ဦးဇင်းတို့ ဒီနေ့တော့ သုမေဓာရှင်ရသေ့အကြောင်းကို ပြောကြရအောင်။ မဖြစ်မနေ သိသင့်သိထိုက်တဲ့ အခြေခံအချက်ကလေးတွေ ပြောနေတာနဲ့ အခုထိဇာတ်ကြောင်းကို မပြောဖြစ်သေးဘူး။ ဒီနေ့တော့ ဇာတ်ကြောင်းကို ပြောကြတာပေါ့။ ဇာတ်ကြောင်းပြောပြလိုက်မှ တချို့အချက်တွေက ပိုပြီးနားလည်ကြမယ်လို့ ထင်ပါတယ်။ ကဲ..သုမေဓာအကြောင်းကို စလိုက်ကြရအောင်...။
တကယ်တော့ ဒီဗုဒ္ဓ၀င်အကြောင်းအရာတွေကို လက်ယာတော်ရံဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်က ``ဗုဒ္ဓ၀င်ကိုဟောတော်မူပါ´´လို့ တောင်းပန်လျှောက်ထားတဲ့အတွက် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့တာပါ။ အဲဒီလိုဟောကြားတော်မူတဲ့အခါမှာလည်း ``သုမေဓာရှင်ရသေ့ဘ၀မှ စတင်ပြီးတော့´´ဟောကြားတော်မူခဲ့တာပါ။ (အရှင်သာရိပုတ္တရာ ဗုဒ္ဓ၀င်ဟောကြားရန် တောင်းပန်ခြင်းအကြောင်းအရာသည် နောက်ပိုင်း၌ အကျယ်ပြတင်ပြပေးပါအံ့)
ဤကမ္ဘာမှ နောက်ပြန်ရေတွက်သည်ရှိသော် ``လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း´´အထက်၌ ``အမရ၀တီ´´ အမည်ရှိသော နေပြည်တော်သည် ထင်ရှားဖြစ်ပေါ်ခဲ့၏။ ( အမရ=နတ် (မသေနိုင်သောလူမျိုး) ၀တီ=ရှိသည်၊ နတ်များရှိသောနေပြည်တော်(သို့) မသေသောလူများရှိသောနေပြည်တော်-ဟူလို)
အမရ၀တီနေပြည်တော်သည်ကား အရာရာတိုင်းမှာ စည်းစံနစ်ကျနစွာ စီမံထားသော မြို့တော်ဖြစ်၏။ ဗရမ်းပတာပေါက်လိုပဲစား ကလေကချေ နေပြည်တော်မဟုတ်ပါ။ အမရ၀တီနေပြည်တော်သည် မွေ့လျော်ဖွယ်ကောင်း၏။ ဆန်ရေစပါးပေါများ၏။ လူတို့၏ အသုံးအဆောင်အမျိုးမျိုး ပေါကြွယ်ဝ၏။ ထို့ကြောင့် အမရ၀တီနေပြေည်တော်ကို ရောက်လာသမျှဖြစ်ကုန်သော နတ်လူတို့၏ စိတ်နှလုံးကို ကြည်လင်ရွှင်ပျစေနိုင်၏။
ဆင်သံ မြင်းသံ ရထားသံ စည်ကြီးသံ မုရိုးစည်သံ စောင်းသံ သီးချင်းသံ ခရုသင်းသံ စည်းဝါးသံ ဖိတ်ကြားသံ ဟူသော အသံဆယ်ပါးတို့ဖြင့် တရံမဆိတ် အမြဲသာယာစည်ကားလှကုန်၏။ (အခြားသောမြို့များကား အမှိုက်သရိုက် လှည်းကြကုန်၊ ပေါက်တူးပေါက်ချွန်းနှင့် မြေသယ်တောင်းကို ယူခဲ့ကြကုန်။ အရပ်တပါးသို့ ပြောင်းရွေ့ကြကုန်အံ့။ ဆန်ထုပ် ထမင်းထုပ် ယူခဲ့ကြကုန်။ စစ်ချီကြကုန်အံ့။ လက်နက်လေးမြားစသည် အသင့်ပြင်ထားကြကုန် အစရှိသည်ဖြင့် မသာမယာမစည်းကား မြို့ရွာချောက်ခြားသော အသံများသာ များပြားလှသော်လည်း အမရ၀တီနေပြည်တော်မှာကား ထိုအသံမျိုးမရှိပဲ ဆင်သံ မြင်းသံစသော အသံဆယ်ပါးတို့ဖြင့် အမြဲသာယာစည်ကား၍ နေသည်-ဟူလို)
(ဆက်လက်တင်ပြပေးပါမည်)
..................................................................................................မိုးသု(မန္တလေး)
Blog RSS Feed
Facebook - စာမျက်နှာ
0 comments:
Post a Comment