Friday, February 3, 2012

ဘုရားရှင်၏ ဖြစ်တော်စဉ်နှင့် ဆက်စပ်၇ှင်းလင်းချက်များ(အပိုင်း-၆)

ထိုအမရ၀တီနေပြည်တော်၌ သုမေဓာအမည်ရှိသော ပုဏ္ဏားသည်နေ၏။ (ချီးမွှမ်းအပ်သော ပညာရှိသောကြောင့် သုမေဓ ဟူ၍ ထင်ရှားလေသည်)

ထိုသုမေဓာပုဏ္ဏားသည် အမိဘက်မှလည်း ပုဏ္ဏားမျိုးအဆက်ဆက်က ဆင်းသက်လာသော မိခင်၊ အဘဖက်မှလည်း ပုဏ္ဏားမျိုးအဆက်ဆက်က ဆင်းသက်လာသော ဘခင်ဖြစ်သဖြင့် အမိအဘနှစ်ဖက်စုံမှ ကောင်းသော ဗြဟ္မဏဇာတ်ရှိသူဖြစ်သည်။ သုမေဓာသည် ရောဂါသန့်စင်သော မိခင်ဝမ်း၌လည်း ပဋိသန္ဓေနေခဲ့ရသူဖြစ်သည်။ အထက်ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်တိုင်အောင် ``ဤသူသည် အမျိုးဇာတ် ယုတ်ညံ့သောသူတည်း´´ဟူ၍ အမျိုးဇာတ်ကို စွဲ၍ဖြစ်သော စကားဖြင့် မကဲ့ရဲ့ထိုက်သောဖြစ်သည်။

အလွန်လှပတင့်တယ်၍ မြင်ရသူတိုင်း၏ စိတ်နှလုံးကို အေးချမ်းစေသော ရုပ်ရည်ရူပကာယနှင့် ပြည့်စုံသော သူတစ်ယောက်ဖြစ်သည်။ စီးပွါးအရေးအနေအားဖြင့်လည်း ကုဋေပေါင်းများစွာ ချမ်းသာကြွယ်သော သူတစ်ယောက်ဖြစ်သည်။ ဣရု ယဇု သာမဟူသော ဗေဒင်သုံးပုံကိုလည်း တစ်ဖက်ကမ်းခတ် တတ်မြောက်ထား၍ အလွတ်အာဂုံဆောင်ထားသော သူတစ်ယောက်ဖြစ်သည်။

အဘိဓာန်ကျမ်းဟုခေါ်ဆိုအပ်သော နိဃဏ္ဍုကျမ်း၊ အလင်္ကာကျမ်းဟုခေါ်ဆိုအပ်သော ကေဋုဘကျမ်း၊ အက္ခရပဘေဒဟုဆိုအပ်သော သဒ္ဒါကျမ်း၊ ရှေးဟောင်းဇာတ်ဝတ္ထုများကို ဖော်ပြထားသော ပုရာဏ်ကျမ်းဟုခေါ်ဆိုအပ်သော ဣတိဟာသကျမ်းတို့ကိုလည်း ကမ်းတစ်ဘက်ခတ် တတ်မြောက်ကျွမ်းကျင်သော သူတစ်ယောက်ဖြစ်သည်။

ဗျာကရုဏ်းကျမ်း လောကာယကျမ်း မဟာပုရိသလက္ခဏာတော်ကျမ်းတို့ကိုလည်း အဆီးအတားမရှိ တတ်မြောက်ထားသောသူတစ်ယောက်ဖြစ်သည်။

(ဆက်လက်တင်ပြပေးပါမည်)

.........................................................................................................မိုးသု(မန္တလေး)

0 comments:

Post a Comment