Friday, February 3, 2012

ဘုရားရှင်၏ ဖြစ်တော်စဉ်နှင့် ဆက်စပ်၇ှင်းလင်းချက်များ(အပိုင်း-၄)

ပြီးခဲ့တစ်ပတ်က ဦးဇင်းတို့ နိယတဗျာဒိတ်တော်ခံယူမည့် ရင့်သောဘုရားအလောင်းတော်များဟာ အင်္ဂါရှစ်ချက်နဲ့ ပြည့်စုံမည့်အကြောင်းရယ် ပြည့်စုံရမည့်အင်္ဂါရှစ်ချက်ရယ်ကို ပြောခဲ့ကြတယ်နော်..။

အဲသလိုအင်္ဂါရှစ်ချက်နဲ့ ပြည့်စုံတဲ့အလောင်းတော်များဟာ သက်တော်ထင်ရှား မြတ်စွာဘုရားဆီကနေ ဗျာဒိတ်တော်မခံခင် အချိန်ပိုင်းလေးအတွင်းမှာ (ဘုရားဆုမပန်ခင်အချိန်ပိုင်းလေးအတွင်းမှာ) အကယ်၍ ထိုဘုရားရှင်၏ အထံတော်မှာ သာဝကဗောဓိဥာဏ်ရယူလိုပါက (ရဟန္တာအဖြစ်နဲ့ ကျွတ်တန်းဝင်လိုပါက) မြတ်စွာဘုရားအထံတော်မှ လေးပါဒရှိသော တရားဂါထာကို ကြားနာစဉ် ``တတိယပါဒမပြီးဆုံးမှီပင်´´ အဘိညာဉ်ခြောက်ပါး ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ခြင်းရခြင်းငှါစွမ်းနိုင်သော ဥပနိဿယအကြောင်းရှိသူဖြစ်၏။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ပါဠိလို ``ဥဂ်ဃာဋိတညူ´´ ပုဂ္ဂိုလ်ဟု ခေါ်ဆို၏။

သက်တော်ထင်ရှား မြတ်စွာဘုရားဆီကနေ ဗျာဒိတ်တော်မခံခင် အချိန်ပိုင်းလေးအတွင်းမှာ (ဘုရားဆုမပန်ခင်အချိန်ပိုင်းလေးအတွင်းမှာ) အကယ်၍ ထိုဘုရားရှင်၏ အထံတော်မှာ သာဝကဗောဓိဥာဏ်ရယူလိုပါက (ရဟန္တာအဖြစ်နဲ့ ကျွတ်တန်းဝင်လိုပါက) မြတ်စွာဘုရားအထံတော်မှ လေးပါဒရှိသော တရားဂါထာကို ကြားနာစဉ် ``စတုတ္ထပါဒမပြီးဆုံးမှီ (ဂါထာမပြီးဆုံးမှီ)´´ အဘိညာဉ်ခြောက်ပါး ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ခြင်းရခြင်းငှါစွမ်းနိုင်သော ဥပနိဿယအကြောင်းရှိသူဖြစ်၏။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ပါဠိလို ``၀ိပဉ္စိတညူ´´ဟု ခေါ်ဆို၏။

သက်တော်ထင်ရှား မြတ်စွာဘုရားဆီကနေ ဗျာဒိတ်တော်မခံခင် အချိန်ပိုင်းလေးအတွင်းမှာ (ဘုရားဆုမပန်ခင်အချိန်ပိုင်းလေးအတွင်းမှာ) အကယ်၍ ထိုဘုရားရှင်၏ အထံတော်မှာ သာဝကဗောဓိဥာဏ်ရယူလိုပါက (ရဟန္တာအဖြစ်နဲ့ ကျွတ်တန်းဝင်လိုပါက) မြတ်စွာဘုရားအထံတော်မှ လေးပါဒရှိသော တရားဂါထာကို ကြားနာ၍ ထိုဂါထာပြီးဆုံးလျှင် အဘိညာဉ်ခြောက်ပါး ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ခြင်းရခြင်းငှါစွမ်းနိုင်သော ဥပနိဿယအကြောင်းရှိသူဖြစ်၏။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ပါဠိလို ``နေယျ´´ပုဂ္ဂိုလ်ဟု ခေါ်ဆို၏။

ဒီအလောင်းတော်သုံးမျိုးဟာ သူတို့ဖူးတွေ့ရနေတဲ့ သက်တော်ထင်ရှားဘုရားရှင်ရဲ့ အထံတော်မှာ သာဝကအဖြစ်ဖြင့် ကျွတ်တန်းမ၀င်ပဲနဲ့ ဘုရားဆုပန်လိုက်ကြတဲ့အခါမှာ....

ဥဂ်ဃာဋိတညူပုဂ္ဂိုလ်ဟာ ပညာဓိကဘုရားလောင်းဖြစ်သွားတယ်။

ဝိပဉ္စိတညူပုဂ္ဂိုလ်ဟာ သဒ္ဒါဓိကဘုရားလောင်းဖြစ်သွားတယ်။

နေယျပုဂ္ဂိုလ်ဟာ ၀ီရိယာဓိကဘုရားလောင်းဖြစ်သွားတယ်။

အမှန်ကတော့ မှတ်ရတာလွယ်အောင်လို့ ပညာဓိကဘုရားလောင်းလို့ လွယ်လွယ်ပြောဆိုနေကြတာပါ။ စကားလုံးဖလှယ်ပြီးတော့ သုံးလိုက်တဲ့သဘောပါပဲ။ဥဂ်ဃာဋိတညူလို့ပဲခေါ်ခေါ် ပညာဓိကလို့ပဲခေါ်ခေါ် အတူတူပါပဲ။ မှတ်သားရတာကတော့ ပညာဓိကဆိုတာက ပိုပြီးတော့လွယ်တာပေါ့။

ဒါနဲ့ အရှင်ဘုရား ဘာဖြစ်လို့ အလောင်းတော်တွေဟာ ဥဂ်ဃာဋိတညူစသည်ဖြင့် သုံးမျိုးကွဲသွားရတာလို့ မေးစရာရှိနေပြန်ပြီ။ အဖြေကတော့ ``နုသောအလောင်းတော်ဘ၀နှင့် ပါရမီဖြည့်စဉ်က သူတို့ရဲ့သန္တာန်မှာ ထားရှိကြတဲ့ စိတ်နေစိတ်ထားတွေရဲ့ အကျိုးဆက်ကြောင့် ကွဲပြားသွားရတယ်´´လို့ ဖြေရမှာပဲနော်..။

(ဆက်လက်တင်ပြပေးပါမည်)

.....................................................................................................မိုးသု(မန္တလေး)

ဒီအပိုဒ်ကို နားလည်ကြပါ့မလားလို့တောင် စိုးရိမ်နေတယ်။ နားမလည်ကြရင် ပြန်မေးပေါ့။ အမှန်ကတော့ အခုလိုစားရေးပြီး သင်နေရတာနဲ့စာရင် ပါးစပ်ကနေ ရှင်းပြတာက ပိုပြီးထိရောက်တာပေါ့။ ဒါပေမယ့် အဲလိုကြတော့လည်း မဖြစ်နိုင်ဘူးဆိုတော့ ဖြစ်သလိုလုပ်ကြရတာပေါ့။ မရှင်းတာရှိရင် နားမလည်တာရှိရင် ပြန်မေးကြပါ။ မရှက်ကြပါနဲ့ မကြောက်ကြပါနဲ့။ ဦးဇင်းကတော့ နားလည်နိုင်လောက်အောင်တော့ ရှင်းပြထားပေမယ့် နားမလည်ခဲ့ရင် ပြန်မေးကြပေါ့။ ဟုတ်လား..ဦးဇင်းတို့ ကလေးဘ၀ ကိုရင်ဘ၀ ငယ်တုန်းကလည်း ဒီလိုပဲနားမလည်တာရှိရင် ပြန်မေးရတာပါပဲ။ ဆရားသမားတွေကတော့ ဦးဇင်းတို့တွေ နားလည်နိုင်မယ်ထင်တဲ့ စကားလုံးတွေနဲ့ ရွေးချယ်ပြီးတော့ ရှင်းပြပေမယ့် တစ်ခါတစ်လေ နားမလည်တဲ့အခါမျိုးတွေ ရှိခဲ့ဘူးပါတယ်။ ဒီတော့ ကိုယ်နားမလည်တာကို ဆရာသမားတွေကို ပြန်မေးရတာပါပဲ။ ရှက်မဟုတ်သလို ရှက်စရာလည်း မရှိပါဘူး။ နားမလည်ရင် ပြန်မေးကြပါ။

0 comments:

Post a Comment