖွယ် (၂၂၇)သွယ် (အပိုင်း-၁)

ဒီနေ့တော့ ၀ိနည်းတော်ပေါ့။ ပါတိမောက်ကိုအခြေခံပြီးတော့ လူတွေအနေနဲ့ သိထားသင့် သိထားထိုက်တာတွေကို ပို့ချပေးသွားမှာပါ။ ဒါကိုပို့ချပေးမယ်လို့ ကြေငြားတဲ့ နောက်တစ်ရက်မှာ အီးမေးလ်တစ်စောင် လက်ခံရရှိခဲ့တယ်။ သူ့အီးမေးလ်က ``လူတွေကို ၀ိနည်းသင်ပေးမယ်ဆိုတော့ ကိုယ့်ချီးထုပ်ကို ဖြေပြတာနဲ့ အတူတူပဲ..တဲ့။ အရှင်ဘုရား ငတ်သွားချင်လို့လား..တဲ့။ လူတွေကို ၀ိနည်းသင်မပေးပါနဲ့..တဲ့´´။ ဦးဇင်းက တွေးပါတယ်။ အခုခေတ်က လူတွေက ၀ိနည်းကို နားမလည်တော့ ထင်ရာမြင်ရာ အထူးအဆန်းလုပ်ပြနိုင်တဲ့ ပဋိယတ်မဟုတ် ပဋိပတ်မလုပ်နဲ့ နှစ်လုံးပေး သုံးသုံးပေးနဲ့ ထင်သလိုနေတဲ့ ဘုန်းကြီးအစုတ်အပြတ်တွေကို တကယ့်သူတော်ကောင်းကြီးတွေလို့ ထင်မှတ်နေကြတယ်။

ဝိနည်းတော်ကို လူတွေနားလည်ရင်တော့ ဒါမျိုးတွေ ပပျောက်သင့်သလောက်တော့ ပပျောက်သွားလိမ့်မယ်လို့ ဦးဇင်းကတွေးမိတယ်။ ကိုယ်က၀ိနည်းနဲ့ မညီတာလုပ်နေလို့ လူတွေက တွေ့သွားလို့ မကိုးကွယ်လည်းနေပေါ့။ ၀မ်းမနည်းပါဘူး။ ဘာပြုလို့လည်းဆိုတော့ ကိုယ့်ထက် ၀ိနည်းတော်ကို လေးစားတဲ့ မြတ်နိုးတဲ့ သီလရှိတဲ့ ရဟန်းတော်ကို ရှာပြီးကိုးကွယ်ကြမှာလေ။ ဒါဟာ တွေးကြည့်ရင် တကယ်ကို ကျေနပ်စရာကောင်းပါတယ်။ ဒုဿီလတွေကို ကိုးကွယ်နေတာနဲ့စာရင် ဒီအဖြစ်အပျက်က တကယ်ကို ကျေနပ်ဖွယ်ကောင်းပါတယ်။ ဒါကြောင့် ၀ိနည်းတော်ကို ပို့ချပေးရခြင်းဖြစ်ပါတယ်။

ဦးဇင်းတို့ ၀ိနည်းအကြောင်းကို ပို့ချမယ်ဆိုတော့ ၀ိနည်းသိက္ခာပုဒ်တော်တွေကို မပို့ချခင် ၀ိနည်းသိက္ခာပုဒ်တော်ကို ဘာကြောင့် ဘယ်လိုအကျိုးကျေးဇူးကြောင့် ဘုရားရှင်ပညတ်တော် မူခဲ့သလဲဆိုတာကို အရင်ပြောကြရအောင်ပါ..။

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ဝေရဉ္စာပြည်မှာ ၀ါဆိုတော်မူတယ်။ အဲဒီအခါမှာ လက်ယာတော်ရံဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်က ``ပရိနိဗာန်စံလွန်တော် မူပြီးသော ဘုရားရှင်တို့တွင် အဘယ်ဘုရားရှင်၏ သာသနာတော်သည် ကြာမြင့်စွာ တည်တံ့ပါသနည်း၊ အဘယ်ဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်တံ့ပါသနည်း´´လို့ ဘုရားရှင်ကို မေးလျှောက်တော်မူခဲ့တယ်။

``၀ိပဿီမြတ်စွာဘုရား၊ သိခီမြတ်စွာဘုရား၊ ဝေဿဘူမြတ်စွာဘုရားတို့၏ သာသနာတော်သည် အရှည်မတည်တံ့။ အကြောင်းမူကား ထိုဘုရားရှင်တို့၏ တပည့်သာဝကများသည် တရားဒေသနာတော်ကို အကျဉ်းမျှ ဟောကြားရုံဖြင့် အာသဝေါကုန်ခန်း ရဟန္တာဖြစ်သွားကြကုန်၏။ ထိုကြောင့် တရားဒေသနာကို အကျယ်ကြားတော်မမူခဲ့။ ၀ိနည်းသိက္ခာပုဒ်တော်ကို ပညတ်တော်မမူခဲ့ကြကုန်။ ထိုဘုရားရှင်တို့ ပရိနိဗာန်စံလွန်တော်မူပြီးနောက် တပည့်သာဝက နှစ်ဆက်သုံးဆက် လွန်သောအခါ သာသနာတော် ကွယ်ပခဲ့လေသည်။

ကကုသန်မြတ်စွာဘုရား၊ ကောဏာဂုံမြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရားတို့၏ သာသနာတော်သည် တည်တံ့၏။ အကြောင်းမူကား ထိုဘုရားရှင်တို့သည် တရားဒေသနာတော်ကို အကျယ်အားဖြင့် ဟောကြားတော်မူခဲ့၊ ၀ိနည်းသိက္ခာပုဒ်တော်ကို ပညတ်တော်မူခဲ့၊ ပါတိမောက်ကို ရွတ်ပြတော်မူခဲ့ကြကုန်၏။ ထိုဘုရားရှင်တို့ ပရိနိဗာန်စံလွန်တော်မူသောအခါ တပည့်သာဝက အဆက်ဆက်တို့သည် သာသနာတော်ကို အရှည်တည်တံ့ကြစေကုန်၏´´လို့ ဖြေကြားတော်မူခဲ့ပါတယ်။

အဲဒီအခါမှာ အရှင်သာရိပုတ္တရာမထေရ်မြတ်က မြတ်စွာဘုရားရှင်ကို လက်အုပ်ချီပြီးလျှင် ``သာသနာတော် အရှည်တည်တံ့စေခြင်းငှါ ၀ိနည်းသိက္ခာပုဒ်တော်ကို ပညတ်တော်မူရန် အချိန်တန်ပါပြီဘုရား၊ ပါတိမောက်ရွတ်ပြရန် အချိန်တန်ပါပြီဘုရား´´လို့ တောင်းပန်လျှောက်ထား ပြန်ပါတယ်။

(ဆက်လက်တင်ပြပေးပါမည်)
.................................................................................................မိုးသု(မန္တလေး)
ဆက်လက်ဖတ်ရှူရန် »

Friday, February 3, 2012

ဘုရားရှင်၏ ဖြစ်တော်စဉ်နှင့် ဆက်စပ်၇ှင်းလင်းချက်များ(အပိုင်း-၇) (၈) (၉)

သုမေဓာပညာရှိ ငယ်စဉ်ကလေးဘ၀ထဲက မိဘနှစ်ပါးတို့ဟာ ကွယ်လွန်သွားခဲ့ပါတယ်။ သုမေဓာအရွယ်ရောက်တဲ့ အခါမှာ ဘဏ္ဍာစိုးကြီးက ``အရှင်...ဤမျှလောက်သော ပစ္စည်းများကား သင်၏ အဘဖက်မှ ဆင်းသက်လာသော ပစ္စည်းများတည်း။ ဤမျှလောက်သော ပစ္စည်းများကား သင်၏ အမိဖက်မှ ဆင်းသက်လာသော ပစ္စည်းများတည်း။ ဤမျှလောက်သော ပစ္စည်းများကား သင်၏ အဘိုး အဘေးတို့ လက်ထက်မှ ဆင်းသက်လာသော ပစ္စည်းများတည်း´´ဟု အထပ်ဆွေမျိုးခုနှစ်ဆက်မှ ဆင်းသက်လာသော (ရရှိလာသော) ပစ္စည်းဥစ္စာရတနာတို့ကို ပြသပြီးလျှင် ``ဒီဥစ္စာရတနာတွေကို အလိုရှိသလို စီမံသုံးစွဲပါ´´လို့ လွဲပြောင်း အပ်နှင်းပေးပါတယ်။

သုမေဓာပညာရှိဟာ သူလက်ခံလိုက်တဲ့ ပစ္စည်းဥစ္စာတွေကို ကြည့်ပြီးတော့ ``ငါ၏ အဘ အဘိုး ဆွေမျိုးခုနှစ်ဆက်တို့သည် ဤမျှ များပြားစွာသော ဥစ္စာတို့ကို စုဆောင်းပြီးလျှင် ကွယ်လွန်ကြသောအခါ တစ်ကျပ်တစ်ပြားကိုမျှ မယူနိုင်ပဲ သွားကြရကုန်၏။ ငါသည်ကား ကွယ်လွန်သွားရာသို့ တစ်ကျပ်တစ်ပြားမျှ မကျန်အောင် ယူဆောင်သွားနိုင်တဲ့ အကြောင်းတရားကို ပြုလုပ်သင့်၏´´လို့ ဆင်ခြင်စဉ်းစားပြီးတော့ ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ပြီးတော့ နေခဲ့ပါတယ်။

(ဆက်လက်တင်ပြပေးပါမည်) ......................................................................မိုးသု(မန္တလေး)


ဘုရားရှင်၏ ဖြစ်တော်စဉ်နှင့် ဆက်စပ်၇ှင်းလင်းချက်များ(အပိုင်း-၈)ဲ့

တစ်နေ့သောအခါမှာ သုမေဓာပညာရှိသည် ပြာသာဒ်အထက်ထပ်သို့ ထက်၍ ဆိတ်ငြိမ်ရာအရပ်၌ တင်ပလ္လင်ဖွဲ့ခွေ နေထိုင်ပြီးလျှင် ဤသို့ ကြံစည်တော်မူပါတယ်....။

ဘ၀သစ်၌ဖြစ်ခြင်း(ပဋိသန္ဓေနေရခြင်း)သည် ဆင်းရဲလှ၏။ ခန္ဓာကိုယ်၏ ပျက်စီးရခြင်း(သေရခြင်း)သည်လည်း ဆင်းရဲလှ၏။ အိုခြင်းတရားသည် လွှမ်းမိုးနှိပ်စက်အပ်သည်ဖြစ်၍ တွေတွေဝေေ၀ သေရခြင်းသည်လည်း ဆင်းရဲလှ၏။

ပဋိသန္ဓေနေရခြင်းသဘော အိုရခြင်းသဘော နာရခြင်းသဘောရှိသောငါသည် မအိုရာ မနာရာ မသေရာ ဘေးကုန်ခန်းရာ အေးငြိမ်းရာဖြစ်သော နိဗ္ဗာန်တရားကို ရှာမှီးပေအံ့။

ကျင်ငယ် ကျင်ကြီး ပြည်သွေး သည်းခြေ သလိပ် တံတွေး ချွဲ နှပ်အစရှိသည့် အထူးထူးသော အပုပ်မျိုးတို့ဖြင့် ပြည့်၍နေသော ဤကိုယ်ကောင်ပုပ်ကို ငါသည် မငဲ့မကွက် အလိုမရှိပဲ စွန့်လွှတ်၍ သွားနိုင်ပါမူ ကောင်းလေစွာ့..။

ထိုအေးငြိမ်းရာ နိဗ္ဗာန်သို့ သွားရောက်ကြောင်း ခရီးကောင်းသည် ရှိသည်ဧကန်ဖြစ်ပေလိမ့်မည်။ ထိုလမ်းသည် မရှိပဲနေခြင်းငှါ မတတ်စကောင်း။ ဘ၀အနှောင်အဖွဲ့မှ လွတ်မြောက်ရန် ထိုနိဗ္ဗာန်ရောက်ကြောင်း ခရီးကောင်းကို ငါကား ရှာမှီးပေတော့အံ့..။

ဥပမာအားဖြင့် ဆင်းရဲခြင်း(ဒုက္ခ)တရား ထင်ရှားရှိလတ်သော် ကိုယ်စိတ်ချမ်းသာခြင်း(သုခ)တရား လောက၌ ထင်ရှားရှိသကဲ့သို့ ဤအတူ ၀ဋ်ဒုက္ခ၏ဖြစ်ခြင်း ဘ၀တရား ထင်ရှားရှိလတ်သော် ထိုဝဋ်ဒုက္ခ၏မဖြစ်ခြင်း နိဗ္ဗာန်တရားကိုလည်း အလိုရှိအပ်(သိမှတ်အပ်)သည်သာတည်း..။

(ဆက်လက်တင်ပြပေးပါမည်)

..........................................................................................................မိုးသု(မန္တလေး)

ဘုရားရှင်၏ ဖြစ်တော်စဉ်နှင့် ဆက်စပ်၇ှင်းလင်းချက်များ(အပိုင်း-၉)

“ဥပမာ တစ်နည်းအားဖြင့် အပူရှိလျှင် ထိုအပူမှ တစ်ပါးဖြစ်သော အအေးလည်းရှိသကဲ့သို့ ဤအတူ ရာဂမီး ဒေါသမီး မောဟမီး ဤမီးသုံးပါးထင်ရှားရှိလျှင် ထိုမီးသုံးပါးကို ငြိမ်းစေတတ်သော နိဗ္ဗာန်တရားကိုလည်း အလိုရှိအပ်(သိမှတ်အပ်)သည်သာတည်း”


“ဥပမာ တစ်နည်းအားဖြင့် မကောင်းမှု အကုသိုလ်တရား ထင်ရှားရှိလျှင် ကောင်းမှု ကုသိုလ်တရားလည်း ထင်ရှားရှိသကဲ့သို့ ဤအတူပင် ဇာတိပဋိသန္ဓေနေရခြင်း ဇာတိတရားထင်ရှားရှိလျှင် ထိုဇာတိကို ကုန်စေတတ်သည့် ပဋိသန္ဓေနေခြင်းကင်းရာ နိဗ္ဗာန်တရားကိုလည်း အလိုရှိအပ်(သိမှတ်အပ်)သည်သာတည်း”


ဤသို့ အကြံတော်ဖြစ်ပြီး ဆက်၍တဖန် လေးနက်စွာ အကြံတော်ဖြစ်ပြန်သည်မှာ...........


“ဥပမာအားဖြင့် မစင်တွင်း၌ ကျရောက်နေသော (တစ်နည်းအားဖြင့်=မစင်လိမ်းကပ်နေသော) ယောကျာင်္းသည် ကြာမျိုးငါးပါးတို့ဖြင့် တန်ဆာဆင်အပ်၍ ကြည်လင်သော ရေရှိသည့် တဖက်ဆည်ကန်ကြီးကို မျက်ဝါးထင်ထင် အဝေးမှ တွေ့မြင်နေရပါလျက် ထိုတဖက်ဆည်ကန်ကြီးသို့ သွားရောက်ရန် လမ်းမှန်ကို မရှာမှီးလျှင် ထို့သို့မရှာမှီးခြင်းသည် တဖက်ဆည်ကန်ကြီး၏ အပြစ်မဟုတ်၊ ထိုမစင်လိမ်းကပ်နေသော ယောကျာင်္း၏ အပြစ်သာဖြစ်သကဲ့သို့၊ ဤအတူ ကိလေသာ အညစ်အကြေးတို့ကို ဆေးလျှော်ရာဖြစ်သော နိဗ္ဗာန်တည်းဟူသော တစ်ဖက်ဆည်ကန်ကြီး ထင်ရှားရှိပါလျက် ထိုနိဗ္ဗာန်တည်းဟူသော တဖက်ဆည်ကန်ကြီးကို မရှာမှီးလျှင် ထိုသို့မရှာမှီးခြင်းသည် တဖက်ဆည်ကန်ကြီး၏ အပြစ်မဟုတ်”


(ဆက်လက်တင်ပြပေးပါမည်)


..................................................................................................မိုးသု(မန္တလေး)


ဆက်လက်ဖတ်ရှူရန် »

ဘုရားရှင်၏ ဖြစ်တော်စဉ်နှင့် ဆက်စပ်၇ှင်းလင်းချက်များ(အပိုင်း-၆)

ထိုအမရ၀တီနေပြည်တော်၌ သုမေဓာအမည်ရှိသော ပုဏ္ဏားသည်နေ၏။ (ချီးမွှမ်းအပ်သော ပညာရှိသောကြောင့် သုမေဓ ဟူ၍ ထင်ရှားလေသည်)

ထိုသုမေဓာပုဏ္ဏားသည် အမိဘက်မှလည်း ပုဏ္ဏားမျိုးအဆက်ဆက်က ဆင်းသက်လာသော မိခင်၊ အဘဖက်မှလည်း ပုဏ္ဏားမျိုးအဆက်ဆက်က ဆင်းသက်လာသော ဘခင်ဖြစ်သဖြင့် အမိအဘနှစ်ဖက်စုံမှ ကောင်းသော ဗြဟ္မဏဇာတ်ရှိသူဖြစ်သည်။ သုမေဓာသည် ရောဂါသန့်စင်သော မိခင်ဝမ်း၌လည်း ပဋိသန္ဓေနေခဲ့ရသူဖြစ်သည်။ အထက်ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်တိုင်အောင် ``ဤသူသည် အမျိုးဇာတ် ယုတ်ညံ့သောသူတည်း´´ဟူ၍ အမျိုးဇာတ်ကို စွဲ၍ဖြစ်သော စကားဖြင့် မကဲ့ရဲ့ထိုက်သောဖြစ်သည်။

အလွန်လှပတင့်တယ်၍ မြင်ရသူတိုင်း၏ စိတ်နှလုံးကို အေးချမ်းစေသော ရုပ်ရည်ရူပကာယနှင့် ပြည့်စုံသော သူတစ်ယောက်ဖြစ်သည်။ စီးပွါးအရေးအနေအားဖြင့်လည်း ကုဋေပေါင်းများစွာ ချမ်းသာကြွယ်သော သူတစ်ယောက်ဖြစ်သည်။ ဣရု ယဇု သာမဟူသော ဗေဒင်သုံးပုံကိုလည်း တစ်ဖက်ကမ်းခတ် တတ်မြောက်ထား၍ အလွတ်အာဂုံဆောင်ထားသော သူတစ်ယောက်ဖြစ်သည်။

အဘိဓာန်ကျမ်းဟုခေါ်ဆိုအပ်သော နိဃဏ္ဍုကျမ်း၊ အလင်္ကာကျမ်းဟုခေါ်ဆိုအပ်သော ကေဋုဘကျမ်း၊ အက္ခရပဘေဒဟုဆိုအပ်သော သဒ္ဒါကျမ်း၊ ရှေးဟောင်းဇာတ်ဝတ္ထုများကို ဖော်ပြထားသော ပုရာဏ်ကျမ်းဟုခေါ်ဆိုအပ်သော ဣတိဟာသကျမ်းတို့ကိုလည်း ကမ်းတစ်ဘက်ခတ် တတ်မြောက်ကျွမ်းကျင်သော သူတစ်ယောက်ဖြစ်သည်။

ဗျာကရုဏ်းကျမ်း လောကာယကျမ်း မဟာပုရိသလက္ခဏာတော်ကျမ်းတို့ကိုလည်း အဆီးအတားမရှိ တတ်မြောက်ထားသောသူတစ်ယောက်ဖြစ်သည်။

(ဆက်လက်တင်ပြပေးပါမည်)

.........................................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

ဘုရားရှင်၏ ဖြစ်တော်စဉ်နှင့် ဆက်စပ်၇ှင်းလင်းချက်များ(အပိုင်း-၅)

ဦးဇင်းတို့ ဒီနေ့တော့ သုမေဓာရှင်ရသေ့အကြောင်းကို ပြောကြရအောင်။ မဖြစ်မနေ သိသင့်သိထိုက်တဲ့ အခြေခံအချက်ကလေးတွေ ပြောနေတာနဲ့ အခုထိဇာတ်ကြောင်းကို မပြောဖြစ်သေးဘူး။ ဒီနေ့တော့ ဇာတ်ကြောင်းကို ပြောကြတာပေါ့။ ဇာတ်ကြောင်းပြောပြလိုက်မှ တချို့အချက်တွေက ပိုပြီးနားလည်ကြမယ်လို့ ထင်ပါတယ်။ ကဲ..သုမေဓာအကြောင်းကို စလိုက်ကြရအောင်...။

တကယ်တော့ ဒီဗုဒ္ဓ၀င်အကြောင်းအရာတွေကို လက်ယာတော်ရံဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်က ``ဗုဒ္ဓ၀င်ကိုဟောတော်မူပါ´´လို့ တောင်းပန်လျှောက်ထားတဲ့အတွက် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့တာပါ။ အဲဒီလိုဟောကြားတော်မူတဲ့အခါမှာလည်း ``သုမေဓာရှင်ရသေ့ဘ၀မှ စတင်ပြီးတော့´´ဟောကြားတော်မူခဲ့တာပါ။ (အရှင်သာရိပုတ္တရာ ဗုဒ္ဓ၀င်ဟောကြားရန် တောင်းပန်ခြင်းအကြောင်းအရာသည် နောက်ပိုင်း၌ အကျယ်ပြတင်ပြပေးပါအံ့)

ဤကမ္ဘာမှ နောက်ပြန်ရေတွက်သည်ရှိသော် ``လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း´´အထက်၌ ``အမရ၀တီ´´ အမည်ရှိသော နေပြည်တော်သည် ထင်ရှားဖြစ်ပေါ်ခဲ့၏။ ( အမရ=နတ် (မသေနိုင်သောလူမျိုး) ၀တီ=ရှိသည်၊ နတ်များရှိသောနေပြည်တော်(သို့) မသေသောလူများရှိသောနေပြည်တော်-ဟူလို)

အမရ၀တီနေပြည်တော်သည်ကား အရာရာတိုင်းမှာ စည်းစံနစ်ကျနစွာ စီမံထားသော မြို့တော်ဖြစ်၏။ ဗရမ်းပတာပေါက်လိုပဲစား ကလေကချေ နေပြည်တော်မဟုတ်ပါ။ အမရ၀တီနေပြည်တော်သည် မွေ့လျော်ဖွယ်ကောင်း၏။ ဆန်ရေစပါးပေါများ၏။ လူတို့၏ အသုံးအဆောင်အမျိုးမျိုး ပေါကြွယ်ဝ၏။ ထို့ကြောင့် အမရ၀တီနေပြေည်တော်ကို ရောက်လာသမျှဖြစ်ကုန်သော နတ်လူတို့၏ စိတ်နှလုံးကို ကြည်လင်ရွှင်ပျစေနိုင်၏။

ဆင်သံ မြင်းသံ ရထားသံ စည်ကြီးသံ မုရိုးစည်သံ စောင်းသံ သီးချင်းသံ ခရုသင်းသံ စည်းဝါးသံ ဖိတ်ကြားသံ ဟူသော အသံဆယ်ပါးတို့ဖြင့် တရံမဆိတ် အမြဲသာယာစည်ကားလှကုန်၏။ (အခြားသောမြို့များကား အမှိုက်သရိုက် လှည်းကြကုန်၊ ပေါက်တူးပေါက်ချွန်းနှင့် မြေသယ်တောင်းကို ယူခဲ့ကြကုန်။ အရပ်တပါးသို့ ပြောင်းရွေ့ကြကုန်အံ့။ ဆန်ထုပ် ထမင်းထုပ် ယူခဲ့ကြကုန်။ စစ်ချီကြကုန်အံ့။ လက်နက်လေးမြားစသည် အသင့်ပြင်ထားကြကုန် အစရှိသည်ဖြင့် မသာမယာမစည်းကား မြို့ရွာချောက်ခြားသော အသံများသာ များပြားလှသော်လည်း အမရ၀တီနေပြည်တော်မှာကား ထိုအသံမျိုးမရှိပဲ ဆင်သံ မြင်းသံစသော အသံဆယ်ပါးတို့ဖြင့် အမြဲသာယာစည်ကား၍ နေသည်-ဟူလို)

(ဆက်လက်တင်ပြပေးပါမည်)

..................................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

ဘုရားရှင်၏ ဖြစ်တော်စဉ်နှင့် ဆက်စပ်၇ှင်းလင်းချက်များ(အပိုင်း-၄)

ပြီးခဲ့တစ်ပတ်က ဦးဇင်းတို့ နိယတဗျာဒိတ်တော်ခံယူမည့် ရင့်သောဘုရားအလောင်းတော်များဟာ အင်္ဂါရှစ်ချက်နဲ့ ပြည့်စုံမည့်အကြောင်းရယ် ပြည့်စုံရမည့်အင်္ဂါရှစ်ချက်ရယ်ကို ပြောခဲ့ကြတယ်နော်..။

အဲသလိုအင်္ဂါရှစ်ချက်နဲ့ ပြည့်စုံတဲ့အလောင်းတော်များဟာ သက်တော်ထင်ရှား မြတ်စွာဘုရားဆီကနေ ဗျာဒိတ်တော်မခံခင် အချိန်ပိုင်းလေးအတွင်းမှာ (ဘုရားဆုမပန်ခင်အချိန်ပိုင်းလေးအတွင်းမှာ) အကယ်၍ ထိုဘုရားရှင်၏ အထံတော်မှာ သာဝကဗောဓိဥာဏ်ရယူလိုပါက (ရဟန္တာအဖြစ်နဲ့ ကျွတ်တန်းဝင်လိုပါက) မြတ်စွာဘုရားအထံတော်မှ လေးပါဒရှိသော တရားဂါထာကို ကြားနာစဉ် ``တတိယပါဒမပြီးဆုံးမှီပင်´´ အဘိညာဉ်ခြောက်ပါး ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ခြင်းရခြင်းငှါစွမ်းနိုင်သော ဥပနိဿယအကြောင်းရှိသူဖြစ်၏။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ပါဠိလို ``ဥဂ်ဃာဋိတညူ´´ ပုဂ္ဂိုလ်ဟု ခေါ်ဆို၏။

သက်တော်ထင်ရှား မြတ်စွာဘုရားဆီကနေ ဗျာဒိတ်တော်မခံခင် အချိန်ပိုင်းလေးအတွင်းမှာ (ဘုရားဆုမပန်ခင်အချိန်ပိုင်းလေးအတွင်းမှာ) အကယ်၍ ထိုဘုရားရှင်၏ အထံတော်မှာ သာဝကဗောဓိဥာဏ်ရယူလိုပါက (ရဟန္တာအဖြစ်နဲ့ ကျွတ်တန်းဝင်လိုပါက) မြတ်စွာဘုရားအထံတော်မှ လေးပါဒရှိသော တရားဂါထာကို ကြားနာစဉ် ``စတုတ္ထပါဒမပြီးဆုံးမှီ (ဂါထာမပြီးဆုံးမှီ)´´ အဘိညာဉ်ခြောက်ပါး ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ခြင်းရခြင်းငှါစွမ်းနိုင်သော ဥပနိဿယအကြောင်းရှိသူဖြစ်၏။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ပါဠိလို ``၀ိပဉ္စိတညူ´´ဟု ခေါ်ဆို၏။

သက်တော်ထင်ရှား မြတ်စွာဘုရားဆီကနေ ဗျာဒိတ်တော်မခံခင် အချိန်ပိုင်းလေးအတွင်းမှာ (ဘုရားဆုမပန်ခင်အချိန်ပိုင်းလေးအတွင်းမှာ) အကယ်၍ ထိုဘုရားရှင်၏ အထံတော်မှာ သာဝကဗောဓိဥာဏ်ရယူလိုပါက (ရဟန္တာအဖြစ်နဲ့ ကျွတ်တန်းဝင်လိုပါက) မြတ်စွာဘုရားအထံတော်မှ လေးပါဒရှိသော တရားဂါထာကို ကြားနာ၍ ထိုဂါထာပြီးဆုံးလျှင် အဘိညာဉ်ခြောက်ပါး ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ခြင်းရခြင်းငှါစွမ်းနိုင်သော ဥပနိဿယအကြောင်းရှိသူဖြစ်၏။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ပါဠိလို ``နေယျ´´ပုဂ္ဂိုလ်ဟု ခေါ်ဆို၏။

ဒီအလောင်းတော်သုံးမျိုးဟာ သူတို့ဖူးတွေ့ရနေတဲ့ သက်တော်ထင်ရှားဘုရားရှင်ရဲ့ အထံတော်မှာ သာဝကအဖြစ်ဖြင့် ကျွတ်တန်းမ၀င်ပဲနဲ့ ဘုရားဆုပန်လိုက်ကြတဲ့အခါမှာ....

ဥဂ်ဃာဋိတညူပုဂ္ဂိုလ်ဟာ ပညာဓိကဘုရားလောင်းဖြစ်သွားတယ်။

ဝိပဉ္စိတညူပုဂ္ဂိုလ်ဟာ သဒ္ဒါဓိကဘုရားလောင်းဖြစ်သွားတယ်။

နေယျပုဂ္ဂိုလ်ဟာ ၀ီရိယာဓိကဘုရားလောင်းဖြစ်သွားတယ်။

အမှန်ကတော့ မှတ်ရတာလွယ်အောင်လို့ ပညာဓိကဘုရားလောင်းလို့ လွယ်လွယ်ပြောဆိုနေကြတာပါ။ စကားလုံးဖလှယ်ပြီးတော့ သုံးလိုက်တဲ့သဘောပါပဲ။ဥဂ်ဃာဋိတညူလို့ပဲခေါ်ခေါ် ပညာဓိကလို့ပဲခေါ်ခေါ် အတူတူပါပဲ။ မှတ်သားရတာကတော့ ပညာဓိကဆိုတာက ပိုပြီးတော့လွယ်တာပေါ့။

ဒါနဲ့ အရှင်ဘုရား ဘာဖြစ်လို့ အလောင်းတော်တွေဟာ ဥဂ်ဃာဋိတညူစသည်ဖြင့် သုံးမျိုးကွဲသွားရတာလို့ မေးစရာရှိနေပြန်ပြီ။ အဖြေကတော့ ``နုသောအလောင်းတော်ဘ၀နှင့် ပါရမီဖြည့်စဉ်က သူတို့ရဲ့သန္တာန်မှာ ထားရှိကြတဲ့ စိတ်နေစိတ်ထားတွေရဲ့ အကျိုးဆက်ကြောင့် ကွဲပြားသွားရတယ်´´လို့ ဖြေရမှာပဲနော်..။

(ဆက်လက်တင်ပြပေးပါမည်)

.....................................................................................................မိုးသု(မန္တလေး)

ဒီအပိုဒ်ကို နားလည်ကြပါ့မလားလို့တောင် စိုးရိမ်နေတယ်။ နားမလည်ကြရင် ပြန်မေးပေါ့။ အမှန်ကတော့ အခုလိုစားရေးပြီး သင်နေရတာနဲ့စာရင် ပါးစပ်ကနေ ရှင်းပြတာက ပိုပြီးထိရောက်တာပေါ့။ ဒါပေမယ့် အဲလိုကြတော့လည်း မဖြစ်နိုင်ဘူးဆိုတော့ ဖြစ်သလိုလုပ်ကြရတာပေါ့။ မရှင်းတာရှိရင် နားမလည်တာရှိရင် ပြန်မေးကြပါ။ မရှက်ကြပါနဲ့ မကြောက်ကြပါနဲ့။ ဦးဇင်းကတော့ နားလည်နိုင်လောက်အောင်တော့ ရှင်းပြထားပေမယ့် နားမလည်ခဲ့ရင် ပြန်မေးကြပေါ့။ ဟုတ်လား..ဦးဇင်းတို့ ကလေးဘ၀ ကိုရင်ဘ၀ ငယ်တုန်းကလည်း ဒီလိုပဲနားမလည်တာရှိရင် ပြန်မေးရတာပါပဲ။ ဆရားသမားတွေကတော့ ဦးဇင်းတို့တွေ နားလည်နိုင်မယ်ထင်တဲ့ စကားလုံးတွေနဲ့ ရွေးချယ်ပြီးတော့ ရှင်းပြပေမယ့် တစ်ခါတစ်လေ နားမလည်တဲ့အခါမျိုးတွေ ရှိခဲ့ဘူးပါတယ်။ ဒီတော့ ကိုယ်နားမလည်တာကို ဆရာသမားတွေကို ပြန်မေးရတာပါပဲ။ ရှက်မဟုတ်သလို ရှက်စရာလည်း မရှိပါဘူး။ နားမလည်ရင် ပြန်မေးကြပါ။

ဆက်လက်ဖတ်ရှူရန် »

ဘုရားရှင်၏ ဖြစ်တော်စဉ်နှင့် ဆက်စပ်၇ှင်းလင်းချက်များ(အပိုင်း-၃)

အလောင်းတော် သုံးမျိုးကွဲပြားသွားရခြင်းရဲ့ အကြောင်းရင်းကို ပြောကြရအောင်..။ ဘုရားအလောင်းတော်များဟာ လွယ်ကူကူနဲ့ ဘုရားအလောင်းဖြစ်လာကြတာ မဟုတ်ဘူး။ ဘုရားအလောင်းတော်ဖြစ်ဖို့ ကမ္ဘာပေါင်းများစွာ ပါရမီဖြည့်ကြရသေးတယ်..။ နုသောဘုရားလောင်းနှင့် ရင့်သောဘုရားလောင်းဆိုပြီးတော့ နှစ်ခုခွဲခြားပြီးတော့ ရှေးဦးစွာ မှတ်သားထားကြရမယ်။ နုသောဘုရားလောင်းဆိုတာက သူဟာ ဘုရားဖြစ်မယ် မဖြစ်ဘူးဆိုတာ မသေချာသေးဘူး။ သက်တော်ထင်ရှား သဗ္ဖညုတဘုရားရှင်တွေရဲ့ မျက်မှောက်တော်ကနေ ``သင်ဟာ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မယ်´´ လို့ ဗျာဒိတ်တော်ပေးခြင်းကို မခံယူရသေးဘူး။ သူ့ဘာသာ ဘုရားဖြစ်ဖို့ ပါရမီဖြည့်နေရတယ်။ ဒါကို နုသောဘုရားလောင်းလို့ ခေါ်ဆိုတယ်။

သောတ္တကီကျမ်းအလိုပြောရမယ်ဆိုရင်တော့ ဂေါတမဘုရားရှင်ဟာ နုသောဘုရားလောင်းအဖြစ်နဲ့ (၁၆)အသင်္ချေပါရမီဖြည့်ပြီးမှ ရင့်သောဘုရားလောင်းဖြစ်တဲ့ ``သုမေဓာရသေ့´´ဘ၀ကို ရရှိခဲ့တယ်လို့ ဖော်ပြထားတယ်။ ဒီလောက်ဆိုရင် ရင့်သောဘုရားလောင်းနဲ့ နုသောဘုရားလောင်းကို နားလည်လောက်ပြီးလို့ ထင်ပါတယ်။

ရင့်သောဘုရားလောင်းတွေများသာ သက်တော်ထင်ရှား ဘုရားရှင်တွေဆီကနေ သင်ဟာ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မယ်ဆိုတဲ့ နိယတဗျာဒိတ်တော်ကို ခံယူနိုင်စွမ်းရှိတယ်။ နုသောဘုရားလောင်းတွေဟာ နိယတဗျာဒိတ်တော်ကို ခံယူနိုင်တဲ့ အစွမ်းအစမရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နိယတဗျာဒိတ်တော် ခံယူမည့် ပုဂ္ဂိုလ်တွေဟာ အောက်ပါ အချက်တွေနဲ့ ပြည်စုံရမှာမို့ ဖြစ်ပါတယ်။ ပြည့်စုံရမည့် အချက်တွေကတော့....

၁။ လူဇာတ်စင်စစ် ဧကန်ဖြစ်ရခြင်း.။

၂။ ယောကျာ်းစင်စစ် ဧကန်ဖြစ်ရခြင်း..။

၃။ ထိုဘ၀မှာပင် အရဟတ္တဖိုလ်ရနိုင်လောက်သော ကုသိုလ်ပါရမီထူးနှင့် ပြည့်စုံသူ ဖြစ်ရခြင်း.။

၎။ သက်တော်ထင်ရှား မြတ်စွာဘုရားကို ဖူးတွေ့ရခြင်း။

၅။ ကမ္မ၀ါဒီရသေ့ (သို့) သာသနာတွင်း ရဟန်းဖြစ်ခြင်း။

၆။ ဈာန်သမာပတ် ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသူဖြစ်ရခြင်း။

၇။ ကိုယ့်အသက်ကို မငဲ့ကွက်ပဲ အလွန်အကျူး ပါရမီကုသိုလ်တို့ကို ပြုစုပွားများ အားထုတ်ခြင်း။

၈။ ဘုရားအဖြစ်ကို တောင့်တအားကြီးသော ကုသိုလ်ဆန္ဒရှိသူဖြစ်ခြင်း..။ ဆိုတဲ့ အချက်(၈)ချက် ပြည့်စုံမှသာလျှင် ရင့်သောဘုရားလောင်းအဖြစ်နဲ့ နိယတဗျာဒိတ်တော်ကို ခံယူနိုင်ပါတယ်။

ဒီအချက်(၈)ချက်ကို ကြည့်ရင် ဘုရားဖြစ်ဖို့ဝေးလို့ နိယတဗျာဒိတော်ရနိုင်တဲ့ ရင့်သော ဘုရားလောင်းဖြစ်ဖို့တောင် မလွယ်ဘူးဆိုတာ သိသာမြင်သာပါတယ်။

(ဆက်လက်တင်ပြပေးပါမည်)

................................................................................................မိုးသု(မန္တလေး)

ဆက်လက်ဖတ်ရှူရန် »

ဘုရားရှင်၏ ဖြစ်တော်စဉ်နှင့် ဆက်စပ်၇ှင်းလင်းချက်များ(အပိုင်း-၂)

`သမ္မာသမ္ဖောဓိဥာဏ်ရရှိဖို့ လိုလားတောင့်တသော ကုသိုလ်ဆန္ဒ ပြင်းထန်သော သူများကိုတော့ သမ္မာသမ္ဖောဓိသတ္တ=သဗ်ဗညုဘုရားလောင်းလို့ ခေါ်ဆိုတာပေါ့။´´

ဒီနေရာမှာ တစ်ခုမှတ်သားစရာရှိတာက သဗ္ဖညုဘုရားလောင်းများဟာ..

၁။ ပညာဓိကဘုရားလောင်း။

၂။ သဒ္ဒါဓိကဘုရားလောင်း။

၃။ ၀ီရိယာဓိကဘုရားလောင်းလို့ သုံးမျိုးသုံးစား ကွဲပြားပြန်တယ်။

ပညာဓိကဘုရားလောင်းတော်များကြတော့ သဗ္ဖညုတဥာဏ်တော်မြတ်ကို ရရှိပြီးတော့ ဘုရားစင်စစ် ဧကန်ဖြစ်ဖို့အတွက် လေးအင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်ကြရတယ်။

သဒ္ဒါဓိကဘုရားအလောင်းတော်များကြတော့ ရှစ်အင်္ချေနှင့် ကမ္ဘာတစ်သိန်းပါရမီဖြည့်ကြရတယ်။

ဝီရိယာဓိကဘုရားအလောင်းတော်များကြတော့ တစ်ဆယ့်ခြောက်အသေင်္ချနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကြရတယ်။

ပါရမီဖြည့်ရာမှာ ကာလတွေ အခုလို ကွာခြားသွားရတာက အကြောင်းရှိတယ်။ ဒီအကြောင်းကို လူတွေ ရင်ထဲမှာ ထာဝစဉ်ကိန်းထားပြီးတော့ လက်တွေ့ဘ၀မှာ ဆင်ခြင်သင့်တယ်။ ကဲ ကွာခြားရတဲ့အကြောင်းကို ဆက်ပြောကြရအောင်။

ပညာဓိကဘုရားအလောင်းတော်များကြတော့ ဥာဏ်ပညာက ထက်မြက်တယ် စူးရှတယ်။ သူတို့တွေဟာ ပါရမီဖြည့်တဲ့နေရာမှာ ပညာနဲ့ အရာရာကို ချင့်ချိန်တယ် သုံးသပ်တယ်။ အရာရာကို ဥာဏ်လေးနဲ့ ဥာဏ်ချင့်ချိန်ပြီးတော့ ပါရမီဖြည့်တဲ့အတွက် လေးအင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်းမှာ သဗ္ဖညုတဥာဏ်တော်မြတ်ကို ရရှိစေနိုင်တဲ့ အကြောင်းပါရမီတော်ကို အလုံအလောက် ပြည့်သွားရခြင်းဖြစ်တယ်။

သဒ္ဒါဓိကဘုရားအလောင်းတော်များကြတော့ ``ပါရမီဖြည့်လျှင် ဘုရားဖြစ်နိုင်သည်´´ဆိုတဲ့ ယုံကြည်ချက်ကလေးရှိတယ်။ သူတို့ရဲ့စိတ်သန္တာန်မှာ သဒ္ဒါတရားက လွန်ကဲနေတယ်။ ပညာက ရှေ့မဆောင်နိုင်ဘူး။ သဒ္ဒါတရားက ရှေ့ဆောင်ဖြစ်နေတယ်။ အဲဒီအတွက် ရှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ဘုရားဖြစ်နိုင်တဲ့ ပါရမီတော်ဟာ ပြည့်ဝသွားတယ်။

ဝီရိယာဓိကဘုရားအလောင်းတော်များကြတော့ ပညာကလည်း ရှေ့မဆောင် ``ပါရမီဖြည့်နိုင်လျှင် ဘုရားဖြစ်သည်´´ဆိုတဲ့ ယုံကြည်ချက်လည်း ရှေ့မဆောင်။ ``ကြိုးစားလျှင် ဘုရားဖြစ်မည်´´ဆိုတဲ့ စိတ်နဲ့ တစ်ဆယ့်ခြောက် အသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီဖြည့်မှ ပါရမီပြည့်တယ်။

ဒီနေရာမှာ အထူးမှတ်သားထားရမှာက အလောင်းတော်သုံးမျိုးစလုံးဟာ ပညာ သဒ္ဒါ ၀ိရိယဆိုတဲ့ တရားသုံးပါးလုံးရှိတယ်။ ရှေ့ဆောင်တဲ့နေရာမှာ ပညာရှေ့ဆောင်နဲ့ သဒ္ဒါရှေ့ဆောင် ဒီလိုကွာခြားသွားရခြင်းဖြစ်တယ်။ ပညာဓိကအလောင်းတော်များမှာ ပညာသာရှိပြီး သဒ္ဒါနဲ့ဝိရိယမရှိတာမျိုး မဟုတ်ပါဘူး။ ရှေ့ဆောင် ကွာခြားသွားတာမျိုးသာဖြစ်တယ်။ အလောင်းတော်တိုင်းမှာ ပညာ သဒ္ဒါ ၀ိရိယ သုံးပါးလုံးရှိကြတယ်။ ပညာထက်မြက်တဲ့ အလောင်းတော်တွေမှာကြတော့ သဒ္ဒါနဲ့ ၀ိရိယက နုံနေတယ်။ မရှိဘူး မဟုတ်ဘူး။

ဒီလိုမျိုး ရှေ့ဆောင်တရား ကွဲပြားသွားရတာလည်း အကြောင်းတရားရှိတယ်။ အလကားနေရင်း ကွဲပြားသွားရခြင်း မဟုတ်ပါဘူး။

(ဆက်လက်တင်ပြပေးပါမည်)

...................................................................................................မိုးသု(မန္တလေး)

(သောကြာနေ့က တစ်ပတ်နားမယ်လို့ ပြောခဲ့တယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် တော်တော်လေး စိတ်ဓာတ်ကျနေတယ်။ ဒါကြောင့် တစ်ပတ်နားမယ်လို့ ပြောရခြင်းဖြစ်တယ်။ ဒါပေမယ့် သောကြာနေ့ညကနေ စနေနေ့မနက်ခင်းအထိ တော်တော်လေးကို စိတ်ဓာတ်ကကျနေဆဲပါပဲ။ စနေနေ့ နေ့ခင်း (၁၂)လောက်မှာ ပြည်ပက သူငယ်ချင်းတစ်ယောက် ပြန်လာတယ်။ ကြိုတင်အကြောင်းကြားချင်းလည်းမရှိဘူး။ အံ့သြအောင်လို့ တမင်အကြောင်းမကြားတာလို့ သူကပြောတယ်။ ကိုယ့်ရဲ့အကြောင်းစုံကို သိသွားတော့ သူက ကျနေတဲ့စိတ်ဓာတ်ကို ပြန်ပြီး တင်ပေးခဲ့တယ်။ ဒါကြောင့် ဒီနေ့ စာရေးနိုင်ခြင်းဖြစ်ပါတယ်။ ကြိုးစားပြီးတော့ ရေးပေးထားပါတယ်။ မရှင်းတာတွေ ရှိရင်လည်း ပြန်မေးပေါ့။)
ဆက်လက်ဖတ်ရှူရန် »

ဘုရားရှင်၏ ဖြစ်တော်စဉ်နှင့် ဆက်စပ်၇ှင်းလင်းချက်များ(အပိုင်း-၁)

အားလုံး..မင်္ဂလာပါ..

သင်တန်းမစခင် စကားအနည်းငယ်ပြောချင်ပါတယ်။ တကယ်တော့ ဒီသင်တန်းလေးဖြစ်ပေါ်လာတာဟာ ကိုတာဂူးဂဲလ် ကိုဇော်စတဲ့ ဗုဒ္ဒဘာသာလူငယ်များရဲ့ စွမ်းဆောင်မှုကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။ သူတို့တွေအားလုံး တိုင်ပင်စည်းဝေးညှိနှိုင်းပြီးမှ ဦးဇင်းကို သင်တန်းမှုးအဖြစ် ဆောင်ရွက်ပေးဖို့ လျှောက်ထားကြပါတယ်။ ကိုယ်လုပ်နိုင်တဲ့ အလုပ်မို့ လုပ်ပေးမယ်ဆိုပြီး လက်ခံခဲ့ပါတယ်။ အခုလို ဒကာဒကာမတွေကို ကိုယ်တတ်မြောက်တဲ့ ပညာနဲ့ပြန်ပြီးတော့ အကျိုးပြုနိုင်လို့ ဦးဇင်းလည်း အင်မတန်ဝမ်းမြောက် ၀မ်းသာဖြစ်ရပါတယ်။

ပဌမကြေငြာထားတာက စနေနေ့ကို ``ဘာသာရေးဗဟုသုတအခြေခံ´´တွေကို ပို့ချပေးမယ်လို့ ကြေငြာထားတာပါ။ ဒါပေမယ့် ညကသေချာစဉ်းစားလိုက်တော့ ``သင်တန်းရဲ့ ပဌမဦးဆုံးနေ့မှာ ဘုရားရှင်ကို အာရုံပြုပြီးသားလည်းဖြစ်အောင်၊ ဘုရားရှင်ကို ဦးထိပ်ထားတဲ့အနေလည်းရောက်အောင် တနင်္ဂနွေနေ့မှာ ပို့ချပေးရမည့် ``ရတနာသုံးပါးအကြောင်း´´ကို စနေနေ့ကိုပြောင်းပြီး ပို့ချပေးလိုက်ပါတယ်။ အပတ်စဉ် ဒီအတိုင်းပဲပို့ချပေးသွားပါ့မယ်။

နောက်တစ်ခုထပ်ပြောချင်တာက ဒီသင်တန်းတက်တဲ့သူတွေထဲမှာ ဆရာကြီးအဆင့်တွေလည်း ပါချင်ပါနေမှာပါ။ အတော်အတန် ကြားဘူးနားဝရှိတဲ့သူတွေလည်း ပါချင်ပါနေမှာပါ။လုံးဝဘာမှကို မသိတဲ့လူတွေလည်း များမှာပါ။ ဒီတော့ အခုပြောခဲ့တဲ့ လူတွေအနေနဲ့က ဦးဇင်းကိုနားလည်ပေးပါလို့ ပြောချင်ပါတယ်။ ဘာလို့လည်းဆိုတော့ အခုပို့ချပေးနေရတာက စာနဲ့ရေးပြီးပို့ချပေးနေရတာပါ။ သူ့မျက်နှာကိုယ့်မျက်နှာ သေချာကြည့်ပြီး ပို့ချပေးနေရတာ မဟုတ်တဲ့အတွက် သင်တန်းသူသင်တန်းသားတွေရဲ့ ဥာဏ်ပညာ ဗဟုသုတအနေအထားကို ခန့်မှန်းလို့မရတဲ့အတွက် လုံးဝဘာမျှကို မသိတဲ့လူတွေကို အာရုံပြုပြီးတော့ သိသင့်သိထိုက်တာတွေကို မြန်မာဘာသာသက်သက်နဲ့ သင်ပေးသွားမှာဖြစ်တဲ့အတွက် ဆရာကြီးအဆင့်များနှင့် ကြားဘူးနားဝရှိသူများက သိပြီးသားအကြောင်းအရာတွေပါကွာ..။ လွယ်လွယ်လေးတွေပါကွာလို့ သဘောမထားပဲ စိတ်ရှည်ရှည်ထားပေးကြပါလို့ ပြောကြားလိုပါတယ်။

ကဲ..ဦးဇင်းတို့ နမော တဿနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ညီညာဖျဖျကန်တော့ပြီး သင်တန်းကို ဖွင့်လှစ်လိုက်ကြရအောင်.....

``နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဖုဒ္ဒဿ´´ (သုံးကြိမ်ဆိုပါပြီး ကန်တော့လိုက်ပါ)

ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ကန်တော့ပြီးကြပြီနော်။ ရတနာသုံးပါးထဲမှာ ပဌမဦးဆုံးသော ရတနာက``ဗုဒ္ဒရတနာ´´လို့ ခေါ်ဆိုကြတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးမို့လား။ ဒီတော့ ဦးဇင်းတို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို အာရုံပြုထားပြီးတော့ ``ဗုဒ္ဒရတနာ´´အကြောင်းကို စပြီးပို့ချလိုက်ကြရောအာင်..။

ဇေတ၀န်ကျောင်းဒါယကာ ဖြစ်အံ့ဆဲဆဲသော အနာထပိဏ်သူဌေးဟာ ရှေးဦးစွာ မြတ်စွာဘုရားကို ဖူးတွေ့ရမည့်အခေါက် ရာဇဂြိုလ်ပြည်သို့ အရောက်တွင် သမီးယောက်ဖတော်စပ်တဲ့ ရာဇဂြိုလ်သူဌေးထံကနေ ``မြတ်စွာဘုရား မြတ်စွာဘုရား´´ဆိုတဲ့ အသံကိုကြားလိုက်ရတော့ ``သူဌေးမင်း မြတ်စွာဘုရား မြတ်စွာဘုရားဟူသော အသံကိုမျှပင်သော်လည်း လောက၌ ကြားရခဲလှ၏။´´ ဟု ပြောကြားခဲ့ဘူးပါတယ်။

တစ်ခါ အင်္ဂုတ္တရာပတိုင်း အာပဏနိဂုံး၌ မြတ်စွာဘုရား သီးတင်းသုံးနေတော်မူစဉ် မကြာမြင့်မီ အချိန်အတွင်းမှာ အခြံအရံပရိသတ်(၃၀၀)နှင့်အတူ ဧဟိဘိက္ခုလို့ခေါ်ဆိုခံရပြီး (၇)အတွင်းမှာ ရဟန္တာအဖြစ်သို့ ရောက်ရှိမည့် ဗြဟ္မဏပါမောက္ခ သေလပုဏ်ဏားသည်လည်း ဆံကျစ်ထုံးသော ကေဏိယရသေ့ထံမှ ``မြတ်စွာဘုရား´´ဆိုတဲ့ အသံကို ကြားလိုက်ရလျှင် ``မြတ်စွာဘုရား မြတ်စွာဘုရား မြတ်စွာဘုရားဟူသော အသံကိုမျှပင်သော်လည်း လောက၌ ကြားရခဲလှ၏။´´ ဟု အကြံဖြစ်ခဲ့ဘူးပါတယ်။

သူတို့နှစ်ယောက် ပြောခဲ့ကြသလို ကြံခဲ့ကြသလို မြတ်စွာဘုရားဆိုတဲ့ အသံကိုမျှပင်သော်လည်း အင်မတန်ကို ကြားရခဲပါတယ်။ မြတ်စွာဘုရားဆိုတဲ့ အသံကိုကြားရတာထက် မြတ်စွာဘုရားရှင်ကို ဖူးတွေ့ဖို့ တရားတော်တွေကို နားကြားရဖို့က ပိုပြီးတော့ သာလွန်ခက်ခဲပါတယ်။တကယ်တော့ မြတ်စွာဘုရားအဖြစ်ကို ရောက်ရှိဖို့မပြောပါနဲ့ နိယတဗျာဒိတော်ကို ခံယူနိုင်တဲ့ ဘုရားအလောင်းတော်အဖြစ်ကို ရောက်ရှိဖို့တောင် လွယ်လှတာမဟုတ်ပါဘူး။ မလွယ်တာကို မလွယ်ဘူးလို့ ပြောနေရုံနဲ့တင် မလုံလောက်သေးပါဘူး။ မလွယ်ဘူးဆိုတဲ့အေ့ကြာင်းကို သေချာသေချာ လေ့လာကြည့်ကြရအောင်ပါ။

လေ့လာရာမှာ လွယ်ကူသွားအောင်လို့..

(က) ဗောဓိသတ္တ= ဘုရားဖြစ်ဖို့ ပါရမီဖြည့်နေသော အလောင်းတော်ကြီးများ။

(ခ) ဗောဓိသတ္တကိစ္စ= အလောင်းတော်ကြီးများ၏ လုပ်ငန်းစဉ်များ။

(ဂ) ဗုဒ်ဓ= ပါရမီဖြည့်ပြီး၍ ဘုရားအဖြစ်သို့ ရောက်ရှိပြီးသော ပုဂ္ဂိုလ်မြတ်ကြီးများ။

(ဃ) ဗုဒ်ဓကိစ္စ= မြတ်စွာဘုရားရှင်၏ နေ့စဉ်လုပ်ငန်းရပ်များ..လို့ အခန်းလေးခု ခွဲခြားပြီတော့ လေ့လာကြရအောင်ပါ။

အခုပြောခဲ့တဲ့ အချက်လေးခုထဲက အမှတ်စဉ်(က)ဖြစ်တဲ့ ``ဗောဓိသတ္တ´´လို့ခေါ်ဆိုရတဲ့ ပါရမီဖြည့်နေသော အလောင်းတော်ကြီးများ အကြောင်းကို ရှင်းပြပေးပါမယ်။

``မဂ်ဥာဏ်လေးပါ သဗ္ဖညုတဥာဏ်တို့ကို ပါဠိလို`ဗောဓိ´လို့ ခေါ်ဆိုပါတယ်´´

ထိုဗောဓိဥာဏ်သည်....
၁။ ဆရာမကူ မိမိကိုယ်တိုင် သစ္စာလေးပါးကိုသိသော၊ ၀ါသနာနှင့်တကွ ကိလေသာတို့ကို ပယ်စွမ်းနိုင်သည့် သတ္တိထူးရှိသော မဂ်ဥာဏ်လေးပါး၊ ခပ်သိမ်းသော ဥေယျဓမ်တရားတို့ကို အကြွင်းမရှိ သိမြင်နိုင်သော သဗ္ဖညုတဥာဏ်တို့ကို သမ္မာသမ္ဖောဓိဥာဏ်ဟု ခေါ်ဆိုပါတယ်။

၂။ ဆရာမကူ မိမိကိုယ်တိုင် သစ္စာလေးပါးကိုသိသော မဂ်ဥာဏ်လေးပါးကို ပစ္စေကဗောဓိဥာဏ်ဟု ခေါ်ဆိုပါတယ်။

၃။ ဆရာရှိမှ သစ္စာလေးပါးကိုသိသော မဂ်ဥာဏ်လေးပါးကို သာဝကဗောဓိဥာဏ်ဟု ခေါ်ဆိုပါတယ်။

အထက်ပါ အချက်သုံးချက်ထဲက နံပါတ်တစ်အချက်ဖြစ်တဲ့ သမ္မာသမ္ဖောဓိဥာဏ်ကို လေ့လာလို့က်ကြရအောင်ပါ။

(ဆက်လက်တင်ပြပေးပါမည်)

......................................................................................မိုးသု(မန္တလေး)

(တစ်နေ့ကို နည်းနည်းနဲ့ ဖြေးဖြေးချင်းပဲ သွားကြရအောင်ပါ။ သိပ်အများကြီး ပို့ချက်လိုက်ရင်လည်း မှတ်ဥာဏ်အားနည်းတဲ့ သူတွေအတွက် အခက်အခဲဖြစ်မှာမို့ နည်းနည်းချင်းနဲ့ ဖြေးဖြေးချင်းသွားတာက ပိုကောင်းတာမို့ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတယ်။ အခုပို့ချပေးခဲ့တဲ့ထဲက နားမလည်တာ မရှင်းတာတွေကို ပြန်လည်မေးမြန်းနိုင်ပါတယ်။ သေချာမှတ်သားထားစေချင်ပါတယ်။ သုံးပတ်လောက်နေရင် စားမေးပွဲတစ်ကြိမ် ကျင်းပပေးပါဦးမယ်။ ဖြေဆိုအောင်မြင်တဲ့ သူတွေထဲက အတော်ဆုံးနဲ့ အကောင်းဆုံး ဖြေဆိုနိုင်တဲ့ အဖြေလွှာကို စံပြအဖြေလွှာအဖြစ် ဆိုဒ်ထဲမှာ ပြန်လည်တင်ပြပေးပမယ်။)
ဆက်လက်ဖတ်ရှူရန် »