Thursday, January 26, 2012
အသိပေးကြေငြာခြင်း
Friday, January 20, 2012
အခြေခံဗုဒ္ဓဘာသာပို့ချချက်(အပိုင်း-၉)
“ကဲ..ဒါလောက်ဆိုရင် ကံဒွါရအကွဲအပြဲ သမိုင်းကို သိပြီမို့လား ဒကာ”
“မှန်ပါ နားလည်သိရှိပါပြီဘုရား. ကာယကံဆိုတာဘာကိုပြောတာ ၀စီကံဆိုတာဘာကိုပြောတာဆိုတာကို တပည့်တော် နားလည်နိုင်မယ့် စကားလုံးနဲ့ရှင်းပြပေးပါဦးဘုရား”
“ကာယကံ=ကိုယ်ဖြင့်ပြုသောအမှုတဲ့၊ ကိုယ်ဖြင့်ပြုတဲ့ အမှုဆိုတာ ဘာတွေလဲဆိုတာကို ဒီနေရာမှာအကျယ်တ၀င့် မပြောတော့ပါဘူး။ နောက်နားလေးကျမှပဲ ပြောပါတော့မယ်။ ဒီနေရာမှာ နားလည်လွယ်အောင် ကိုယ်ထိလက်ရောက် ကျူးလွန်ပြစ်မှားမိတဲ့ ကိစ္စများကိုဆိုလိုတယ်လို့ မှတ်သားလိုက်ပါ”
“မှန်ပါဘုရား”
“၀စီကံ=နှုတ်ဖြင့် ပြုမိသောအမှုတဲ့၊ မနောကံ= စိတ်ဖြင့်ပြုမိသော အမှုတဲ့။ ဘုရားတရားသံဃာ ရတနာသုံးပါးအပေါ်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းမှား ပါးစပ်ဖြင့် ဆဲဆို ကျိန်းမောင်းခဲ့ခြင်းများ စိတ်ဖြင့် ကြံစည်ပြစ်မှားခဲ့ခြင်းများ တစ်ခုမဟုတ် တစ်ခုပြုမိခဲ့လိမ့်မယ်။ အဲသလိုပြုမိခဲ့လို့ရှိရင် ခွင့်လွတ်ပေးပါလို့ တောင်းပန်စကားပြောကြားတာပါ၊ နားလည်ပြီမို့လား ဒကာ”
“မှန်ပါ မရှင်းတာလေးတစ်ခု ထပ်မေးပါရစေဘုရား သဗ္ဗဒေါသဆိုတာ ဘာကိုပြောတာပါလဲ ဘုရား”
“သဗ္ဗဒေါသနောက်မှာ ခပ်သိမ်းသော အပြစ်တို့ကိုလို့ ပါတယ်မို့လား။ သဗ္ဗဒေါသ=ခပ်သိမ်းသောအပြစ်တဲ့။ ပထမတုန်းကတော့ ကာယကံ ၀စီကံ မနောကံလို့ခွဲပြောတာလေ။ နောက်ကြမှ ပိုပြီးသေချာသထက် သေချာသွားအောင် ခပ်သိမ်းသောအပြစ်တို့ကိုလို့ ထပ်ပြီးပြောလိုက်တာ။ အပြစ်တွေ ပြုမိခဲ့တာရှိရင် ပြုမိခဲ့တဲ့ အပြစ်တွေ အားလုံးကို ခွင့်လွတ်ပေးပါလို့ တောင်းပန်တာပါပဲ”
“တပည့်တော်ကို တစ်ခုထပ်မေးခွင့်ပေးပါဘုရား”
“မေးပါဒကာ”
“ကာယကံ ၀စီကံ မနောကံဆိုတဲ့ ကံသုံးပါးထဲမှာ ဘယ်ကံကအပြစ်ပိုကြီးလဲဘုရား”
(ဆက်လက်တင်ပြပေးပါမည်)
...................................................................................................မိုးသု(မန္တလေး)
အခြေခံဗုဒ္ဓဘာသာပို့ချချက်(အပိုင်း-၈)
ဦးဇင်းတို့ ဒီနေ့တော့ ကံဒွါရကို အဆုံးသတ်မှ ဖြစ်မယ်ထင်တယ်။ ကံဒွါရကို တော်ပါတော့ ရှေ့ဆက်ပေးပါတော့လို့ တစ်ယောက်က လာပြောတယ်။ ဦးဇင်းကလဲ ဒီသင်တန်းက ရက်ကန့်သတ်ထားတဲ့ သင်တန်းမဟုတ်တာကတစ်ကြောင်း သင်တန်းသူသင်တန်းသားတွေဟာ ကလေးမဟုတ်တာက တစ်ကြောင်းမို့ အတတ်နိုင်ဆုံး ပြောပြပေးလို့ရသလောက် ဗဟုသုတအဖြစ် စပ်မိစပ်ရာ သမိုင်းကြောင်းလေးတွေပါ ထည့်ပြောပေးတာပါ။ ကဲ စာဆက်ပြီးသင်ကြတာပေါ့..။
ဘာသာရေးအမေးအဖြေလောကမှာ ၂၁ရာစုရဲ့ အရှင်နာဂသေနလို့ တင်စားခေါ်ဝေါ် ဂုဏ်ပြုခြင်းကို ခံရတဲ့ ထီးချိုင့်မြို့ နိုင်ငံတော်သြ၀ါဒါစရိယ မြန်မာစာသြ၀ါဒါစရိယ တည်တောဆရာတော်ကြီး ဘဒ္ဒန္တဒေ၀ိန္ဒာဓိပတိကလဲ ကံဒွါရနှင့် ပတ်သက်လို့ အဆုံးအဖြတ်ပေးခဲ့ပါသေးတယ်။ ဒီအဆုံးအဖြတ်လေးကို ပြီးအောင်ပြောပြီးတော့ ကံဒွါရအကြောင်းကို ရပ်လိုက်ကြတာပေါ့။ ဆရာတော်ရဲ့ အဆုံးအဖြတ်တိုင်း ပြောနေရင် နောက်တစ်ပတ်ဆက်သွားမှာမို့ လိုရင်းလောက်ကိုပဲ ကောက်နှုတ်ပြီးပြောကြရအောင်ပါ။
``တတ္ထ အကုသလံ ကာယကမ္မံ ၀စီကမ္မံ မနောကမ္မဉ္စေတိ ကမ္မဒွါရ၀သေန တိဝိဓံ ဟောတိ တဲ့ကွယ်။ အဓိပ္ပါယ်ကတော့ ထိုလေးပါးသော ကံတို့တွင် အကုသိုလ်ကံသည် ကာယကံ ၀စီကံ မနောကံဟူ၍ ကံ ဒွါရနှင့်စပ်သောအားဖြင့် သုံးပါးအပြားရှိသည်လို့ ဆိုတယ်။ သည်နေရာမှာ ကံနှင့် ဒွါရ ဘယ်လိုစပ်တာတုန်း ဆိုတာကို သဂြိင်္ုလ်ကျမ်းမှာ အကျယ်ဖွင့်ပြပေးထားသကွယ့်။´´
``ဖွင့်ပြပုံက သည်လိုကွယ့်..၊ ပါဏာတိပါတ အဒိန္နဒါန ကာမေသုမိစ္ဆာစာရဆိုတဲ့ ဒုစရိုက်တရား သုံးပါးတို့ဟာ ကာယ၀ိညတ်လို့ခေါ်ဆိုရတဲ့ ကာယဒွါရမှာ အဖြစ်များလို့ `ကာယကံ´ခေါ်ပါတယ်တဲ့။ မုသာဝါဒ ပိသုဏ၀ါစာ ဖရုသ၀ါစာ သမ္ဖပ္ပလာပဆိုတဲ့ ဒုစရိုက်တရားလေးပါးဟာ ၀စီဝိညတ်လို့ဆိုရတဲ့ ၀စီဒွါရမှာ အဖြစ်များလို့ `၀စီကံ´လို့ ခေါ်ပါတယ်တဲ့။ အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဌိလို့ဆိုတဲ့ ဒုစရိုက်တရား သုံးပါးဟာ မနောဒွါရမှာ အဖြစ်များလို့ `မနောကံ´လို့ ခေါ်ဆိုပါတယ်တဲ့။ ´´
``ဒွါရဟာ အကြောင်းတရားဖြစ်တယ်။ ကံဟာ အကျိုးတရားဖြစ်တယ်။ အကြောင်းနဲ့အကျိုးဆိုတာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။ အကြောင်းကိုဆိုလည်း အကျိုးကိုရတယ်။ ဒါကို နည်းလေးဆယ်မှာ နာနန္တရိကနည်းလို့ခေါ်တယ်။ အကျိုးကိုဆိုလည်း အကြောင်းကိုရတယ်။ ဒီဟာကိုတော့ နည်းလေးဆယ်မှာ အ၀ိနာဘာနည်းလို့ဆိုတယ်။´´
ဒါကြောင့် ကံနဲ့ရှိခိုးခိုး ဒွါရနှင့်ရှိခိုးခိုး အားလုံးမှန်တယ်လို့ ဆိုလိုက်တာပေါ့ကွယ်။ (အကျယ်သိလိုပါက တည်တော်ဆရာတော်ကြီး၏ ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ အမှတ်စဉ်(၄) စာမျက်နှာ-၂၁၀မှာ ရှု့ကြပါကုန်)
ကဲ...ဒီလောက်ဆိုရင် ကံရောဒွါရပါ နှစ်ခုလုံးအမှန်ဆိုတာ ဒကာဒကာမတို့ ရှင်းရှင်းလင်းလင်း နားလည်လောက်ကြပြီလို့ ထင်ပါတယ်။ အထူးမှတ်စေချင်တာကတော့ မန်လည်ဆရာတော်ကြီး မိန့်ကြားတော်မူခဲ့တဲ့ ခွက်နဲ့ရေ ဥပမာကိုပါပဲ..။
(ဆက်လက်တင်ပြပေးပါမည်)
..........................................................................................................မိုးသု(မန္တလေး)
အခြေခံဗုဒ္ဓဘာသာပို့ချချက်(အပိုင်း-၇)
တစ်ခါတုန်းက မန်လည်ဆရာတော်ကြီးဟာ ကသာမြို့ကို ရောက်ရှိသီတင်းသုံးနေတော်မူပါတယ်။ အဲဒီအခါမှာ ကသာမြို့က ဒကာတစ်ယောက်က ဆရာတော်ဘုရား ယခုအခါမှာ အကြီးအကျယ် ငြင်းခုံနေကြတဲ့ ကံနှင့်ဒွါရ မည်ဟာက မှန်ပါသလဲ လို့လျှောက်ထားပါတယ်။
အဲဒီအခါမှာ ဆရာတော်ကြီးက ဖြေမပေးသေးပဲနဲ့ ဟေ့...ဒကာ ဘုန်းကြီးကို ရေကပ်စမ်းလို့ မိန့်တော်မူပါတယ်။ အဲဒီအခါမှာ ဒကာလုပ်သူက ကပျာကယာနဲ့ သောက်ရေအိုးကနေ ရေခွက်နဲ့ ရေခပ်ပြီးတော့ ဆရာတော်ကြီးကို ရေကပ်လှုပါတယ်။ ဒီအခါမှာ ဆရာတော်ကြီးက ပြုံးပြီးတော့ ဒကာ..မင်းကို ငါအကပ်ခိုင်းတာက ရေမဟုတ်လား၊ ဘယ့်နှယ့်လုပ်ပြီးတော့ ခွက်ကို လာကပ်နေရတာတုန်းလို့ မိန့်တော်မူပါတယ်။
ဒကာက မှန်ပါ...ရေကို ခွက်နဲ့ထည့်မှ ရလို့ပါဘုရား လို့ လျှောက်ထားလိုက်ပါတယ်။
``ဒကာရေ...ကံနှင့်ဒွါရဟာ ခွက်နဲ့ရေလိုပါပဲ။ ဒွါရက ခွက်နှင့်တူတယ်။ ကံက ရေနှင့်တူတယ်။ ခွက်နှင့်ရေဟာ ကင်းကွာလို့မရသလို ကံနှင့်ဒွါရဟာလည်း ကင်းကွာလို့မရပါဘူး။ အဲဒါကို နည်းလေးဆယ်မှာတော့ နာနန္တရိကနည်း အ၀ိနာဘာဝနည်းလို့ ခေါ်ဆိုတာပေါ့ကွယ်။ ဒါကြောင့် ဒွါရနှင့် ရှိခိုးခိုး၊ ကံနှင့်ရှိခိုးခိုး အားလုံးမှန်တာချည်းပါပဲ။ ဘယ့်နှယ်လဲ သဘောကျရဲ့လား...ဒကာ´´လို့ ဆရာတော်ကြီးက မေးမြန်းလိုက်ပါတယ်။
``မှန်ပါ့..သဘောကျပါတယ်ဘုရား´´
(ဆက်လက်တင်ပြပေးပါမည်)
....................................................................................................မိုးသု(မန္တလေး)
အခြေခံ ဗုဒ္ဓဘာသာပို့ ချချက် အပိုင်း(၆)
အတိအကျပြောရမယ်ဆိုရင် ကံ ဒွါရအကွဲအပြဲ ပြင်းထန်လာချိန်ဟာ ၁၂၁၇ခုနှစ်မှာ ပိုပြီးတစ်စတစ်စ ပြင်းထန်လာခဲ့တာပါ။ အဲဒီအချိန်မှာ အရှင်ဥက္က၀ံသမာလာဟာ ရဟန်းဝါ ၁၇နှစ်ဝါရရှိနေပြီ ဖြစ်ပါတယ်။ အဲဒီလိုပြင်းထန်လာလိုက်တာ ၁၂၂၄ခုနှစ်ကြတော့ ဦးသစ်ဆိုတဲ့ ဒကာတစ်ယောက်နဲ့ ဦးပေါ်လာဆိုတဲ့ ဒကာနှစ်ဦးတို့ဟာ အလောင်းအစားတစ်ခုလုပ်ပြီးတော့ မန္တလေးနေပြည်တော်ကိုလာကာ သုဓမ္မာဆရာတော်များထံ ကံ ဒွါရ မည်ဟာကမှန်တယ် မှားတယ်ဆိုတာ ဆုံးဖြတ်ပေးပါလို့ လျှောက်ထားကြတယ်။ အဲဒီအချိန်တုန်းက သာသနာပိုင်ဆရာတော်ဟာ ဦးဥေယျဓမ္မဖြစ်တယ်။
အဲဒီအခါမှာ သုဓမ္မာဆရာတော်များဟာ ဒီပြဿနာကိုဖြေရှင်းပေးဖို့ မောင်းထောင်ဆရာတော်ကို တာဝန်ပေးလိုက်ကြတယ်။ အဲဒီအခါမှာ မောင်းထောင်ဆရာတော်က ``တိေဿာ ဣမာ ဘိက္ခဝေ ၀န္ဒနာ၊ ကတမာ တိေဿာ ကာယေန ၀ါစာယ မနသာ ဣမာတိေဿာ ၀န္ဒနာ´´ဆိုတဲ့ ပါဠိကိုထုတ်ပြပြီးတော့ ကံ ဒွါရ နှစ်မျိုးလုံးနဲ့ ရှိခိုးကန်တော့နိုင်ကြောင်း ကံကန်တော့လည်းမှန်တယ်။ ဒွါရနဲ့ကန်တော့လည်းမှန်တယ်လို့ အဆုံးအဖြတ်ပေးလိုက်တယ်။ (ဒီနေရာမှာတော့ ဒီလောက်ပဲ မှတ်ထားပါလို့ ပြောကြားလိုပါတယ်။ အခြေခံဆိုတော့ ကျမ်းကိုးကျမ်းကားတွေနဲ့ မောင်းထောင်ဆရာတော်ရဲ့ အဆုံးအဖြတ်ကို အကုန်တင်ပြပေးလိုက်ရင် ရှုပ်ထွေးသွားနိုင်တဲ့အတွက်ကြောင့်ပါ)
မောင်းထောင်ဆ၇ာတော်ရဲ့ အဆုံးအဖြတ်ကို ကြည့်ပြီးတော့ အရှင်ဥက္ကံဝံသမာလာဟာ အကိုးအကားတွေနဲ့ ဒွါရကသာ မှန်တယ်ဆိုပြီး ပြန်လည်ချေခဲ့ပါတယ်။
အဲဒီလိုနဲ့ ဒီပြဿနာကြီးဟာ တစ်ဖြေးဖြေးကြီးထွားလာခဲ့ပါတယ်။ တစ်နေ့ကျတော့ ရွှေကျင်ဆရာတော်ထံကို ဆုံးဖြတ်ပေးပါလို့ စာနဲ့လှမ်းပြီးလျှောက်ထားကြပါတယ်။ အဲဒီအခါမှာ ရွှေကျင်ဆရာတော်ကြီးက အကွဲအပြဲ၌ ပျော်ရွှင်နှစ်သက်စွာ ကျင်လည်ကျက်စားလေ့ရှိပြီး ကွဲရပြဲရတာကို နှစ်သက်လေ့ရှိသော အောက်ပြည်နေ ရဟန်းတော်များကို မည့်သည့်အဆုံးအဖြတ်မျှ မပေးလိုပါကြောင်းစသဖြင့် ပါဠိဂါထာစီပြီးတော့ အကြောင်းပြန်ခဲ့ပါတယ်။
တစ်ခါ ဒီပြဿနာဟာ မြန်မာပြည်အထက်ပိုင်းမှာ သီတင်းသုံးတော်မူတဲ့ မာန်လည်ဆရာတော်ကြီးထံကို ရောက်သွားခဲ့ပြန်ပါတယ်။
(ဆက်လက်တင်ပြပေးပါမည်)
..........................................................................................မိုးသု(မန္တလေး)
အခြေခံ ဗုဒ္ဓဘာသာပို့ ချချက် အပိုင်း(၅)
ဒီအခါမှာ သင်္ဂဇာဆရာတော်ကြီးက ပုံပြင် ဥပမာတွေနဲ့ ရှင်းပြတော်မူခဲ့တယ်။ ဒါလဲ ငြင်းခုန်မှုက အဆုံးသတ်မသွားခဲ့ပါဘူး။ နောက်ပိုင်ကျတော့ သင်္ဂဇာဆရာတော်ကြီးဟာ ဒီကိစ္စကို မကြာမကြာ လာလာလျှောက်နေကြတော့ ရှင်းပြနေလဲ မောရုံပဲအဖတ်တင်တယ်လို့ သဘောထားပြီးတော့ ခပ်ရွတ်ရွတ်ပဲ အဖြေပေးတော့တာများတယ်။
သင်္ဂဇာဆရာတော်ကြီး မိန့်တော်မူခဲ့တဲ့ ပုံပြင်တွေထဲက တစ်ခုလောက် ဗဟုသုတရအောင် ပြောပြပေးမယ်။
အခါတစ်ပါး သင်္ဂဇာဆရာတော်ကြီးသည် တပည့်ရဟန်းများစွာဖြင့် ဟင်္သာတမြို့သို့ ရောက်ရှိတော်မူလာပါတယ်။ ထိုအခါမှာ ဒွါရဂိုဏ်းဝင်ဒကာများက `` အရှင်ဘုရား တပည့်တော်များသည် ဘုရားဟော ပါဠိတော် အဋ္ဌကတာကျမ်းများကို အကိုးအကားပြုပြီး ဒွါရကမှန်ပါတယ်လို့ ရပ်တည်တာကို `လူမွှေလူကြွား ဒွါရသမား´ ဟု အပြောခံရပါသည်´´ လို့ လျှောက်ထားကြပါတယ်။
အဲဒီအခါမှာ ``ဒကာတို့တွေဟာ `ဟင်းတစ်ခွက် တောက်ဘက်ကချို´ဆိုသာလို အပိုစကားပြောကြတယ်။ ဂေါတမဘုရားတစ်ဆူတည်း ဟောကြားသည့် တရားတော်ကျမ်းဂန်မှာ ကံနှင့်ဒွါရ နှစ်ဌာနနှစ်ပါး ကွဲပြားသည်မဟုတ်။ ကိုယ် နှုတ် နှလုံး စောင့်သုံးခြင်းမရှိ မိမိတို့ သဘောအတိုင်း ဂိုဏ်းကွဲပြုလုပ်၍ အမှုရှုပ်စကားပြောပြီး အကုသိုလ်ပွားကြသည်။ ဒကာတို့စကားအရ အတ္တဟိတ ပရဟိတ သာသနာ့အကျိုး သယ်ပိုးရွက်ဆောင်လျက် ကောင်းအောင်ကျင့်ပါ၏လို့ ဆိုသော်လည်း `မိုးပေါ်ကို ခြေကန်အိပ်သော တစ်တီတူးငှက်´ကဲ့သို့ ရှိချေသည်။ ငှက်ယုတ်တစ်တီတူးသည် သူတို့စိတ်ကူးအလိုမှာ မိုးပြိုမည်စိုးရိမ်သည့်အတွက် ခြေနှစ်ဖက်ကို ကောင်းကင်သို့ ထောင်လျက် (ကန်လျက်) ညဥ့်အခါမှာအိပ်ခြင်းသည် သူတို့စိတ်ကသာ ကျေးဇူးများသည်။ သူတို့မြည်သံကို ကြားလျှင် လူတို့သည် `ဖွဟဲ့ လွဲလေ ဖယ်လေ´ဟု ဆိုကြသည်။ အဲဒီလိုပဲ မင်းတို့မှာလည်း ဒွါရဘက်ကနေထားလို့ အကျိုးများသည် ထင်သော်လည်း လူမြင်တိုင်း ကဲ့ရဲ့ခံရလျက် `ဖွဟဲ့ လွဲလေ ဖယ်လေ´ ဖြစ်မှာပဲ ဒကာတို့။ ကံသော ဒွါရသော ဘယ်လိုပင်ပြောသော်လည်း ယောနိသောမနသိကာရ စိတ်ကောင်းရှိကြသည်မဟုတ်။ ရှုတ်ချပစ်တင် မြင်ယောင်သိယောင် လူတော်ယောင်ဖြင့် ရှေ့ဆောင်သော မာယာသာဌေယျတရားတို့သည် အမှားသာ မှတ်ရမည်။
ဝိ၀ါဒံ ဘယတော ဒိသွာ၊ အ၀ိဝါဒဉ္စ ခေမတော။
သမဂ္ဂါ သခိလာ ဟောထ ဧသာ ဗုဒ္ဓါန သာသနံ။
ဝိ၀ါဒံ-စရိုက်မမှန် အမိုက်ဥာဏ်နှင့် ခိုက်ရန်ဖြစ်ပွား အငြင်းအခုံများကို၊ ဘယတော- ဆူးပေါ်ဖက်ကျ ပမာဏဖြင့် ဧရာမဘေးကြီးဟူ၍၊ ဒိသွာ- မြင်သောကြောင့်၊ အ၀ိဝါဒဉ္စ- ခိုက်ရန်ဖြစ်ပွား အငြင်းအခုံမများခြင်းကိုလည်း၊ ခေမတော- ဘေးရန်မရှိ မစွန်းငြိဟူ၍၊ ဒိသွာ- မြင်သောကြောင့်၊ သမဂ္ဂါ- ညီညွတ်သောအားရှိကြကုန်သည်၊ သခိလာ- ချိုသာပြေပြစ် ကျစ်လစ်သော စကားရှိကြကုန်သည်၊ ဟောထ- ဖြစ်ကြကုန်လော၊ ဧသာ- ဤသို့ ကိုယ် နှုတ် နှလုံးသုံးပါးလုံးကို စောင့်သုံးနေထိုင်ကြခြင်းသည်၊ ဗုဒ္ဓါနံ- သစ္စာသိမြင် ဘုရားရှင်တို့၏။ အနုသာသနံ- အဆုံးအမတော်တည်း။
ဤကဲ့သို့ ဟောကြားတော်မူသည်များကို ထောက်ထားပြီးတော့ ဘုရားရှင်၏ သာသနာတော်ကို နှစ်ဖြားနှစ်ပိုင်း နှစ်ဂိုဏ်းနှစ်ပက္ခ ကွဲပြားခြင်းမရှိရအောင် စိတ်ကောင်းနှလုံးကောင်းထားပြီးတော့ နေကြရမည်´´လို့ မိန့်ကြားတော်မူခဲ့ပါတယ်။
ဆရာတော်ကြီးဆိုလိုရင်းက ဘုရားဟောမှာ ကံနှင့်ဒွါရဆိုတာ အတူတူပဲ။ ဘာမှခွဲခြားပြီးတော့ ပြောနေစရာမလိုဘူး။ မင်းတို့ဆရာဘုန်းကြီးက သူ့ကို စာပေပိဋကတတ်ကျွမ်းတယ်ဆိုတာ လူသိစေချင်လို့ ခွဲပြီးပြောနေတာ။ ဘာမဟုတ်တာလေးနဲ့ ဘုရားသာသနာကို မကွဲကြစေနဲ့လို့ ပြောလိုရင်းဖြစ်ပါတယ်။ (ကံနှင့်ဒွါရ ဘယ်လိုတူတာလဲဆိုတာကို မန်လည်ဆရာတော်ကြီး၏ ဥပမာခန်း၌ ထင်စွာပြပါအံ့)
.........................................................................................................မိုးသု(မန္တလေး)
အခြေခံ ဗုဒ္ဓဘာသာပို့ ချချက် အပိုင်း(၄)
``ဘယ်လို ဆက်ဖြစ်သွားလဲဆိုတော့ တစ်ဘက်နဲ့တစ်ဘက် အကိုးအကားတွေ ပြပြီးတော့ ငြင်းကြခုံကြတာပေါ့။ ဒါပေမယ့် သရေပွဲပေါ့ဒကာရယ်..။ အနိုင်အရှုံးမရှိဘူးပေါ့။ ကိုယ့်ဟာနဲ့ကို ကိုယ်အယူအဆနဲ့ကိုယ်တော့ ဟုတ်နေကြတာပေါ့။ အဖြစ်အပျက်အကုန်လုံးကို သိချင်တယ်ဆိုရင်တော့ ဒကာဘာသာ ဆိုရင်ရာကျမ်းဂန်ကို ရှာဖွေပြီးတော့ ဖတ်ကြည့်လိုက်ပေါ့။ ဦးဇင်းတို့ ခပ်တိုတိုပဲ ပြောကြတာပေါ့´´
``မှန်ပါ မိန့်တော်မူပါ´´
``အဲဒီအချိန်အခါတုန်းက အင်္ဂပူလို့ခေါ်တဲ့ အုဂ်ဖိုရ်နယ်မှာ စစ်ပြေးဒုက္ခသည်တွေ အများအပြား အခြားအရပ်ဒေသကနေ လာရောက်ခိုလှုံနေကြတဲ့ အချိန်ပေါ့။ နယ်ခံလူတွေနဲ့ စစ်ပြေးတွေနဲ့ ကံကမှန်တယ် ဒွါရကမှ မှန်တယ်နဲ့ ငြင်းကြခုန်ကြတော့တာပေါ့။ ဒီအခါမှာ အတော်အတန် နားလည်ကြတဲ့ ဒကာအချို့က အုဂ်ဖိုရ်မြို့ ၀ါဆိုကျောင်းမှာ ရောက်ရှိနေတဲ့ ကျီးသဲလေးထပ်ဆရာတော်ကြီးဆီကို သွားပြီးတော့ ဆုံးဖြတ်ပေးပါလို့ လျှောက်ထားကြတယ်။
ကျီးသဲလေးထပ်ဆရာတော်ကြီးကလည်း `နတွာတိ ကာယကမ္မ ၀စီကမ္မ မနောကမ္မ သင်္ခါတေတိ တီဟိ ကမ္မေဟိ နမဿိတွာ´ဆိုတဲ့ ကာရိကာဋီကာလာ စကားကို အကိုးအကားပြုပြီးတော့ `ကံနဲ့ရှိခိုးကန်တော့တာကသာ မှန်ကန်တယ်´လို့ ဆုံးဖြတ်ပေးလိုက်တယ်။
တစ်ခါ အဲသလိုမျိုး တစ်ဘက်နဲ့တစ်ဘက် ငြင်းနေခုန်နေကြတဲ့ အချိန်မှာ မန္တလေးနေပြည်တော်ကနေ သုဓမ္မာဝင်ဆရာတော်တစ်ပါးဖြစ်တဲ့ မင်းဆရာလည်းဖြစ်တော်မူတဲ့ နာမည်ကြီးအကျော်အမော် သင်္ဂဇာဆရာတော်ကြီးက ကြွရောက်လာခဲ့တယ်။ အဲဒီအခါမှာ ကံဒွါရ အယူမသည်းကြတဲ့ ဒကာအချို့က ဆရာတော်ကြီးကို ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို လျှောက်ထားကြတယ်။
(ဆက်လက်တင်ပြပေးပါမည်)
....................................................................................................မိုးသု(မန္တလေး)
Thursday, January 19, 2012
အခြေခံ ဗုဒ္ဓဘာသာပို့ ချချက် အပိုင်း(၃)
``တစ်ခါတုန်းက ဦးဇင်းလေးနှစ်ပါးဟာ အမရပူ မြသိန်းတန်ဆရာတော်ထံမှာ တပည့်ခံပြီးတော့ စာသင်နေကြတယ်။ အရှင်ဥက္ကံဝံသမာလာနှင့် အရှင်မုနိန္ဒာဘိဓဇလို့ ခေါ်ကြတယ်။ တစ်နေ့တော့ ဆရာတော်ထံမှာ ဋီကာကျော်စာဝါတက်ကြရင်းနဲ့ ဋီကာကျော်ကျမ်းစာရဲ့ အဖွင့်ပမာဏမှာ `အဘိဝါဒိတွာတိ ၀ိသေသတော ၀န္ဒိတွာ ဘယလာဘ ကုလစာရာဒိ ၀ိရဟေန သက္ကစ္စံ အာဒရေန ကာယ ၀စီ မနော ဒွါရေဟိ ၀န္ဒိတွာတိ အတ္ထော´ဆိုတဲ့ ၀ါကျကို သင်ကြရတယ်။
အရှင်ဥက္ကံဝံသမာလာဆိုတဲ့ ဦးဇင်းလေးက အဲဒီဝါကျကို ကြည့်ပြီးတော့ `သြကာသ ကန်တော့ချိုး၌ ရတနာသုံးပါးကို ရှိခိုးရာတွင် ကာယကံ ၀စီကံ မနောကံလို့ ကံပုဒ်နဲ့ ရှိခိုးကန်တော့ခြင်းဟာ မှားယွင်းတယ်´လို့ ပြောဆိုတယ်ဒကာ..။
အဲဒါကို ကြားသိရတဲ့ အရှင်မုနိန္ဒာဘိဓဇက `ကမ္မပထမြောက် ကံသုံးပါးသို့ရောက်အောင် ပြစ်မှားကျူးလွန်သော ကံသုံးပါးကို ပပျောက်စေရန် ကန်တော့ရှိခိုးခြင်းဖြစ်၍ စေတနာကံကသာ ပပျောက်စေခြင်းကြောင့် ကံပုဒ်နဲ့ ရှိခိုးကန်တော့တာဟာ မမှားဘူး´လို့ ပြန်လည်ချေပပြောဆိုတယ်´´
``အဲဒီဦးဇင်းနှစ်ပါးဟာ ကျောင်းသာဘ၀ကနေ အယူအဆကွဲပြားလာလိုက်တာ သေတဲ့အထိပဲဆိုပါတော့ဒကာ..´´
``အရှင်ဥက္ကံဝံသမာလာက ဒွါရ၀ါဒကို စတင်ထူထောင်တဲ့ အုတ်ဖိုရ်ဆရာတော်မို့လားဘုရား၊ အရှင်မုနိန္ဒာဘိဓဇ ဆိုတာကိုတော့ မကြားဘူးဘူးဘုရား´´
``ဒကာအရှင်မုနိန္ဒာဘိဓဇကို ကြားဘူးပါတယ် သိလည်းသိပါတယ်.. ကျော်ကြားတဲ့နာမည်က အခြားနာမည်တစ်ခု ဖြစ်နေလို့ ဒကာမသိတာပါ။ အရှင်မုနိန္ဒာဘိဓဇဆိုတာက နောင်တစ်ချိန်မှာ ကျီးသဲလေးထပ်ဆရာတော်ဆိုပြီးတော့ အင်မတန်ကျော်ကြားလာပါတယ်။ သူရေးသားတဲ့ ဇိနတ္ထပကာသနီတို့ ကျည်းကန်ရှင်ကြီးရဲ့ အမေးပုစ္ဆာတစ်ထောင်ကို ဖြေဆိုထားတဲ့ စွယ်စုံကျော်ထင်ကျမ်းတို့ဟာ ဂန္ထ၀င်မြောက်ကျမ်းကြီးတွေပါ´´
``အော်..ကျီးသဲလေးထပ်ဆရာတော်ကြီးကိုတော့ သိတာပေါ့ဘုရား၊ ဘွဲ့တော်ကိုသာ သတိမပြုမိတာ၊ ဒါနဲ့ ဆက်ပြောပါဦးဘုရား ဘယ်လိုဆက်ဖြစ်ကြသေးလဲဆိုတာ..´´
ဘယ်လိုဆက်ဖြစ်လဲဆိုတော့ သူတို့တွေဟာ ပညာစုံတော့ မိမိရဲ့ဇာတိရပ်ရွာကို ပြန်ခဲ့ကြတယ်။ အရှင်ဥက္ကံဝံသမာလာကလည်း သူရဲ့အရပ်ဖြစ်တဲ့ အင်္ဂပူနယ်တစ်ဝိုက်မှာ ဒွါရကသာမှန်တယ် ကံကမှားတယ်လို့ ဟောပြောတယ်။ အရှင်မုနိန္ဒာဘိဓဇကလည်း ကံပုဒ်နဲ့ကန်တော့တာဟာ မမှားဘူးလို့ ရွှေတောင်တစ်ဝိုက်မှာ ဟောပြောကြတာပေါ့ဒကာ´´
``မှန်ပါ ဆက်ပြီးမိန့်တော်မူပါဘုရား´´
(ဆက်လက်တင်ပြပေးပါမည်)
.......................................................................................မိုးသု(မန္တလေး)
အခြေခံ ဗုဒ္ဓဘာသာပို့ ချချက် အပိုင်း(၂)
``နောက်ထွက်လာတဲ့မူတွေက ...
ဒွါရဂိုဏ်းမူ၊ မဟာစည်မူ၊ မိုးကုတ်မူ၊ ၀ိသုဒ္ဒါရုံမူ၊ စသဖြင့်ပေါ့ ဒကာရယ် တစ်ရွာတစ်ပုဒ်ဆိုသလို အများကြီးပေါ့၊ ဒီအထဲကနေ အထင်ရှာဆုံးမူကတော့ ဒွါရဂိုဏ်းမူဆိုပါတော့´´
``သြကာသဆိုတာ မြန်မာစကားလား ပါဠိစကားပါလားအရှင်ဘုရား´´
``သြကာသဆိုတာ ပါဠိစကားပါ။ မြန်မာပြန်ရင် `ရှိခိုးခွင့်ပြုပါ´လို့ အဓိပါယ်ရပါတယ်။ `အရှင်ဘုရားကို တပည့်တော် ကန်တော့ချင်ပါတယ်ဘုရား။ တပည့်တော်ကို ရှိခိုးခွင့်ပြုတော်မူပါ´လို့ ဆိုလိုတာပေါ့။ ရိုသေမြတ်နိုး လေးစားသမှုပြုသောအားဖြင့် သြကာသ သြကာသ သြကာသဆိုပြီး သုံးကြိမ်သုံးခါ ခွင့်တောင်းတာပါ၊ တချို့အရပ်ဒေသတွေမှာတော့ သြကာသ သြကာသလို့ နှစ်ကြိမ်ပဲဆိုကြပါတယ်။ ကိုယ်နှစ်သက်သလို ဆိုပေါ့။ အပြစ်မရှိပါဘူး´´
``ကာယကံ ၀စီကံ မနောကံဆိုတာတွေက ဘာကိုဆိုတာပါလည်းဘုရား´´
``ကာယကံဆိုတာက ကာယ=ကိုယ်၊ ကံ=ပြုခြင်း၊ ကိုယ်ဖြင့်ပြုအပ်သော အမှုကို ကာယကံလို့ ခေါ်ဆိုတာပါ၊ နှုတ်ဖြင့် ပြောတာကိုတော့ ၀စီကံပေါ့၊ စိတ်ဖြင့် ကြံစည်လိုက်တာကိုတော့ မနောကံပေါ့။ လူတစ်ယောက်က ရဟန်းတစ်ပါးကို ရှိခိုးတော့မယ်ဆိုရင် `ငါ ဒီရဟန်းတော်ကို ကန်တော့လိုက်ဦးမယ်လို့ ဦးစွာပဌမ စိတ်နဲ့ကြံစည်လိုက်တယ်၊ ကိုယ်အမှုရာနဲ့ ရှိခိုးလိုက်တယ်။ နောက်တစ်ခါ အခမ်းအနားတွေမှာဆိုရင် ပါးစပ်နဲ့လည်း သြကာသ ဆိုပြီး ရွတ်ဆိုတယ်။ ဒါတွေဟာ ကာယကံ ၀စီကံ မနောကံတွေပေါ့´´
``ဒွါရဂိုဏ်းမှာတော့ ကာယဒွါရ ၀စီဒွါရ မနောဒွါရဆိုပြီး ကန်တော့ကြတယ်ဘုရား၊ သူတို့တွေက ဘာဖြစ်လို့ ကာယကံ ၀စီကံ မနောကံလို့ မဆိုပဲ ကာယဒွါရဆိုပြီး ရွတ်ဆိုကြာတာပါလည်းဘုရား´´
``ဒီအကြောင်းပြောရမယ်ဆိုရင် အရှည်ကြီးပဲ ပြောရမှာဒကာရဲ့။ သင်္ဂဇာဆရာတော် လယ်တီဆရာတော် မာန်လည်ဆရာတော် ၀ိသုဒ္ဒါရုံဆရာတော် စတဲ့စတဲ့ ရတနာပုံခေတ် ကိုလိုနီခေတ် လွတ်လပ်ရေးခေတ်ဆိုတဲ့ ခေတ်သုံးခေတ်က ဇာတ်ကြောင်းကို ပြန်လှန်နေဦးမယ်။ ချေးခြောက်ကို ရေနူးလည်း နံတာပဲ အဖတ်တင်ပါတယ်ဒကာရယ်။ နူးချင်မနေပါနဲ့တော့´´
``နံတာတော့ နံတာပေါ့ဘုရား၊ ဒါပေမယ့် ဓာတ်ခွဲခန်းလူတွေဟာ ချေးနံ့ကို ရွံလို့ ချေးတွေကို မစစ်ဆေးဘူးဆိုရင် ချေးထဲမှာပါတဲ့ ရောဂါပိုးတွေအကြောင်းကို ဘယ်မှာသိနိုင်ပါတော့မလဲဘုရား၊ အခုလည်း နံချင်နံပါစေဘုရား၊ ရှင်းရှင်းလင်းလင်း သိဖို့ကသာ ပဓာနပါ။ မိန့်တော်မူပါ´´
``ကဲ ဒါဆိုရင်လည်း ပြောကြတာပေါ့´´
(ဆက်လက်တင်ပြပေးပါမည်)
.................................................................................................မိုးသု(မန္တလေး)
အခြေခံ ဗုဒ္ဓဘာသာပို့ ချချက် အပိုင်း(၁)
``ဘယ်သူလည်း ကိုရင်ဓမ္မပိယလား..တက်ခဲ့လေ´´
``မှန်ပါဘုရား..ဦးဇင်းကို ဒကာတစ်ယောက်က တွေ့ချင်တယ်ဆိုလို့ လာပို့ပေးတာပါဘုရား.. တပည့်တော်ကို ပြန်ခွင့်ပြုပါဦးဘုရား´´
``အေးအေး ကျေးဇူးပဲနော် ကိုရင်..´´
``ကဲ..ထိုင်ဒကာ၊ ဘာကိစ္စရှိလို့လည်းမသိဘူး´´
``တပည့်တော် ဘာသာရေးနဲ့ပတ်သက်တာလေးတွေ သိချင်တာတွေရှိလို့ မေးမြန်းလျှောက်ထား ခွင့်ပြုပါဘုရား´´
``မေးပါဒကာ ဖြေနိုင်တဲ့မေးခွန်းဆိုရင် ဖြေပေးပါ့မယ်၊ မဖြေနိုင်တဲ့မေးခွန်းဆိုရင်လည်း လေ့လာပြီးတော့ ဖြေပေးပါ့မယ်´´
``မှန်ပါဘုရား..၊ တပည့်တော်တို့ ဗုဒ္ဒဘာသာတွေဟာ သာရေးမှာဖြစ်ဖြစ် နာရေးမှာဖြစ်ဖြစ် သီလမဆောက်တည်ခင်မှာ သြကာသကန်တော့ချိုးနဲ့ အရင်ကန်တော့ကြပါတယ်ဘုရား၊ သြကာသကန်တော့ချိုးကို ဘယ်သူရေးခဲ့တာလဲ ဘယ်တုန်းက ရေးခဲ့တာလဲ ဘုရားဟောကော ဟုတ်ပါရဲ့လားဘုရား´´
``အင်း...မေးသင့်တဲ့မေးခွန်းပဲ၊ ဦးဇင်းတို့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် နန္ဒ၀န်လမ်းမှာ မဟာဝိသုဒ္ဒါရုံရွှေကျင်တိုက်သစ်ဆိုတဲ့ စာသင်တိုက်တစ်တိုက်ရှိတယ်။ အဲဒီကျောင်းတိုက်ကြီးကို တည်ထောင်တော်မူတဲ့ ဆရာတော်ကြီးက အရှင်ဝါသ၀ါဘိဝံသတဲ့။ မန္တလေးမြို့ရဲ့ `ဂန္ထ၀င်´တစ်ပါးဆိုပါတော့။ သူမန္တလေးမြို့မှာ ရှိစဉ်တုန်းက စာချကောင်းလွန်းလို့ ``တောင်ပြင် နဂါး၊ အနောက်ပြင် ကျား၊ မစိုးရိမ် အာ၊ ၀ိသံ ၀ါ´´လို့ စာချိုးပြီး မန္တလေးသံဃာထုရဲ့ ချီးကျူးခြင်းကို ခံခဲ့ရတယ်။
အဲဒီအကျော်အမော် ဆရာတော်ကြီးက `သဗ်ဗမင်္ဂလာ ဓမ္မဒေသနာ´ဆိုတဲ့ ကျမ်းတစ်ကျမ်း ပြုစုတော်မူခဲ့တယ်။ အဲဒီကျမ်းရဲ့ စာမျက်နှာ(၁၀)မှာ မှတ်ချက်တစ်ခုရေးထိုးထားခဲ့တယ်။ အဲဒီမှတ်ချက်က `ယခုကန်တော့ခန်းမှာ ကျမ်းဂန်လာစကား မဟုတ်သောကြောင့် မူအမျိုးမျိုးရှိသည်ကို အပြစ်မဆိုသာ။ ဤသြကာသ ကန်တာ့ခန်းမူရင်းကို ရှင်အရဟံ အနော်ရထာမင်းအား ရေးပေးခဲ့သည်ဟု အဆိုရှိ၍ ထိုခေတ် ထိုအခါက စတင်ဖြစ်ပေါ်လာသည်ဟု ဆိုဖွယ်ရှိ၏´လို့ မှတ်ချက်ပေးခဲ့တယ်။
ဒါကြောင့်`` သြကာသကိုရေးတဲ့သူက ရှင်အရဟံ ရေးတဲ့ခေတ်က ပုဂံခေတ်လို့ မှတ်သားရပါတယ်။ အဲ..ဒီသြကာသကန်တော့ချိုးကို ဘုရားရှင်က တိုက်ရိုက်ဟောကြားခဲ့တာတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ ဘုရားဟောတွေထဲက အချက်အလက်တွေကို ထုတ်နှုတ်ရေးထားတာမို့ ပညာရှိမထေရ်ကြီးတွေက အခုချိန်ထိ လက်ခံနေခဲ့တာဖြစ်တယ်။ ဘုရားရှင်တိုက်ရိုက် ဟောကြားထားခဲ့တဲ့ ဒေသနာတော်မဟုတ်သော်လည်း ဘုရားဟောတွေထဲက ထုတ်နှုတ်ရေးထားတာမို့ အသုံးပြုသော်လည်း အကျိုးမယုတ်ပါဘူးဒကာ.ကုသိုလ်ဖြစ်ပါတယ်´´
``မှန်ပါ..၀မ်းမြောက်လှပါတယ်ဘုရား..တပည့်တော် သြကာသကို နားမလည်ပါဘူးဘုရား၊ တစ်ပုဒ် လုံးကို တပည့်တော်နားလည်မဲ့ မြန်မာစကားနဲ့ ရှင်းပြပေးပါဘုရား´´
`` ဒကာ သြကာသကို အလွတ်ရတယ်မို့လား၊ ရရင် ဆိုပြပါ´´
``မှန်ပါဘုရား..
သြကာသ သြကာသ သြကာသ၊ ကာယကံ ၀စီကံ မနောကံ သဗ်ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ ပဌမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တာ့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး ရန်သူမျိုးငါးပါး ၀ိပတ္တိတရားလေးပါး ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား..။´´
``အခုဒကာဆိုလိုက်တဲ့ သြကာသ ကန်တော့ချိုးက ရှေးအကျဆုံးသော `မူ´ဆိုပါတော့၊ ဒီမူရဲ့နောက်ပိုင်းမှာ သြကာသကန်တော့ချိုး မူတွေအများကြီး ထပ်ပြီးပေါ်ထွက်လာခဲ့တယ်၊´´
``မှန်ပါဘုရား နောက်ထွက်လာတဲ့ မူတွေကို မိန့်တော်မူပါဦးဘုရား´´
(ဆက်လက်တင်ပြပေးပါမည်)
.............................................................................................မိုးသု(မန္တလေး)
Thursday, January 12, 2012
ဗုဒ္ဓဘာသာဝင်မှန်ရင် မဖတ်မဖြစ်ကို ဖတ်ထားသင့်ပါတယ်
ရေကြောင်းသိပ္ဖံမှာ ကျောင်းတက်နေတဲ့ ကျောင်းသားလေးပါတဲ့။ သူကနွေရာသီမှာလည်း အမြဲတန်းဒုလ္လဘ နှစ်စဉ်ဝတ်ဖြစ်ပါတယ်တဲ့။ အခုလည်း ပိဋကတ်မြန်မာပြန်တွေ ဖတ်နေပါတယ်တဲ့။ ဦးဇင်းကို facebookမှာ တွေ့လို့ တပည့်တော်အိမ်နဲ့လည်း နီးနေလို့ မရှင်းတာလေး မေးချင်လို့လာတာပါတဲ့။
``တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေက `ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်လို့ ´ယုံကြည်ထားကြပါတယ်။ ဘုန်းကြိးတွေကလည်း အဲလိုပဲ ဟောကြပါတယ်။´´
`` ဒါပေမဲ့ တပည့်တော် ဗြဟ္မဇာလသုတ်မြန်မာပြန်ဖတ်တော့ `ချမ်းသာခြင်း ဆင်းရဲခြင်း အလယ်အလတ်ဖြစ်ခြင်း အနာရောဂါကင်းရှင်းခြင်း အနာရောဂါထူထပ်ခြင်း စသဖြင့် ဒီဘ၀မှာဖြစ်နေသမျှ `အရာအားလုံးသည်´ ရှေးရှေးဘ၀က ပြုခဲ့သော ကောင်းမှု မကောင်းမှုတို့ကြောင့် ဖြစ်ရ၏´ ဟု အယူရှိနေခြင်းသည် `ပုဗ္ဗေကတဟေတုဒိဋ္ဌိ´ဖြစ်သည်´´လို့ ဖတ်ရပါတယ်´´
``ဒါဆိုရင် ကံ-ကံရဲ့အကျိုးကို ယုံကြည်တာဟာ ဘုရားအလိုကျ မဟုတ်ဘူးလားဘုရား´´တဲ့။
တကယ်က အဲဒီဒကာလေးက စာကိုသေချာမဖတ်လို့ပါ။ ဘုရားရှင်ဟောထားတာက ရှင်းရှင်းလေးပါ။ ဦးဇင်းက ဥပမာလေးတစ်ခု ထုတ်ပေးပါ့မယ်။
အနာရောဂါတို့သည်-----
၁။ သည်းခြေကြောင့်ဖြစ်သော အနာရောဂါ။
၂။ သလိပ်ကြောင့်ဖြစ်သော အနာရောဂါ။
၃။ လေကြောင့်ဖြစ်သော အနာရောဂါ။
၎။ သည်းခြေ သလိပ် လေသုံးမျိုး ပေါင်းစုံ၍ကျရောက်မှုကြောင့် ဖြစ်သောအနာရောဂါ။
၅။ ဥတုဖောက်ပြန်မှုကြောင့်ဖြစ်သော အနာရောဂါ။
၆။ ခန္ဒာကိုယ် မညီမညွတ် မမျှမတသောကြောင့်ဖြစ်သော အနာရောဂါ။
၇။ လုံးလအားထုတ်ပြုလုပ်ခြင်းကြောင့် ဖြစ်သော အနာရောဂါ။
၈။ ကံ၏အကျိုးကြောင့်ဖြစ်သော အနာရောဂါ။ လို့ အနာရောဂါဖြစ်ရခြင်းရဲ့အကြောင်းရင်း ရှစ်မျိုးရှိပါတယ်။
`` အနာရောဂါမှန်သမျှအားလုံးသည် ရှေးကံကြောင့်ချည်းသာ ဖြစ်ရသည်ဟု ယူခြင်းကို `ပုဗ္ဗေကတဟေတုဒိဋ္ဌိ´လို့ခေါ်တယ်´´ဒါက သာသနာပက တိတ္ထိတွေရဲ့က အယူအဆတစ်မျိုးပေါ့။
``အနာရောဂါတို့သည် သက်ဆိုင်ရာ အကြောင်းတရားတို့ကြောင့် ဖြစ်ကြသည်ဟု အမှန်အတိုင်းသိမြင်ခြင်းသည် `ကမ္မဿကတသမ္မာဒိဋ္ဌိ´လို့ခေါ်တယ်´´ ဒါကတော့ ဘုရားရှင်ရဲ့ အယူဝါဒတော်အမှန်ပေါ့။
စာရှု့သူများ ရှင်းကြရဲ့လားမသိဘူး။ ( `ချမ်းသာခြင်း ဆင်းရဲခြင်း အလယ်အလတ်ဖြစ်ခြင်း အနာရောဂါကင်းရှင်းခြင်း အနာရောဂါထူထပ်ခြင်း စသဖြင့် ဒီဘ၀မှာဖြစ်နေသမျှ `အရာအားလုံးသည်´ ရှေးရှေးဘ၀က ပြုခဲ့သော ကောင်းမှု မကောင်းမှုတို့ကြောင့် ဖြစ်ရ၏´ ဟု အယူရှိနေခြင်းသည် `ပုဗ္ဖေကတဟေတုဒိဋ္ဌိ´ဖြစ်သည်´´) ကို သေချာပြန်ဖတ်ကြည့်ပါ။
ဒီဘ၀ဖြစ်သမျှ `အရာအားလုံးဟာ´ ရှေးကံကြောင့်ချည်းပဲ ဖြစ်ရတယ်လို့ ရှေးကံကိုအားလုံးပုံချလိုက်တာက `ပုဗ္ဗေကတဟေတုဒိဋ္ဌိ´နော်။
ဒီဘ၀မှာဖြစ်တဲ့ `အကျိုးတရား´တွေဟာ သက်ဆိုင်ရာ အကြောင်းတရားတွေကြောင့် ဖြစ်ရတယ်လို့ (ရှေးကံကိုချည်းပဲ ပုံမချပဲ) မှန်မှန်ကန်ကန် မြင်တတ်တာက `ကမ္မဿကတသမ္မာဒိဋ္ဌိ´နော်။
ဆိုပါတော့ ကိုယ့်ဘာသာ မစူးစမ်းမဆင်ခြင်ပဲ တွေ့ကရာ ပြည့်တန်ဆာမနဲ့အိပ်လို့ HIVဖြစ်ရတာကို ရှေးကံကြောင့် ဖြစ်ရတယ်လို့ ယူမိရင် အဲဒါဟာ `ပုဗ္ဗေကတဟေတုဒိဋ္ဌိ´၊ အော်..ဘာကြောင့် ဒီရောဂါဖြစ်ရတယ်လို့ မှန်မှန်ကန်ကန် သိမြင်ပြီး (ဖြစ်သမျှအားလုံးကို ရှေးကံကြောင့်ပဲလို့) ရှေးကံကိုပုံမချတာက `ကမ္မဿကတသမ္မာဒိဋ္ဌိ´နော်။
ဒီလောက်ဆိုရင်တော့ `ပုဗ္ဗေကတဟေတုဒိဋ္ဌိနဲ့ ကမ္မဿကတသမ္မာဒိဋ္ဌိ´နှစ်ခုတို့ရဲ့ ကွဲပြားခြားနားချက်ကို မှန်မှန်ကန်ကန် သိလောက်ပါပြီလို့ ထင်ပါတယ်။
ကံ-ကံရဲ့အကျိုးတရားတို့ကို ဗုဒ္ဓဘုရားရှင်တော်ရဲ့ နည်းလမ်းအတိုင်း မှန်မှန်ကန်ကန် သိမြင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
...................................................................................အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)
(မရှင်းသေးရလည်း ထပ်မေးလို့ရပါတယ်။ ဦးဇင်း စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးပါ့မယ်)
ဘာကို ဗုဒ္ဓဘာသာလို့ ခေါ်တာလဲ
ဘာကို ဗုဒ္ဓဘာသာလို့ ခေါ်ဆိုပါသလဲ..
ထေရ၀ါဒသည်သာလျှင် ဗုဒ္ဓဘာသာဖြစ်ပါသလား..
ဘုရားရှင်ဟောထားခဲ့သော တရားတော်များကို ပိဋကတ် ဆိုပီး စာပေဖွဲ့ဆိုတာကို ဘာသာလို့ခေါ်ဆိုတာလား..
သံဃာကို ဘာသာလို့ ခေါ်ဆောင်တာလား..)
ဒကာက အဲဒါတွေကို သိချင်ပါတယ်လို့ ပြောထားတယ်နော်။ ဦးဇင်းတေို့ အနည်းငယ်ဆွေးနွေးကြည့်ကြတာပေါ့။
``ဘာသာ´´ဆိုတာ ပါဠိပုဒ်တစ်ခုဖြစ်ပါတယ်။ မြန်မာလိုဆိုရင် ``စကား´´တဲ့။ `ဘာသာ=စကား´ပေါ့။ (ဘာသီယတေ ကထီယတေတီတိ ဘာသာ)
``ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာ=ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောပြောတော်မူအပ်သော ကြောင့် ဗုဒ္ဓ၏ အဆုံးအမဟူသမျှ စကားတော်ဟူသမျှသည် ဗုဒ္ဒဘာသာမည်၏ တဲ့။ အင်္ဂလိဂ်ဆိုရင်တော့ Buddhism or Buddha's teachingပေါ့။´´
ဒါကြောင့် ဗုဒ္ဓဘုရားရှင် ဟောကြားထားခဲ့သော ပိဋကသုံးပုံပါဠိတော်များကို (ဗုဒ္ဓပောာဆိုညွှန်ကြား ဆုံးမခဲ့သော အရာများကို) `ဗုဒ္ဓဘာသာ´လို့ခေါ်ပါတယ်။
(သံဃာကို ဘာသာလို့ ခေါ်ဆောင်တာလား..)
သံဃာဆိုတာ ငါးပါးအစုရဟန်းတော်များကို သံဃာလို့ခေါ်ပါတယ်။ ရဟန်းတော်ငါးပါးမပြည့်ရင် သံဃာလို့သုံးလို့ မရပါဘူး။
ဒါကြောင့်သံဃာတော်တွေကို `ဘာသာ´လို့ ပြောလို့မရပါဘူး။ ``ဗုဒ္ဓဘာသာရဲ့ ဦးဆောင်သူများသာ ဖြစ်ကြပါတယ်။´´
``ရဟန်းတော်ပဲပြောပြော သံဃာတော်ပဲဆိုဆို ဘုရားသားတော်တွေပဲဆိုပါတော့။ ဘုရားသားတော်ဆိုတာက ဘုရားရှင်ရဲ့ ၀ိနည်းစည်းကမ်းဥပဒေအတိုင်း နေထိုင်ကြတဲ့သူတွေပါ။ တစ်နည်းပြောရင် အဖဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်များကို ပြန့်ပွားအောင် တည်တံ့အောင် သန့်ရှင်းအောင် ဆောင်ရွက်ကြရတဲ့သူတွေပါ။ ဒါကြောင့် သံဃာတော်ဆိုတာ ဗုဒ္ဓဘာသာသာသနာရဲ့ ``၀န်ဆောင်ပုဂ္ဂိုလ်တွေပါ´´ ။
ဲ့ ဗုဒ္ဓရဲ့စကားတော်ကို ဗုဒ္ဒဘာသာလို့ခေါ်သလို `ဗုဒ္ဓရဲ့တရားတော်တွေအတိုင်း လိုက်နာကျင့်နေတဲ့သူတွေကိုတော့ `ဗုဒ္ဒဘာသာဝင်´တွေလို့ခေါ်ပါတယ်။
သံဃာတော်တွေဆိုတာကတော့ ဗုဒ္ဓဘာသာရဲ့ဦးဆောင်ပုဂ္ဂိုလ်များသာဖြစ်ပါတယ်။
(သေချာဖတ်ပြီး သေချာတွေးပါ။ မဟုတ်ရင် ဦးဇင်းကို ဆဲကြမှာသေချာပါတယ်။)
..........................................................................................................အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)
လွန်ခဲ့တဲ့နှစ်နှစ်လောက် ရေးခဲ့တဲ့ ပို့စ်လေးပါ။
ဖက်နမ်းဖို့ကောင်းတဲ့ ယောကျာင်္းတွေတဲ့
တစ်ညတော့ သူလည်းအိပ်ပျော်ဟန်မတူပါဘူး။ (ဒုလ္လဘဦးဇင်းလေးပါ။ ဆေးကျောင်းသား တတိယနှစ်လို့တော့ သူ့မိခင်များက လျှောက်သွားပါတယ်။ ကြည့်ရတာ တစ်စုံတစ်ခုကို ရင်ဖွင့်နေချင်တဲ့ပုံပါ) ဦးဇင်းစကားပြောလို့ရမလားတဲ့။ အင်း..ပြောလေလို့ စာရေးနေရင်းနဲ့ပြောလိုက်ပါတယ်။ သူပြောတာတွေကို နားထောင်ပြီး ဘယ်လိုတရားချရမယ်ဆိုတာကို စဉ်းစားလို့မရတော့ပါဘူး။
ဒီလိုယောကျာင်္းလေးချင်း ချစ်ကြတယ် ကြိုက်ကြတယ်ဆိုတာတွေကို ကိုယ်လည်းအွန်လိုင်းသုံးနေတဲ့ ဘုန်းကြီးတစ်ပါးမို့ သိနေကြားနေရတာပါပဲ။ ဒါပေမဲ့ အော်..ကလေးတွေအပျော်အပျက် အပျင်းပြေလုပ်နေကြတာနေမှာပါလို့ တွေးပြီး ကိုယ်နဲ့လည်းသိပ် မပတ်သက်လှတဲ့ အကြောင်းအရာမို့ စိတ်ဝင်တစားတော့မရှိခဲ့ပါဘူး။
သူပြောသွားတာတွေကတော့ ``စိတ်ရှိတဲ့လူတိုင်း ခံစားတတ်တဲ့လူတိုင်းဟာ ကိုယ်ကြိုက်တဲ့အရာကို ချစ်ခွင့်ရှိကြောင်း မိန်းမယောကျာင်္းလိင်ခွဲခြားပြီး မကြည့်သင့်ကြောင်း ခွေးတွေကြောင်တွေ ပန်းပင်တွေကားတွေစသည်ဖြင့် ကိုယ်နှစ်သက်ရာကို ချစ်ခွင့်ရှိကြောင်း ဘာဆိုတာအရေးမကြီးကြောင်း နှစ်ဦးနှစ်ယောက်နားလည်မှုရှိပြီး ချစ်နေဖို့သာလိုကြောင်း အချစ်ဆိုတာက အလွန်သိမ်မွေ့ကြောင်း အချစ်မှာသာတာနာတာတွေ ယဉ်ကျေးမှုတွေမရှိကြောင်း စသဖြင့် ဖွဲ့နွဲ့ပြီး ပြောသွားလိုက်တာ မိုးလင်းတဲ့အထိပါပဲ´´
ကိုယ့်မှာသူပြောတာနားထောင်ပြီး အိပ်ရေးပျက်တာကြောင့်ရော စိတ်ပျက်သွားတာကြောင့်ရော လေပူကြီးကိုသာ မှုတ်ထုတ်လိုက်မိပါတော့တယ်။ အတော်ကြာသူ့ကို ဘာမှပြန်မပြောနိုင်ခဲ့ပါဘူး။
``အင်းလေး မင်းလည်းမင်းအယူအဆ မင်းခံစားချက်နဲ့မင်း မှန်တယ်လို့ထင်နေမှာပါ။ ငါတော့ဘာမှဝင်ပြီး မပြောလိုပါဘူး။ ဒါပေမဲ့ မင်းမိဘတွေစိတ်ဆင်းရဲမှာတော့ သေချာတယ်။ မင်းအသက်လည်း ငယ်ငယ်လေးရှိသေးတာပါ။ တို့တိုင်းပြည်ကလည်း မကောင်းတာတွေရော ကောင်းတာတွေပါ တဖြည်းဖြည်းပြောင်းလည်းလာနေပါပြီ။ နောက်ဆယ်နှစ်လောက်နေရင်တော့ မင်းလိုလူမျိုးတွေ များလာပြီးတော့ လူ့ဘောင်မှာအသိုင်းဝိုင်းမှာ ယဉ်းကျေးမှုတွေပြောင်းသွားမှာပါ။ အဲလိုယောကျာင်္းချင်း ယူတာတွေများလာရင် ကြာတော့လူတွေရဲ့ မျက်စိထဲမှာ ဘာမှထူးထူးဆန်းဆန်ုး မခံစားကြရလောက်တော့ပါဘူး။ အဲဒီအချိန်မှ မင်းတို့နှစ်ယောက်လက်ထပ်ကြပါ´´လို့ ပြောလိုက်ပြီး အိပ်ပစ်လိုက်ပါတော့တယ်။
သူကခြောက်နေတာမဟုတ်ပါဘူး။ ခြောက်နေတဲ့တစ်ယောက်ကို လက်ထပ်ချင်တာပါတဲ့။
အင်း ဟိုအရင်ခေတ်တွေကတော့ သားပိုင်ရှင်မိခင်များဟာ သားတွေကိုမကောင်းတဲ့မိန်းမနဲ့ တွေ့မှာဆုံမှာကို ပူကြပင်ကြရပါတယ်။ အခုတော့ သားတွေရဲ့မိခင်များအတွက် တစ်ပူတိုးလာပြီးလို့တွေးမိလိုက်ပါတယ်။
ဒီကိစ္စကြီးကို မှားတယ်မှန်တယ်လို့ မှတ်ချက်မပေးချင်ပေမဲ့ မသင့်တော်ဘူးလို့တော့ ဆိုချင်ပါတယ်။ သဘာဝတရားကြီးကို ဆန့်ကျင်တာဟာ အကောင်းကိုအသွင်ဆောင်နေတဲ့ လက္ခဏာမဟုတ်ဘူးလို့ ထင်ပါတယ်။
အခုခေတ်ကလေးတွေဟာ အလှအပကိုမိန်းမတွေနဲ့ အပြိုင်အဆိုင် ပြင်ကြဆင်ကြနဲ့ ပြိးရင် ယောကျာင်္းချင်းမဖြစ်သင့်တာတွေဖြစ် မလုပ်သင့်တာတွေလုပ်နဲ့ တကယ်ကိုစိတ်ပျက်စရာကြီးပါ။
တစ်ခါတုန်းက ဗြဲတိုက်တော်မှာ ယောအတွင်းဝန်မင်းဦးဖိုးလှိုင်က အနားရှိတဲ့သူများကို ``ရွှေလက်တော်ကြီးက(မင်းတုန်းမင်းလက်ထက်က) ကိုယ်ရံတော်များဟာ ကာယဗလက ကြွက်သားတွေဘာတွေနဲ့ ကြည့်လိုက်တာနဲ့ ကို ကြောက်သွားပြီးတော့ ခန့်ညားလေးစားရတယ်။ အခုရွှေလက်ထက်တော်လေးမှာတော့ (သီပေါမင်းလက်ထက်) ကိုယ်ရံတော်များဟာ ရွှေကျင်ကြတ် နဖူးစည်းနဲ့ ထိုင်မသိမ်း တို့ပတ်အကျီနဲ့ ပန်းပေါင်းနားကပ်နဲ့ ကြည့်မိရင် ဖက်နမ်းပစ်ဖို့ပဲ ကောင်းတော့တယ်´´လို့ ပြောပါသတဲ့။
တွေးမိလိုက်ပါတယ်။ အခုခေတ်ချာတိတ်တချို့ကို ``ယောမင်းကြီးသာမြင်ခဲ့ရင် ဘာတွေများလုပ်ချင်ဦးမလဲ´´လို့။
(မိခင်များအနေနဲ့ ဒီပြဿနာကြီး ကိုယ့်သားတွေမှာ ဖြစ်လာခဲ့ရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ အခုကထဲက တွေးမိနေဖို့ သတိပေးတဲ့အနေနဲ့ တင်ပြပေးလိုက်တာပါ။)
..............................................................................................အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)
လေးလုံးမကွဲတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေ
မြန်မာလူမျိုးဟာ စကားလုံးဝေါဟာရ ကြွယ်ဝတယ်။ သူ့နေရာနဲ့သူ သုံးနိုင်အောင် စကားလုံးတွေ ရှိတယ်။ ဒါပေမယ့် စကားလုံးကို သူ့နေရာသူ လိုက်လျောညီထွေမှုရှိအောင် မသုံးနှုံးတတ်ကြဘူး။ အမေကျော်ဒွေးတော်ကို လွမ်းနေကြတဲ့သူတွေက ခပ်များများရယ်။ ဦးဇင်းကတော့ မြန်မာလူမျိုးက အင်္ဂလိဂ်စကားမပြောတတ်ဟာ ရှက်စရာကောင်းတယ် ဂုဏ်ငယ်တယ်လို့ မမြင်ပါဘူး။ မြန်မာလူမျိုးက မြန်မာစကားကို လိပ်ပတ်လည်အောင် မပြောတတ်တာ စကားကို သူ့နေရာသူ အံဝင်ခွင်ကျဖြစ်အောင် မပြောတတ်တာကိုသာ ရှက်စရာကောင်းတယ် ဂုဏ်ငယ်စရာကောင်းတယ်လို့ မြင်ပါတယ်။
အတွင်းထဲမှာ ဓာတ်တော်တွေ ထည့်ထားပြီးတော့ အပေါ်ကနေ အုတ်ဖြစ်ဖြစ် ကျောက်ဖြစ်ဖြစ် ကြေးဖြစ်ဖြစ် ရွှေဖြစ်ဖြစ်နဲ့ တည်ဆောက်ထားတဲ့အရာ ဥပမာ ရွှေတိဂုံလို အရာမျိုးကို “စေတီတော်”လို့ခေါ်တယ်။ အိမ်အဆောက်အဦးလို အရာမျိုးကိုတော့ ဘုရားကျောင်းဆောင်လို့ခေါ်ကြတယ်။ အမှန်က အဲဒါလဲ စေတီပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဇေတ၀န်ကျောင်းတော်ဟာ စေတီပဲလို့ ကျမ်းဂန်များမှာ ဖော်ပြထားတယ်။
စေတီဆိုတာက “စေတိယ”ဆိုတဲ့ ပါဠိကနေ ဆင်းသက်လာတဲ့ စကားလုံးဖြစ်တယ်။ သူ့ရဲ့ အဓိပ္ပါယ်က “လူတို့၏ အမြတ်တနိုးကိုးကွယ်ရာဌာန”လို့ အဓိပ္ပါယ်ရှိတယ်။
ဘုရားပုံသဏ္ဍာန်နဲ့ အတတ်နိုင်ဆုံး တူညီအောင် လုပ်ထားတဲ့ ပန်းပုပန်းချီများကိုတော့ “ရုပ်ပွားတော် ဆင်းတုတော်”လို့ ခေါ်ဆိုရတယ်။
ဒီလိုသူ့နေရာနဲ့သူ အံဝင်ခွင်ကြဖြစ်အောင် သုံးလို့ရတဲ့ စကားလုံးတွေရှိပါရဲ့ ဆင်းတုတော်လဲဘုရား ရွှေတိဂုံလို စေတီတော်ကိုလဲဘုရား ဘုရားပဲသုံးနှုန်းနေကြတယ်။ ဒီတော့ ဒီမှာတင်ပြဿနာတွေဖြစ်ကုန်ကြတော့တယ်။
မန္တလေးမှာနေတုန်းက မဟာမုနိအနောက်မုဒ် ကျောက်ဆစ်တန်းမှာ ကြုံခဲ့တာလေးကို အမှတ်ရမိတယ်။ ဦးဇင်းက အဲဒီတုန်းက ရွာကျောင်းဘုန်းကြီး အပ်ထားတဲ့ ကျောက်စာချပ်တွေကို သွားရွေးတာဖြစ်တယ်။ ဦးဇင်းကျောက်စာချပ်က မပြီးသေးတာနဲ့ ထိုင်စောင့်နေတယ်။ ဆိုင်ထဲကို အသက်ငါးဆယ် ခြောက်ဆယ်လောက်ရှိမယ့် ယောကျာင်္းသုံးယောက် ၀င်လာတယ်။ ဆင်းတုတော်လာဝယ်ကြတာာဖြစ်တယ်။
ထုံးစံအတိုင်း ဈေးမေးကြ ဈေးဆစ်ကြပေါ့။ အဲဒီမှာ ၀ယ်တစ်ယောက်က “ဟိုကောင်က ဘယ်ဈေးလဲ”လို့ဆိုပြီး လက်ညှိုးထိုးမေးလိုက်တယ်။ ဆိုင်ရှင်က ကျောက်ဆင်းတုရဲ့ ခေါင်းကို လက်နဲ့ကိုင်ပြီးတော့ “ဒီကောင်က သုံးသိန်းရှစ်သောင်း”တဲ့။
ဘာဖြစ်လို့ ဒီလိုတွေ ၇ိုင်းရိုင်းစိုင်းစိုင်း ပြောဆိုလုပ်ကိုင်နေကြတာလဲဆိုတော့ ဒါတွေက အနေကဇာမတင်ရသေးလို့ ဘုရားမဖြစ်သေးလို့တဲ့။ ဒါကြောင့် ဘုရားမဟုတ်သေးလို့တဲ့။
စေတီတို့ ဆင်းတုတို့ဆိုတာက ဘုရားမဟုတ်ဘူး။ ဘုရားရဲ့ကိုယ်စား ပူဇော်ကိုးကွယ်ဖို့ လုပ်ထားတဲ့ အရာတွေဖြစ်တယ်။ ဆင်းတုတော်တွေဆိုတာက ဘု၇ားရှင်ကို စိတ်ထဲကနေ အာရုံပြုတဲ့အခါမှာ လွယ်ကူအောင်လို့ေ၇ှးပညာရှိများက လုပ်ပေးထားခဲ့တဲ့ အရာတွေဖြစ်တယ်။ စေတိတော်တွေ ဆင်းတုတော်တွေဆိုတာ ဘု၇ားရှင်နဲ့ ပေါင်ကူးပေးတဲ့ အရာတွေဖြစ်တယ်။
စေတီတော် ဆင်းတုတော်ကနေ ဘုရားရှင်ကို ရောက်အောင် အာရုံမပြုနိုင်တော့ သူ့ဆင်းတုက တန်းခိုးကြိးတယ် ငါ့စေတီက တန်းခိုးကြီးတယ်ဆိုတာတွေဖြစ်ကုန်ကြတယ်။ ကျိုက်ထီးရိုးမှဘုရား ရွှေတိဂုံမှ ဘု၇ားဆိုတာတွေ မြင်ကုန်ကြတယ်။ ရွှေတိဂုံလဲ ဘု၇ားမဟုတ်ဘူး။ ကျိုက်ထီးရိုးလဲ ဘုရားမဟုတ်ဘူး။ ဘုရားရဲ့ကိုယ်စားဖြစ်တဲ့ စေတီတော်တွေသာဖြစ်တယ်။ ဒါကို အတွင်းကျကျမြင်တတ်ဖို့လိုတယ်။
ဘုရားရှင်ဟာ ကိလေသာတွေကို ပယ်သတ်ပြီးတော့ သဗ္ဗညုဘုရားရှင်ဖြစ်တဲ့အခါမှာ အနေကဇာတိသံသာရံဆိုပြိးတော့ ဥဒါန်းကျူးရင့်ခဲ့တယ်။ အဓိပ္ပါယ်ကတော့ သူကိလေသာအားလုံးကို ပယ်သတ်ပြီးပြီမို့ နောက်ထပ် ဘ၀သစ်ထပ်မဖြစ်တော့ဘူး တဲ့။ အဲဒီအနေကဇာတိသံသာရံ ပါဠိတော်ကို အကြောင်းပြုပြိးတော့ “အနေကဇာတင်တယ်”ဆိုပြီးတော့ ဖြစ်လာတာဖြစ်တယ်။ ဆင်းတုတော်က စေတီတော်က အဒဲ အနေကဇာတိ သံသာရံကို မရွတ်ဆိုနိုင်လို့ ၇ဟန်းတော်များက ကိုယ်စား ရွတ်ဆိုပေးတာဖြစတယ်။
အနေကဇာတင်တယ်လိုဆိုတဲ့ အနေကဇာတိသံသာရံ ရွတ်ဆိုခြင်းကို ရဟန်းတော်များက လုပ်ပေးသည်ဖြစ်စေ လုပ်မပေးသည်ဖြစ်စေ အိမ်ရှင်က ရဟန်းတော်များပင့်ဖိတ်ပြီးတော့ အနေကဇာတင်သည်ဖြစ်စေ မတင်သည်ဖြစ်စေ ဆင်းတုတော်က ဆင်းတုတော်ပဲ စေတီတော်က စေတီတော်ပဲ။ ဦးဇင်းတို့ တောရွာဘက်တွေမှာဆိုရင် ဆင်းတုတော်ပန်းချီကားဝယ်ပြီး ဒီတိုင်း ပူဇော်ထားကြတာပဲ။
စကားစပ်လို့ ပြောရဦးမယ်။ မြင့်မြတ်တဲ့သူတွေ ပိုင်ဆိုင်တဲ့အရာကို “တော်”ထည့်သုံးကြတယ်။ ဘုရင်ရဲ့ သားတွေ သမီးတွေကို သားတော် သမီးတော်လို့သုံးတယ်။ ဘုရင်ကိုတော့ “ဘုရင်တော်”လို့ မသုံးဘူး။ ဒီလိုပဲ ဘုရားရှင်ရဲ့ ဆင်းတုတွေကို ဘုရားရှင်ပိုင်ဆိုင်တဲ့ အရာမို့ တော်ထည့်ပြိးတော့ “ဆင်းတုတော် စေတီတော်”လို့သုံးတယ်။ ဘုရားရှင်ရဲ့ သားဖြစ်ကြတဲ့ ရဟန်းတွေကိုလဲ “ရဟန်းတော်”လို့ သုံးကြတယ်။ ဘုရားကိုတော့ “ဘုရားတော်”လို့ ဘယ်သူကမှ မသုံးဘူး။ ထားပါတော့ ဒါက စကားလို့ပြောတာပါ။
အမှန်ကတော့ အနေကဇာတင်တယ်ဆိုတာက ဒီစေတီတော်ကို ဆင်းတုတော်ကို ပူဇော်သူများရဲ့ ရင်ထဲမှာ လေးလေးနက်နက်ဖြစ်သွားအောင် လုပ်ဆောင်တာဖြစ်တယ်။ အနေကဇာတင်တင် မတင်တင် မလေးနက်တဲ့သူကတော့ မလေးနက်ပါဘူး။ လေးနက်တဲ့သူကတော့ လေးနက်ပါတယ်။ ကြည့်လေ အများက အမြတ်တနိုးပြုထားကြတဲ့ေ၇ွှတိဂုံလိုနေရာမျိုးတောင် ကာမမှုတွေပြုနေတဲ့ လူတွေ တစ်ပုံကြီးပဲမို့လား။
စေတီတော်တွေ ဆင်းတုတော်တွေကို ပူဇော်ရာမှာ ကိုယ့်ရင်ထဲက လေးနက်မှုနဲ့ပဲဆိုင်တယ်။ ဒါပေမယ့် အပြစ်မရှိတဲ့ ရှေးရိုးစဉ်လာယဉ်ကျေးမှုကိုလဲ မပယ်မြစ်ကောင်းဘူး။ ဒါကြောင့် အနေကဇာတင်ခြင်းကို ကိုယ်တတ်နိုင်ရင် လုပ်ပါ။ မတတ်နိုင်လို့ မလုပ်ဘူးဆို၇င်လဲ ဘာမှမဖြစ်ပါဘူး။ ကိုယ်ရင်ထဲက လေးနက်မှုနဲ့ပဲသက်ဆိုင်ပါတယ်လို့ ပြောကြားလိုပါတယ်။
နားမလည်သေးရင် ထပ်မေးနိုင်ပါတယ်။
……………………………………………………………………………………..မိုးသု(မန္တလေး)
Tuesday, January 10, 2012
ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိမရှိ သိချင်သူများအတွက်
(ဦးဇင်း ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါသလား လူကို နတ်ကစောင့်တယ်ဆိုတာ ဗုဒ္ဓဘာသာနဲ့ ကိုက်ညီမှုရှိပါသလား တကယ်လို့ ကိုယ်စောင့်နတ်ဆိုတာရှိခဲ့ရင် ဘယ်လိုမျိုးပုံစံနဲ့ လူကို စောင့်ရှောက်ပေးပါသလဲ သူဟာ လူ့ခန္ဓာကိုယ်ထဲမှာ နေတာပါလား ပြင်ပမှာ သီးခြားနေတာပါလားဆိုတာကို ဘုရားတပည့်တော်ကို သနားစောင့်ရှောက်ချီးမြှောက်သောအားဖြင့် ဖြေကြားပေးတော်မူပါဘုရား)
မေးခွန်းတွေက များလိုက်တာ။ ဦးဇင်း ခပ်တိုတိုနဲ့ လိုရင်းပဲ ဖြေပေးလိုက်ပါတယ်။
ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါတယ်။
“မကောင်းမှုပြုသော သူသည် သူမကောင်းမှုပြုတဲ့ အကြောင်းကို သူကိုယ်တိုင် ပဌမဦးစွာ သိ၏။ ထို့နောက် သူ၏ ကိုယ်စောင့်နတ်သိ၏။ ထို့နောက် သူတစ်ပါး၏ စိတ်ကို ဖောက်ထွင်းပြီး သိနိုင်တဲ့ တန်ခိုးရှင်များသိကြ၏”လို့ ပါရာဇိကဏ်အဋ္ဌကထာ သုဒိန္ဒကဏ္ဍအဖွင့်မှာပါတဲ့ ဒီစကားရပ်ကို ထောက်ပြီးတော့ ကိုယ်စောင့်နတ် တကယ်ရှိတယ်ဆိုတာ သိရပါတယ်။
ဒီစကားရပ်ကိုထောက်ပြီးတော့ လူကို နတ်စောင့်တယ်ဆိုတာ ဗုဒ္ဓဘာသာနဲ့လည်း ကိုက်ညီမှုရှိပါတယ်။
အခြားသော အထောက်အထား ကျမ်းကိုးကျမ်းကားထုတ်ပြစရာတွေ အများကြီးရှိပေမယ့် သိသာရုံမျှ ဒီလောက်နဲ့ပဲ ကျေနပ်တော်မူကြပါ။
နောက်မေးခွန်းတစ်ခုက လူကို ဘယ်လိုမျိုးစောင့်ရှောက်သလဲဆိုတာနော်။
ဘုန်းကံကြီးမားတဲ့ လူကို တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်း နတ်များက စောင့်ရှောက်ပါတယ်။ ဘုန်းကံမွဲမွဲလူများကိုတော့ တန်ခိုးသေးနုပ်တဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ နတ်သေးနတ်မွှားလေးတွေက စောင့်ရှောက်ပါတယ်။
တန်ခိုးအာနုဘော်ကြီးမားလေ လုပ်နိုင်တဲ့အရာတွေ လုပ်ပိုင်ခွင့်တွေ ပိုရှိလေမို့ သူလုပ်နိုင်တဲ့ ပမာဏ သူလုပ်ပိုင်ခွင့်ရှိတဲ့ အတိုင်းအတာထဲကနေ ကူညီစောင့်ရှောက်ပေးပါတယ်။
ဗာရာဏသီမင်းဟာ ကောသလမင်းကိုသတ်ပြီးတော့ တိုင်းပြည်ကိုသိမ်းပိုက်ပြီးတော့ ကောသလမင်းရဲ့ မိဖုရားကြီးကိုတော့ သူရဲ့ မိဖုရားကြီးအဖြစ် ဗာရာဏသီမင်းက သိမ်းပိုက်ခဲ့တယ်။ အဲဒီ မိဖုရားကြီးမှာ သွားလေသူ ကောသလမင်းနဲ့ ရထားတဲ့ ကိုယ်ဝန်ကျန်နေခဲ့တယ်။ အချိန်တန်တော့ သားယောကျာင်္းလေးမွေးဖွားခဲ့တယ်။ အရွယ်ရောက်တော့ ဗာရာဏသီမင်း အခြားမိဖုရားနဲ့ ရထားတဲ့ ကုရုင်္ဂဒေ၀ီဆိုတဲ့ မင်းသမီလေးနဲ့ ချစ်ကြိုက်သွားကြတယ်။
ဗာရာဏသီမင်းကြီးကသိလို့ မင်းသာလေးကို သတ်ဖို့လုပ်တယ်။ မင်းသားလေးကို သေဘေးကနေ လွတ်အောင် ကယ်တင်ပေးခဲ့တယ်။ ကယ်တင်ပေးသူကတော့ မင်းသားလေးရဲ့ ကိုယ်စောင့်နတ်ပဲဖြစ်တယ်။ (မဟာဏုဏာလဇာတက)
ဒါကြောင့် သူလုပ်ပိုင်ခွင့်ရှိတဲ့ ပမာဏ သူလုပ်ပေးနိုင်တဲ့ ပမာဏအားလျော်စွာ စောင့်ရှောက်ပေးတယ်လို့ မှတ်သားစေချင်ပါတယ်။
နောက်မေးခွန်းတစ်ခုက လူ့ခန္ဓာကိုယ်ထဲမှာ နေတာလား အပြင်ဘက်မှာနေတာလားဆိုတာနော်.။
အပြင်ဘက်မှာနေပါတယ်။ ကိုယ်စောင့်နတ်ဆိုတာ ကိုယ်ပတ်ဝန်းကျင်မှာရှိနေတဲ့ ဘုမ္မစိုး ရုက္ခစိုးစတဲ့ နတ်တွေပါ။
လူ့ခန္ဓာကိုယ်ထဲမှာ နတ်ရှိရင် အဲဒီလူကို မြန်မာလူမျိုးတွေက စုန်းလို့ သတ်မှတ်ကြပါတယ်။ အဲဒီအကြောင်းကို ဦးဇင်း သီးခြားပို့စ်တစ်ခုတင်ပြီးတော့ ရှင်းပြပေးမယ်နော်။ အခုတော့ ပို့စ်သိပ်ရှည်သွားမှာမို့ ရှင်းမပြတော့ပါဘူး။
သူ့မေးခွန်းက ဒီလောက်ဆိုရင် ပြီးသွားပါပြီနော်။ ဒါပေမယ့် မေးခွန်းမှာ မပါလို့ အများသိသင့်သိထိုက်တယ်ထင်လို့ အကြောင်းအရာတစ်ခုကို ဦးဇင်းဘာသာမေးပြီးတော့ ဦးဇင်းဘာသာပဲ ဖြေပေးလိုက်ပါတယ်။
လူတိုင်းမှာ ကိုယ်စောင့်နတ်ရှိပါသလား..။
လူတိုင်းမှာ သဘာဝအားဖြင့် ကိုယ်စောင့်နတ်ရှိပါတယ်။
ဘုန်းကံကြီးမားတဲ့ လူကို တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်း နတ်များက စောင့်ရှောက်ပါတယ်။ ဘုန်းကံမွဲမွဲလူများကိုတော့ တန်ခိုးသေးနုပ်တဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ နတ်သေးနတ်မွှားလေးတွေက စောင့်ရှောက်ပါတယ်။ လို့ အထက်မှာလဲ ဦးဇင်းပြောခဲ့တယ်နော်။
ကိုယ်စောင့်နတ်တွေဆိုတာ လူစောင့်ရှောက်တဲ့ လူရဲ့ အလိုကိုလိုက်ပြီးတော့ ပြောင်းလဲတတ်ကြပါတယ်။ များသောအားဖြင့် ဒီလိုမျိုး လူ့ရဲ့အလိုကိုလိုက်ပြီးတော့ ပြောင်းလဲတတ်တာဟာ တန်ခိုးသေးနုပ်ပြီးတော့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ ကိုယ်စောင့်နတ်တွေပေါ့။ ဒီလို နတ်တွေကတော့ သူစောင့်လျှောက်တဲ့လူက ကောင်းရင် သူကကောင်းပြီးတော့ လူကဆိုးရင် သူလဲဆိုးသွားတတ်ပါတယ်။
တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းတဲ့ ကိုယ်စောင့်နတ်များကတော့ သူတို့မကြိုက်တာကို လုပ်ရင် အဲဒီလူကို စွန့်ပစ်ပြီးတော့ ထွက်သွားတတ်ကြပါတယ်။ လူပြောင်းလဲတိုင်း သူတို့က လိုက်ပြီးတော့ မပြောင်းလဲကြပါဘူး။
ဥပမာအားဖြင့် စေတီယမင်းရဲ့ အဖြစ်အပျက်ကိုကြည့်ပါ။
စေတီယမင်းဟာ တန်ခိုးကြီးမားတဲ့ နတ်သားလေးယောက်က စောင့်ရှောက်ပါတယ်။ စေတီယမင်း မုသားစကားပြောတော့ နတ်သားလေးယောက်ဟာ စေတီယမင်းကို တစ်ခါထဲ စွန့်ပစ်ထွက်ခွါသွားခဲ့ကြပါတယ်။ (စေတီယဇာတက)
ဒါကြောင့် လူတိုင်းမှာ သဘာဝအားဖြင့်တော့ ကိုယ်စောင့်နတ်ရှိကြပါတယ်။ သို့သော် အချို့သူများကတော့ ကိုယ်စောင့်နတ်မကြိုက်တာလုပ်လို့ ကိုယ်စောင့်နတ်ရဲ့ စွန့်ပစ်ခြင်းကို ခံကြရလို့ ကိုယ်စောင့်နတ် မရှိတာမျိုးတွေလဲ ရှိပါတယ်။
...........................................................................................................မိုးသု(မန္တလေး)
ကတိမတည်ခဲ့လို့ရှိရင်..
(ကတိမတည်ရင် အကုသိုလ်ဖြစ်ပါသလား ဖြေကြားပေးတော်မူပါ)
ကတိဆိုတာ သစ္စာရဲ့ ကိုယ်ပွားစကားလုံးတစ်ခုပါ။ ဒါကြောင့် ရှေးပညာရှိတွေက “ကတိသစ္စာ တည်သောခါဝယ်”စတဲ့ ကဗျာလင်္ကာတွေမှာ သစ္စာနဲ့ကတိကို ထပ်တူပြုပြီးတော့ စပ်ဆိုခဲ့ကြတယ်။
ကတိပေးတယ်ဆိုတာ သစ္စာပြုတာပါပဲ။ ဒါကြောင့် ကတိပျက်ရင် သစ္စာပျက်ပါတယ်။ သစ္စာပျက်ရင် နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေက အများကြီး တစ်လျှောက်ကြီး တသီတစ်တန်းကြီး လိုက်ပါလာပါတယ်။
အနည်းဆုံးကတော့ ကတိပျက်ပြီဆိုတာနဲ့ မုသာဝါဒကံတော့ ထိုက်သွားတာပါပဲ။ မုသာဝါဒကံထိုက်ပြီဆိုမှတော့ အကုသိုလ်ဖြစ်ပြီပေါ့ ဒကာမိုးချမ်း။
မင်းတောင်းတာကို ငါပေးမယ်ပါမယ်။ မင်းတစ်ယောက်ကိုပဲ ချစ်ပါတယ်။ မင်းကလွဲရင် ဖွဲနဲ့ဆန်ကွဲပါ။ မင်းခိုင်းတာကို ငါဆက်ဆက် လုပ်ထားလိုက်ပါမယ်။ ငါ့ကို ယုံကြည်စိတ်ချပါစတဲ့ ကတိတွေအမျိုးမျိုးပေး သစ္စာတွေ မရိုးနိုင်အောင် အမျိုးမျိုးထားပြီးတော့ ဘာတစ်ခုမှ ပြောတဲ့အတိုင်း မဟုတ်ခဲ့ရင် လိမ်လည်လှည့်စား ပလီပလာစကားတွေ ဖြစ်သွားတာပါပဲ။ ဒါကတော့ မုသာဝါဒကံထိုက်ပုံကို ပြောတာပါ။
တစ်ခါ တစ်ဘက်လူမှာ ကိုယ့်ရဲ့ ကတိသစ္စာ ပျက်ယွင်းမှုကြောင့် ဆုံးရှုံးမှုကြီးမားရင် ကြီးမားသလို ကိုယ်ရဲ့ အကုသိုလ်ကလဲ ကြီးသွားပြီးတော့ ကိုယ်ခံရမယ့် ပြစ်ဒဏ်ကလဲ ကြီးသွားပါလိမ့်မယ်။
နောက်ထပ် ကတိပျက်ယွင်းမှုကြောင့် အဒိန္နဒါနကံလဲ ထိုက်နိုင်ပါသေးတယ်။ ပါဏာတိပါတကံလည်း ထိုက်နိုင်ပါသေးတယ်။ ကတိပျက်ယွင်းမှုဟာ အတော်ကြီးကို ဆိုးဝါးလွန်းတဲ့ အကုသိုလ်ပါဒကာ။
လူတွေရဲ့ တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးမှာ ယုံကြည်မှုက သိပ်အရေးကြီးပါတယ်။ တစ်ယောက်ကို တစ်ယောက် ယုံကြည်ဖို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပေးထားတဲ့ ကတိတွေ တည်ဖို့လိုအပ်ပါတယ်။
ဒကာ ကတိတည်တဲ့ သူဖြစ်ပါစေလို့ ဦးဇင်းဆုတောင်းပေးပါတယ်။
....................................................................................................................မိုးသု(မန္တလေး)
ဆင်ခံ မြင်းခံ ဆင်းတုတော်များနဲ့ ပတ်သက်၍ ရှင်းလင်းခြင်း..
(Aung Ko "ဘုရားအားလုံး ဆင်၊ မြင်း စသည့် သတ္တ၀ါတို့ကို စီးပြီး ခရီးသွားခြင်းမရှိပါ။ အဘယ်ကြောင့် ဆင်ခံ ၊ မြင်းခံ ဘုရားရုပ်ထုများထုလုပ်ကြတာလဲမသိပါ။ အပြစ်ရှိ ၊ မရှိ။")
ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလအတွင်းမှာ ဆင်ရော မြင်းပါ ဖြစ်ခဲ့တယ်။
ဘုရားအလောင်းတော်ဟာ ဆင်ဖြစ်ခဲ့စဉ်က ဘုရင်လုပ်သူက သူရဲ့ မင်္ဂလာဆင်တော်အဖြစ် လာရောဖမ်းဆီးခဲ့တယ်။ ဆင်တော်ဟာ နန်းတော်ထဲမှာ ဘယ်လောက်ပဲ ကောင်းကောင်းနေ ကောင်းကောင်းစားရပေမယ့် တောထဲမှာ ကျန်ခဲ့တဲ့ မိခင် မျက်မမြင် ဆင်မကြီးအတွက် စိတ်မအေးနိုင်ဘူး။ ဒါကြောင့် မစားမသောက်ပဲနေလိုက်တယ်။
ဘုရင်ကမေးတော့ မိခင်အတွက် ပူနေရလို့ သူ့မှာ မစားနိုင်မသောက်ဖြစ်နေပါတယ် အစချီပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြခဲ့တယ်။ ဒါနဲ့ ဘုရင်က တောထဲကို ပြန်လွှတ်ပေးလိုက်ပြီး ဆင်သားအမိ နေတဲ့တောစပ်မှာ ဆင်သားအမိကို ပြုစုလုပ်ကျွေးဖို့ ရွာတည်ရွာ တည်ပြီးတော့ ရွာသားတွေကို ဆင်သားအမိကို ပြုစုလုပ်ကျွေးရမယ်လို့ အမိန့်ချမှတ်ခဲ့တယ်။
မိဘကျေးဇူးကို မသိတတ်တဲ့ သားသမီးတွေ မိဘကျေးဇူးကို လျစ်လျူရှု့ထားတဲ့ သားသမီးတွေ မိဘကျေးဇူးကို မေ့နေကြတဲ့ သားသမီးတွေ ဒီအကြောင်းအရာကို ဖတ်ရှု့ပြီးတော့ မိဘများရဲ့ ကျေးဇူးကို ပြန်လည်သတိရလို့ ပြန်လည်ဆပ်နိုင်ကြပါစေ။
ဘုရားအလောင်းတော် ဆင်ဖြစ်တဲ့ဘ၀တွေတိုင်းမှာ အတုယူစရာတွေ အများကြီးရှိပဲတယ်။ ကျေးဇူးကို သိတတ်တာ မိဘကို ပြုစုလုပ်ကျွေးတာ လုံ့လ၀ိရီယရှိပြီး သူရသတ္တိနဲ့ ပြည့်စုံတာ အများကြီး အများကြီးပါပဲ။
တစ်ခုသော ဘ၀မှာတော့ ဘုရင်ရဲ့ မင်္ဂလာမြင်းတော်ဖြစ်ခဲ့တယ်။ မင်္ဂလာမြင်းတော်ရှိတဲ့ တိုင်းပြည်ကို အခြားသော တိုင်းပြည်ခုနှစ်ခုက စစ်လာတိုက်တယ်။ ဘုရင်က ရန်သူကို ဘယ်လိုတွန်လှန်ရမလဲဆိုတာ သူရဲ့ အမတ်တွေနဲ့ တိုင်ပင်တယ်။
အမတ်တွေက ဒီရန်ကို တွန်လှန်နိုင်မယ့် သူရဲကောင်းတစ်ယောက်ရှိတယ်ဆိုတာ ဘုရင်ကို လျှောက်တင်လိုက်ကြတယ်။ ဘုရင်က သူရဲကောင်းကို ခေါ်တွေ့တယ်။ ရန်သူကို တွန်လှန်နိုင်မလားလို့ မေးတယ်။
သူရဲကောင်းက မင်္ဂလာမြင်းတော်ကိုသာ သူ့ကို ပေးစီးမယ်ဆိုရင်တော့ သူတစ်ယောက်ထဲနဲ့ ဒီရန်သူအားလုံးကို တွန်လှန်နိုင်ပါတယ်လို့ လျှောက်တင်ခဲ့တယ်။ ဒါနဲ့ ဘုရင်က မင်္ဂလာမြင်းတော်ကို စီးခွင့်ပေးလိုက်တယ်။
သူရဲကောင်းဟာ မင်္ဂလာမြင်းတော်ကို စီးပြီး ရန်သူဗိုလ်ထုကို ထိုးဖောက်ပြီးတော့ ၇န်သူဘုရင် ငါးယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်။ ခြောက်ယောက်မြောက်ဘုရင်ကို ဖမ်းစီးလာစဉ်မှာ ရန်သူပစ်လိုက်တဲ့ မြားဟာ မင်္ဂလာမြင်းတော်ကို ထိမှန်သွားခဲ့တယ်။
သူရဲကောင်းဟာ ရန်သူဘုရင် ခြောက်ယောက်တိတိကို ဖမ်းပြီးသွားပြီ။ တစ်ယောက်ပဲ ကျန်တော့တယ်။ ဒါနဲ့ မင်္ဂလာမြင်းတော်ကို လှဲချပြီးတော့ ချပ်ဝတ်တွေချွတ်ပြီးတော့ ဒီပြင် အခြားသော မြင်းတစ်ကောင်ကို ချပ်ဝတ် ၀တ်ပေးဖို့ ပြင်ဆင်နေတယ်။ ဒါကို မင်္ဂလာမြင်းတော်က မြင်လိုက်တယ်။
“အခု ချပ်ဝတ် ၀တ်ပေးနေတဲ့ မြင်းဟာ ရန်သူဗိုလ်ထုကို ထွင်းဖောက်ပြီး ပြေးနိုင်မှာမဟုတ်ဘူး။ ဒီတော့ အရည်အချင်းရှိတဲ့ သူရဲကောင်းလဲ သေရလိမ့်မယ်။ ငါ မြားမှန်ခံပြီး အပင်ပန်းခံပြီးတော့ ရန်သူဘုရင် ခြောက်ယောက်ကို ဖမ်းထား၇တာတွေလဲ အလကားဖြစ်ကုန်လိမ့်မယ်။ ငါလုပ်တဲ့ အလုပ်လဲ မပျက်စီးရအောင် အရည်အချင်းရှိတဲ့ သူရဲကောင်းလဲ မသေရအောင် ငါအားတင်းပြီးတော့ ကျန်တဲ့ ဘုရင်ကို ဖမ်းရမယ်”လို့ ကြံစည်ပြီးတော့ သူရဲကောင်းကို ခေါ်ပြီးတော့ “ငါ့ကို ချပ်ဝတ်ပြန်ဝတ်ပေးပါ။ ကျန်တဲ့ ရန်သူဘုရင်ကို ဖမ်းပေးနိုင်တဲ့ စွမ်းအား ငါ့မှာ ရှိပါသေးတယ်”လို့ ပြောပြီးတော့ ကျန်တဲ့ ရန်သူဘုရင်ကို ဖမ်းဖို့ မြားဒဏ်ရာကြီးနဲ့ သူရဲကောင်းကို အကူအညီပေးခဲ့တယ်။
သူရဲ့တိုင်းသူပြည်သားတွေအတွက် မင်္ဂလာမြင်းတော်ဟာ သူရဲ့ အစွမ်းအစ လုပ်နိုင်စွမ်းအားတွေကို မချွန်မချန်နဲ့ အလုပ်လုပ်သွားခဲ့တယ်။
မင်္ဂလာမြင်းတော်ဟာ မြားဒဏ်ရာကြောင့် သေအံ့ဆဲဆဲ ဖြစ်နေပြီ။ ဒါပေမယ့် သတိလက်လွတ်မဖြစ်ပဲနဲ့ သူ့ရဲ့ ဘုရင်ကို သူရဲကောင်းကို ဆုလာဘတ်များချီးမြှင့်ဖို့ သူ့အတွက် ချီးမြှင့်မယ့် ဆုလာဘ်များကိုလဲ သူရဲကောင်းကိုပဲ ချီးမြှင့်ဖို့ ရန်သူဘုရင်တွေကို မသတ်ပဲနဲ့ သစ္စာရေတိုက်ပြီးတော့ ပြန်လွှတ်ပေးဖို့ စတဲ့ မှာသင့်တာတွေကို မှာပြီးမှ သေဆုံးသွားခဲ့တယ်။
ဘာတွေကို အတုယူရမယ်ဆိုတာ ဦးဇင်း မပြောတော့ပါဘူး။ တစ်ခါတစ်လေလဲ ကိုယ့်ဘာသာစဉ်စားကြည့်ကြပေါ့။ ကိုယ့်ဘာသာ တွေးလို့ရတဲ့ အဖြေက သိပ်ကြည်နူးဖို့ကောင်းပါတယ်။
ဘုရားရှင်ဟာ ဒီလိုဒီလိုတွေ ကြိုးစားခဲ့ပြီးမှ အခုလို ဘုရားဘ၀ကို ရောက်ခဲ့တယ်ဆိုတာ လူသားတွေသိစေချင်လို့ အထူးသဖြင့် ဆင်ဘ၀ မြင်းဘ၀က ဘုရားရှင်ရဲ့ ကြိုးစားအားထုတ်မှု လုံ့လ၀ီ၇ိယ အမျှော်အမြင်ရှိမှု ကိုယ်ကျိုးကို စွန့်လွှတ်နိုင်မှုကို နောက်လာ နောက်သားတွေကို သိစေချင်လို့ ကျောက်ဆစ်ဆရာ ပန်းပုဆရာတွေက ပညာရှင်တွေနဲ့ ပူပေါင်းပြီးတော့ ဆင်ခံ မြင်းခံ ဆင်းတုတော်တွေကို ထုလုပ်ခဲ့တာဖြစ်တယ်။
ဒီနေရာမှာ “အလောင်တော် ခွေးဘ၀လဲ ရောက်ခဲ့တာပဲ။ ခွေးဘ၀က ကြိုးစားအားထုတ်မှုတွေကိုလည်း ပုံဖော်တဲ့အနေနဲ့ ခွေးခံဆင်းတော်ကို ထုလုပ်ကြပါလား” လို့ ပြောစရာတစ်ခုဖြစ်လာတယ်။
အနုပညာရပ်တစ်ခု ဖန်တီးတဲ့အခါမှာ မျက်စိပသာဒဖြစ်ဖို့ အများမကဲ့ရဲ့ခံရဖို့ လည်း လိုသေးတယ်။ ဒါကြောင့် ခွေးခံဆင်းတုတော်ကို မထုလုပ်ကြတာဖြစ်တယ်။
ရဟန်းတော်တွေဟာ ကျန်းမာရေးကောင်းရင် တိရိစ္ဆာန်ကို မစီးကောင်းပေမယ့် ကျန်းမာရေးမကောင်းရင်တော့ တိရိစ္ဆာန်အထီးကိုတော့ စီးကောင်းတယ်လို့ ဘုရားရှင်က ခွင့်ပြုထားခဲ့တယ်။
ဒါကြောင့် ဘယ်ဘက်က လှည့်တွေးတွေး အပြစ်မရှိပါဘူး။
ကိုယ်တိုင်က ဘုရားရှင်ကို အပြစ်တင်လိုဇောတွေ များနေရင်တော့ ဘယ်လိုဖြေရှင်းချက်ပေးလဲ ပြေလည်သွားမှာမဟုတ်ပါဘူး။
သူများတွေကတော့ မသိဘူး။ ဦးဇင်းကတော့ ဆင်ခံ မြင်းခံ ဆင်းတုတ်ာတွေကို မြင်တိုင်း ဆင်ဘ၀ မြင်ဘ၀က အလောင်းတော်ရဲ့ ဥာဏ်ပညာ ဇွဲလုံ့လ ၀ိရိယတွေကို မြင်ယောင်လာပြီး ဘုရားရှင်ကို ဆထက်တစ်ပိုး ပိုလို့ပိုလို့ ကြည်ညိုလာမိပါတယ်။
.....................................................................................မိုးသု(မန္တလေး)
အကုသိုလ်ကို အမျှပေးဝေလို့ ရပါသလား..
(ဦးဇင်းမိုးသုဘုရား ကုသိုလ်ကောင်းမှုပြုလုပ်ပြီးတော့ သေသောသူအားရည်စူး၍ အမျှပေးကြပါတယ်။ သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီရင် သေသောသူက အမျှရပြီးတော့ ကောင်းကျိုးချမ်းသာကို ခံစားရတယ်လို့ မှတ်သားရပါတယ်။ တပည့်တော် တစ်ခုတွေးမိတာ ရှိပါတယ်။ အကုသိုလ်ကိုကော ကုသိုလ်လို အမျှပေးလို့ ရပါသလားဘုရား။ တပည့်တော်ရဲ့ သံသယကို ရှင်းလင်းပေးပါဘုရား)
ဒီမေးခွန်းကို အရင်က မိလိန္ဒမင်းကြီးက အရှင်နာဂသေနကို မေးခဲ့ဘူးပါတယ်။ အရှင်နာဂသေနကလဲ အဖြေပေးခဲ့ပါတယ်။ မိလိန္ဒာပဥှာပါဠိတော် ပုဗ္ဗပေတာသဒိသပဥှာမှာ ဖတ်ရှု့နိုင်ပါတယ်။
ဦးဇင်းအစက အရှင်နာဂသေနရဲ့ အဖြေအတိုင်းပဲ ဖြေပေးလိုက်ရင် ကောင်းမလားလို့ စဉ်းစားပါသေးတယ်။ သေချာတွေးကြည့်တော့ အရှင်နာဂသေနရဲ့ အဖြေက ကျယ်ဝန်းများပြား ရှည်လျားလွန်းနေတယ်။ အင်မတန်လဲ နက်နဲလွန်းလှတယ်။ ပညာရှင်နှစ်ယောက်ရဲ့ အမေးအဖြေမို့ ဘာသာရေးလိုက်စားခါစ လူတွေအတွက် နားလည်နိုင်ဖို့ ခက်ခဲတယ်။ စာရိုက်ရမှာလဲ မသက်သာပါဘူး။ ဒါကြောင့် ကိုယ်ပိုင်ဟန်လေးနဲ့ပဲ ဖြေပေးလိုက်ပါတယ်။
ဦးဇင်းအဖြေကို သဘောမကျ မနှစ်သက်ဘူးဆိုရင်တော့ မိလိန္ဒပဥှာပါဠိတော် ပုဗ္ဗေပေတာသဒိသပဥှာမှာပဲ ထပ်ပြီး ဖတ်ကြည့်လိုက်လို့ တိုက်တွန်းပါတယ်။
အိတ်တစ်လုံးထဲကို ရွှေငွေတွေထည့်ပြီး လူတွေကို လိုက်ပေးရင်တော့ ယူကြမှာပဲ။ ဒါပေမယ့် အိတ်တစ်လုံးထဲကို ပုပ်သိုးနံစော်နေတဲ့ မစင်တွေ အပြည့်ထည့်ပြီး လိုက်ပေးရင်တော့ ဘယ်သူကများ ယူမှာတဲ့လဲ။
အမျှဝေတယ်ဆိုတာဟာ သေလွန်သွားတဲ့သူ ကံမကောင်း အကြောင်းမလှလို့ ပရဒတ္တူဇီဝိတပြိတ္တာမျိုးမှာ ဖြစ်ခဲ့ရင် ကောင်းသောဘ၀ကို ရောက်ပြီး ချမ်းချမ်းသာသာ နေနိုင်ပါစေတော့လို့ စိတ်ထားကောင်းကလေးနဲ့ ပြုလုပ်ပေးကြတာဖြစ်တယ်။
ဆင်းရဲနေတဲ့သူကို ချမ်းသာလာပေးရင် ယူချင်ပေမယ့် ဆင်းရဲနေသူကို ပိုပြီးဆင်းရဲသွားအောင် ဆင်းရဲတွေ ထပ်ပြီး လာပေးရင် ဘယ်သူကများ ယူမှာတဲ့လဲ။ ပေးလို့ရတာ မရတာနောက်ထားပါ။ ကိုယ့်ကို ပိုပြီး ဆင်းရဲသွားစေမယ့် ဆင်းရဲကို ဘယ်သူက ယူချင်မှာတဲ့လဲ။
အမျှဝေတယ်ဆိုတာ တစ်ဘက်က ယူမှရတာလေ။ ကုသိုလ်ကို အမျှဝေရင်တောင်မှ တစ်ဘက်က ယူမှရတာပါ။ သေသေချာချာ စဉ်းစားကြည့်ချင်ပါတယ်နော်။
ငါဆိုရင်ကော ငါ့ကို သူတစ်ပါးက ဆင်းရဲတွေလာပေးရင် ငါ့မှာရွေးချယ်ပိုင်ခွင့်လဲ အပြည့်အ၀ရှိနေရင် ငါယူချင်ပါ့မလားဆိုတာကို အလေးအနက်စဉ်းစားကြည့်လိုက်ပါ။
မိလိန္ဒပဥှာမှာတော့ အရှင်နာဂသေနက အကုသိုလ်ကို အမျှဝေလို့ မရပါဘူးလို့ ဖြေပေးထားပါတယ်။ ဆီကို မီးထွန်းလို့ရပေမယ့် ရေကို မီးထွန်းလို့မရသလို ကုသိုလ်ကို အမျှဝေလို့ရပေမယ့် အကုသိုလ်ကို အမျှဝေလို့ မရပါဘူးတဲ့။ အဲဒီလို ဖြေပေးထားပါတယ်။
မိလိန္ဒပဥှာမှာတော့ မိလိန္ဒမင်းကြီးက ကတ်ကတ်သတ်သတ်မေးပြီး အရှင်နာဂသေနကလဲ ရှင်းရှင်းလင်းလင်းကို ဖြေပေးထားပါတယ်။ ဒီထက်ပိုပြီးတော့ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် သိချင်ရင်တော့ မိလိန္ဒပဥှာမှာပဲ ဖတ်ပါလို့ တိုက်တွန်းပါတယ်။ ဒီမှာတော့ အကြောင်းအကြောင်းကြောင့် ဒီလောက်ပဲ ဖြေပေးနိုင်ပါတယ်။
............................................................................................................မိုးသု(မန္တလေး)
Sunday, January 8, 2012
နေ့စွဲများနှင့် ဗုဒ္ဓဘုရားရှင်
(မယ်တော်၏ ၀မ်းကြာတိုက်၌ ရက်အားဖြင့်(၂၉၅)ရက် လအားဖြင့် (၁၀)လတိတိ အပိုအလိုမရှိ စံတော်မူပါသည်)
မဟာသက္ကရာဇ်(၆၈)ခုနှစ် ကဆုန်လပြည့် သောကြာနေ့ ၀ိသာခါနက္ခတ်နှင့် စန်းလနတ်ယှဉ်စဉ် ကပိလ၀တ်ပြည်နှင့် ဒေ၀ဒဟပြည်တို့အကြား၌ရှိသော `လုမ္ဖိနီ´သာမော အင်းကြင်းတော၌ ဖွားမြင်တော်မူပါသည်။
(ဖွားမြင်သောအခါ၌ ``လောကသုံးပါးတွင် ငါသည်အမြတ်ဆုံးဖြစ်၏။ ငါသည် လူသုံးပါးတွင် အကြီးအကဲဆုံးဖြစ်၏။ ငါသည် လူသုံးပါးတွင် အချီးမွမ်းအပ်ဆုံးဖြစ်။ ဤယ္ခုမွေးဖွားခြင်းကား နောက်ဆုံးဖြစ်၏။ ငါအဖို့ရာ တစ်ဖန်ဘ၀သစ် ပြန်ဖြစ်ရခြင်း မရှိတော့ပြီ´´ဟု မြောက်အရပ်သို့ ဖ၀ါးခုနှစ်လှမ်း ကြွချီးတော်မူပြီး၍ ရဲ့ဝံ့စွာကြွေးကြော်တော်မူပါသည်။)
ဖွားမြင်ပြီး၍ ငါးရက်မြောက်သောနေ့ (ကဆုန်လပြည့်ကျော် ငါးရက်နေ့)၌ ခေါင်းဆေးခြင်းမင်္ဂလာ နာမည်ကင်ပွန်းတပ်မင်္ဂလာ အခမ်းအနားများပြုလုပ်ပါသည်။
(ထိုနေ့က ရာမ ဓဇ လက္ခဏ ဇောတိမန္တ ယည သုဘောဇ သုယာမ ဟူသော ပုဏ်ဏား (၇)ယောက်တို့သည် အလောင်းတော်၏ လက္ခဏာများကို ဖတ်ရှု့ပြီး၍ ``လူ့ဘောင်နေလျှင် စင်္ကြာဝတေးမင်းဖြစ်၍ ရဟန်းဘောင်နေလျှင် ဘုရားစင်စစ် ဖြစ်မယ်´´လို့ နိမိတ်ဖတ်တော်မူပြီး ကောဏ္ဍညနွယ်ဖွား `သုဒတ္တ´မည်သော ပုဏ်ဏားသည် အလောင်းတော်၏ လက္ခဏာတော်ကြီး(၃၂)ပါး လက္ခဏာတော်ငယ် (၈၀)တို့ကို စေ့ငုစွာကြည့်ရှု့ပြီး၍ ``ဘုရားစင်စစ် ဧကန်ုဖြစ်မယ်´´လို့ နိမိတ်ဖတ်ခဲ့ပါသည်)
``လောကသုံးပါးတို့၏ အကျိုးစီးပွားကို ပြီးစီးအောင်မြင်အောင် ဆောင်ရွက်တော်မူမည့် အကြောင်းနိမိတ်ကို အစွဲပြုကာ ပုဏ်ဏားရှစ်ယောက်တို့သည် တညီတညွှတ်တည်း အလောင်းတော်အား `သိဒ္ဒတ္ထ´ဟူ၍ နာမည် ကင်းပွန်တပ်ခဲ့ကြပါသည်´´
ခမည်းတော်မင်းကြီးသည် သားတော်အတွက် စိတ်ကြိုက်လက်ရွေးစင် အမျိုးသမီးပေါင်း(၂၄၀)တို့ကို အထိန်းတော်အဖြစ် ခန့်အပ်ခဲ့ပါသည်။ နို့ချိုတိုက်ကျွေးခြင်းအလုပ်ကိုတော့ မိထွေးတော်``မဟာပဇာပတိဂေါတမီ´´ ကိုယ်တိုင်တိုက်ကျွေးတော်မူခဲ့ပါသည်။
အလောင်းတော်သည် (၇)နှစ်အရွယ်သို့ရောက်လာသောအခါ အလောင်းတော်မင်းသားအတွက် သိကြားမင်းသည် မင်္ဂလာရေကန်တော် ကြီးကို ပြည့်စုံစွာဖန်တီး၍ ဆက်သခဲ့ပြန်ပါသည်။
အလောင်းတော် (၁၆)နှစ်သို့ရောက်သောအခါ၌ ဘုံကိုးဆင့်ရှိသော `ရမ္မ´မည်သော ဆောင်းရာသီစံနန်းတော်၊ ဘုံငါးဆင့်ရှိသော `သုရမ္မ´ မည်သော နွေရာသီစံနန်းတော်၊ ဘုံခုနှစ်ဆင့်ရှိသော `သုဘ´မည်သော မိုးရာသီစံနန်းတော် သုံးဆောင်ကို ခမည်းတော်မင်းကြီးက ဆောက်လုပ်ပေး၍ အလောင်းတော်ကို စံစားစေခဲ့ပါသည်။
(သာကီဝင်မင်းဆက်တို့တွင် ဤစံနန်းတော်သုံးဆောင်တို့ကို မည်သူတစ်ဦးတစ်ယောက်မျှ မခံစားခဲ့ကြဘူးပါဘူး။ အလောင်းတော်သည် ပဌမဥိးဆုံး စံစားခဲ့ရခြင်းဖြစ်ပါသည်)
အလောင်းတော်ဟာ စံနန်းတော်သုံးဆောင်၌ ``ဘဒ္ဒကစ္စနာယသော်ဓရာဗိမ္ဖာဒေ၀ီ´´ မင်းသမီးကို မိဖုရားခေါင်အရာထား၍ သာကီဝင်မင်းသမီးပေါင်း လေးသောင်းနဲ့စံတော်မူပါသည်။
(ယသော်ဓရာမှအပ ကျန်မင်းသမီးများသည် အခြံအရံသက်သက်သာဖြစ်ပါသည်၊ မင်းသမီးပေါင်းတစ်သောင်းသည် ယသော်ဓရာကို အမြဲခစားနေရပြီး ကျန်သုံးသောင်းသည် နန်းတော်တစ်ဆောင်လျှင် တစ်သောင်းကျစီတာဝန်ယူ၍ အမြဲနေထိုင်ကြရပါသည်)
ဤကဲ့သို့ (၁၃)နှစ်ကြာ နတ်စည်းစိမ်နှင့်တူသော မင်းစည်းစိမ်ကို ခံစား၍ မဟာသက္ကရာဇ်(၉၆)ခုနှစ် ၀ါဆိုလပြည့်နေ့၌ ``သူသေနိမိတ်´´ ကိုလည်းကောင်း၊
ထိုနှစ် တန်ဆောင်မုန်းလပြည့်နေ့၌ ``သူနာနိမိတ်´´ ကိုလည်းကောင်း
ထိုနှစ် တပေါင်းလပြည့်နေ့၌ ``သူသေနိမိတ်´´ကိုလည်းကောင်း
မဟာသက္ကရာဇ်(၉၇)ခုနှစ် ၀ါဆိုလပြည့်နေ့၌ ``ရဟန်းနိမိတ်´´ကိုလည်းကောင်း အသီးသီးမြင်တော်မူပါသည်။
(နိမိတ်ကြီးလေးပါးကို တစ်နေ့ထဲမြင်ခြင်းမဟုတ်ပါ၊ လေးလတစ်ကြိမ် မြင်ခြင်းသာဖြစ်ပါသည်)
ရဟန်းနိမိတ်မြင်တော်မူသော ၀ါဆိုလပြည့်နေ့မှာပဲ ယသော်ဓရာမိဖုရားမှ သားတော်ရာဟုလာမင်းသားလေးကို ဖွားမြင်တော်မူပါသည်။
သားတော်ကို ကိုယ်တော်တိုင် ``ရာဟုလာ´´ဟု နာမည်ပေးတော်မူပါသည်။
မဟာသက္ကရာဇ်(၉၇)ခုနှစ် ၀ါဆိုလပြည့် တနင်္လာနေ့ညဥ့် သန်းခေါင်ယံအချိန်၌ (အိပ်ပျော်နေသော မိဖုရားနဲ့သားတော်လေးကို ကြည့်တော်မူပြီး) ဖွားဖက်တော် ``ဆန္ဒ´´အမတ်ကို နောက်တော်ပါခေါ်၍ ``ကဏ္ဍက´´မြင်းတော်ကိုစီး၍ တောထွက်တော်မူခဲ့ပါသည်။
`အနော်မာ´မြစ်ကမ်းသို့ရောက်သောအခါ ဆံတော်ကိုပယ်၍ ရဟန်းပြုတော်မူပါသည်။
(လမ်းခရီးကိုရှေ့မှပိတ်၍ မာရ်နတ်သည် `မင်းသားသည် ဒီနေ့မှစပြီးရေတွက်လျှင် ခုနှစ်ရက်မြောက်သောနေ့၌ စကြာင်္မင်းအဖြစ် ရောက်တော်မူပါလိမ့်မည် တောမထွက်ပါနှင့်´ ဟု လာတားပါသေးသည်)
ရဟန်းပြုတော်မူပြီးသော အလောင်းတော်ကို ၀ါဆိုလပြည့်ကျော် (၅)ရက်နေ့၌ `ဗိမ္ဖိသာရ´မင်းကြီးမှ `ပဏ္ဍ၀´တောင်ထိပ်၌ သူပိုင်ဆိုင်သော တိုင်းပြည်(အင်္ဂတိုင်းနှင့် မဂဓတိုင်းနှစ်ခု) အာဏာ စည်းစိမ် စစ်တပ်တို့ကို အလောင်းတော်အား လှုတော်မူပါသည်။ အလောင်းတော်က လက္ခံတော်မမူခဲ့ပါဘူး။ ဒီအခါမှာ မင်းကြီးက ဘုရားဖြစ်လျှင် သူ့တိုင်းပြည်ကို ပဌမဦးဆုံးကြွပေးဖို့ ပင့်ဖိတ်လိုက်ပါသည်။
ဒုက္ကရစရိယာကျင့်ပြီး (၆)နှစ်အကြာ မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ကဆုန်လဆန်း(၁)ရက်နေ့၌ `အတ္တကိလမထ´အကျင့်ကို ပယ်စွန့်တော်မူပါသည်။
ကဆုန်လဆန်း (၁၄)ရက်ညဥ့်၌ ``အိပ်မက်ကြီးငါးပါး´´ကို မက်တော်မူပါသည်။ ကိုယ်တော်တိုင် အတိတ်နိမိတ်ကောက်တော်မူပါသည်။
ကဆုန်လပြည့် ဗုဒ္ဒဟူးနေ့မနက်ခင်း၌ ``အဇပါလ´´ညောင်ပင်၏အောက်၌ ``သုဇာတာ´´သူဌေးကတော် လှုဒါန်းအပ်သော တစ်သိန်းတန်ရွှေခွက်နှင့် ထည့်ထားအပ်သော နို့ဃနာဆွမ်းကို ရွှေခွက်နှင့်တကွ ခံယူရရှိတော်မူပါသည်။
နို့ဃနာဆွမ်းကိုဘုဉ်းပေးပြီးသောအခါ၌ အဓိဋ္ဌာန်ပြု၍ ရွှေခွက်ကို ``နေရဉ္စရာ´´မြစ်၌ မျှောတော်မူပါသည်။
မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဒဟူးနေ့ နေမ၀င်မီပင် ``ဒေ၀ပုတ္တမာရ်´´ကို အောင်မြင်တော်မူပြီးနောက် ထိုနေ့ ညဥ့်ဦးယံဝယ် ``ပုဗ္ဖေနိဝါသနုဿတိဥာဏ်´´ မိုးသောက်ယံဝယ် ``အာသ၀က္ခယဥာဏ်´´တည်းဟူသော ``၀ိဇ္ဖာဥာဏ်´´သုံးပါးတို့ကို ရတော်မူ၍ ကဆုန်လပြည့်နေ့ မိုးသောက်ယံတွင် ``သဗ္ဖညုတဥာဏ်တော်´´ကို ရရှိတော်မူကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
ဘုရားအဖြစ်သို့ရောက်ရှိတော်မူပြီးနောက် ကဆုန်လပြည့်ကျော်(၁)ရက်နေ့ မနက်ခင်းအချိန်အခါဝယ် ``အနေကဇာတိသံသာရံ´´ စသော ဥဒါန်းတော်ကို အောင်မြင်ခံ့ညားစွာနဲ့ ကျူးရင့်တော်မူလိုက်ပါသည်။
သတ္တဋ္ဌာနစံတော်မူပြီး၍ ၀ါဆိုလဆန်း(၅) ရက် ဗုဒ္ဒဟူးနေ့တွင် ``ကြဇုသီး´´ ၀မ်းနှုတ်ဆေးဘုဉ်းပေးတော်မူ၍ ``တပုဿ´´(နောင်တော်) ``ဘလ္လိက´´(ညီတော်) တို့၏ ``မုန့်ကြွပ်ကျစ်နှင့် ပျားဆုပ်မုန့်´´တို့ကို အလှုခံတော်မူပါသည်။ ``ဒွေဝါစိကသရဏဂုံ´´ခံယူပြီးသော ညီနောင်နှစ်ဦးကို လက်ယာဘက်လက်တော်ဖြင့် ``ဆံတော်´´တို့ကို ချီးမြင့်တော်မူပါသည်။
(အဲဒီဆံတော်များသည် ရွှေတိဂုံစေတီတော်တွင် ယခုထိတိုင် သီးတင်းသုံးနေတော်မူဆဲဟု ပညာရှိသူတော်ကောင်း မထေရ်ကြီးတို့ထံမှ ပြောကြားခဲ့သည်ကို မှတ်သားခဲ့ဘူးပါသည်)
ဝါဆိုလဆန်း (၆)ရက် ကြာသပတေးနေ့ မနက်ခင်း၌ လင်းလွန်းပင်ရင်းမှ အဇပါလညောင်ပင်ရင်းသို့ တစ်ဖန်ကြွတော်မူပါသည်။ ညောင်ပင်ရင်း၌ ထိုင်တော်မူ၍ ``တရားမဟောတော့´´ဟု ကြံတော်မူပါသည်။ ``သဟမ္ဖတိ´´ဗြဟ္မာကြီးမှ တရားဟောပါရန် လာရောက်လျှောက်ထားတော်မူပါသည်။
ဝါဆိုလဆန်း(၁၄)ရက်နေ့အထိ ဗောဓိကုန်းအနီးပတ်ဝန်းကျင်၌ အလိုရှိတိုင်း သီတင်းသုံးတော်မူပြီး၍ ၀ါဆိုလပြည့်နေ့ မနက်ခင်းစောစောမှာ ပဉ္စ၀ဂ္ဂီတို့ကို တရားဦးဟောရန် မိဂါဝုန်တောသို့ ကြွချီတော်မူပါသည်။
မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ၀ါဆိုလပြည့် ညနေချမ်းအချိန်၌ မိဂဒါဝုန်တောသို့ ရောက်တော်မူပါသည်။
``မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ၀ါဆိုလပြည့် စနေနေ့ညနေချမ်းအချိန် အနောက်အရပ်သို့ အရောင်အ၀ါတို့ဖြင့်တောက်ပစွာ နေမင်းသည်ဝင်နေဆဲ အရှေကအရပ်က တောက်ပသောအရောင်အ၀ါတို့ဖြင့် လမင်းသည်ထွက်လာဆဲအချိန်တွင် `ဒွေမေ ဘိက္ခဝေ အန္တာ´ အစချီသော `ဓမ္မစက္ကပ၀တ္တနသုတ္တန်´ကို တရားဥိးဟောကြားသော ဘုရားရှင်၏ အသံတော်သည် ကမ္ဘာလောကအနှံ့အပြားသို့ စတင်ဖြန့်ကျက်လိုက်ပါတော့သည်´´
(သာယာအေးချမ်းလှသော ညနေချမ်းဝယ် လူနတ်ဗြဟ္မာတို့၏အကြားဝယ် တည်ငြိမ်အေးချမ်းစွာထိုင်တော်မူ၍ ဓမ္မစင်္ကြာတရားဟောနေဟန်ကို ဦးဇင်းစာရေးနေရင်းနဲ့ စိတ်ထဲကနေမှန်းမျှော်ကြည်ညိုပြိး ကြည်နူးလွန်းလို့ ကြက်သီးများ တစ်ဖြန်းဖြန်းထသွားမိပါသည်)
ဝါဆိုလပြည့်ကျော် (၅)ရက်နေ့၌ ``အနတ္တလက္ခဏသုတ္တန်´´ကို ဟောကြားတော်မူပါသည်။
ဝါဆိုလပြည့်ကျော်(၇)ရက်နေ့၌ ``အရှင်နာလက´´အား ``မောနေယျ´´အကျင့် ဟောကြားတော်မူပါသည်။
ဘုရားရှင်သည် ဘုရားဖြစ်ပြီး ``ပဌမဆုံးသောဝါကို´´ မိဂဒါဝုန်တော၌ ၀ါဆိုတော်မူပါသည်။ ၀ါကျွတ်၍ ပ၀ါရဏာပြုပြိးလျှင် မိဂဒါဝုန်တောမှ ဥရုဝေလတောသို့ ကြွတော်မူပြီး (၃)လပတ်လုံး သီးတင်းသုံးတော်မူပြီး တန်ခိုးပြာဋိဟာပေါင်း(၃၅၁၆)မျိုးတို့ကို ပြတော်မူပြိး ဥရုဝေလစသော ရသေ့တစ်ထောင်ကို ချေချွတ်တော်မူပါသည်။
ပြာသိုလပြည့်နေ့တွင် ရဟန္တာတစ်ထောင်ခြံရံကာ ရာဇဂြိုဟ်ပြည်သို့ ကြွကာ နှစ်လပတ်လုံး သီတင်းသုံးတော်မူပါသည်။
(ဗိမ္ဖိသာရမင်းကြိး၏ ဖိတ်ကြားချက်အရ ပဌမဆုံးကြွခြင်းဖြစ်သည်)
ပြာသိုလပြည့်ကျော်(၁)ရက်နေ့၌ မင်းကြိးမှ ``ဝေဠုဝန်´´ဥယျာဉ်တော်ကို လှုဒါန်းပါသည်။
ထိုနေ့မှာပဲ ကပိလ၀တ်နေပြည်တော်မှ ခမည်းတော်မင်းကြီးက သတင်းစကားကြားကာ အမတ်တစ်ထောင်ကို ဘုရားရှင်နေပြည်တော် သို့ ကြွတော်မူလာရန် အပင့်လွှတ်လိုက်ပါသည်။
ပြာသိုလပြည့်ကျော်(၂)ရက်နေ့၌ ``တိရောကုဋ္ဋသုတ္တန်´´ကို ဟောကြားတော်မူပါသည်။
တပိုတွဲလပြည့်နေ့၌ ဧဟိဘိက္ခု ဆဠဘိညဖြစ်တော်မူသော ရဟန္တာပေါင်း (၁၂၅၀)တို့ကို ``သြ၀ါဒပါတိမောက်´´ပြတော်မူပြီး ``အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့ကို `အဂ္ဂသာဝက´ ရာထူး အပ်နှင်းတော်မူပါသည်။
တပေါင်းလပြည့်နေ့၌ ``အရှင်ကာဠုဒါယီ´´မထေရ်သည် မြတ်စွာဘုရားအား ကပိလ၀တ်နေပြည်တော်သို့ ကြွတော်မူရန် ``အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ´´စသော ဂါထာခြောက်ဆယ်တို့ဖြင့် ပင့်လျှောက်တော်မူပါသည်။
မဟာသက္ကရာဇ်(၁၀၃)ခုနှစ် တပေါင်းလပြည့်ကျော်(၁)ရက်နေ့တွင် ရာဇဂြိုဟ်မှ ကပိလ၀တ်သို့ စတင်ထွက်ခွါတော်မူခဲ့ပါသည်။
မဟာသက္ကရာဇ်(၁၀၄)ခုနှစ် ကဆုန်လပြည့်ကျော်(၁)ရက်နေ့၌ ကပိလ၀တ်နေပြည်တော်သို့ ရောက်ရှိတော်မူပါသည်။
(ရာဇဂြိုဟ်နှင့် ကပိလ၀တ်တို့သည် ယူဇနာပေါင်း(၆၀)ဝေးကွာပါသည်။ ဘုရားရှင်သည် တစ်နေ့လျှင် တစ်ယူဇနာနှုန်းဖြင့် ကြွတော်မူရာ နှစ်လကြာမှ ကပိလ၀တ်နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်ပါသည်)
အဲဒီနေ့မှာပဲ ဆွေတော်မျိုးတော်များရဲ့ သန်မာလှသော မာနကိုချိုးနှိမ်ဖို့ရန် ရေမီးအစုံစုံ တန်းခိုးပြာဋိဟာကို ပြတော်မူပါသည်။
တန်ခိုးပြာဋိဟာပြနေစဉ် အရှင်သာရိပုတ္တရာသည် ဂိဇ္ဈကုဋ်တောင်မှ ရဟန္တာငါးရာနှင့် ကြွလာတော်မူပြီး ဘုရားရှင်အား ``ဗုဒ္ဒ၀င်´´ (ဘုရားဖြစ်တော်စဉ်) ဒေသနာတော် ဟောပါရန်တောင်းပန်သည့်အတွက် ``ကပ္ဖေစ သတသဟေဿ´´ အစရှိသော ဂါထာပေါင်း(၉၅၁)ဂါထာဖြင့် ဗုဒ္ဒ၀င်ကို ဟောတော်မူပါသည်။
ဒေသနာတော်အဆုံး၌ ``ပေါက္ခရ၀ဿမိုးကြီး´´ ရွာသွန်းလိုက်ပါတော့သတည်း။ (ပထမပိုင်း ပြီးပြီ)
(ဒုတိယပိုင်း)
မဟာသက္ကရာဇ် (၁၀၄)ခုနှစ် ကဆုန်လပြည့်ကျော်(၂)ရက်နေ့ ဘုရားရှင်သည် ကပိလ၀တ်နေပြည်တော်မှာ ပဌမဦးဆုံးအဖြစ် (ဘုရားရှင်အစဉ်အဆက်တို့၏ ဓမ္မတာကို မစွန့်သောအားဖြင့်) ဆွမ်းခံလှည့်လည်တော်မူပါသည်။
ဆွမ်းခံကြွနေတဲ့ဘုရားရှင်ကို ယသော်ဓရာမိဖုရားဟာ လေသောက်ပြတင်းမှ မြင်ပြီး ``နရသီဟ(၁၀)´´ဂါထာဖြင့် ဘုရားရှင်၏ ရူပကာယ ဂုဏ်ကျေးဇူးများကို ဖော်ကျူးမြွက်ဆိုလိုက်ပါတေ့တယ်။
အဲဒီနေ့မှာပဲ သားတော်ရာဟုလာမင်းသားလေးသည် ဖခည်းတော်ဘုရားရှင်ကို ပဌမဆုံးအကြိမ် မြင်တွေ့ခွင့်ရပါသည်။
(ဆွမ်းခံကြွနေတဲ့ ဘုရားရှင်ကို ယသော်ဓရာမိဖုရားမှ အဲဒီရှေ့ဆုံးကသူဟာ သင့်ဖခည်းမည်းတော်ဖြစ်တယ်လို့ ပြောပြတာပါ)
ဒီနေ့မှာပဲ ခမည်းတော် သုဒ္ဒေါဒနမင်းကြီး သောတာပန် သကဒါဂါမ် အဆင့်ဆင့်တည်ပြီး မိထွေးတော်ဂေါတမီသည် သောတာပန်တည်သွားခဲ့ပါသည်။ တစ်ဖန် ဒီနေ့မှာပဲ ယသော်ဓရာ၏ ဂုဏ်ကျေးဇူးတို့ကို ဖော်ကျူးသောအားဖြင့် ``စန္ဒကိန္နရီဇာတ်တော်´´ ကို ဟောကြားတော်မူပါသည်။
ကဆုန်လပြည့်ကျော် (၃)ရက်နေ့၌ ညီတော်နန္ဒမင်းသားကို ရဟန်းပြုပေး၍ လပြည့်ကျော်(၇)ရက်နေ့၌ အမွေးတောင်းလာသော သားတော်ရာဟုလာမင်းသားလေးကို ရှင်သာမဏေပြုပေးလိုက်ပါသည်။
(ဘုရားရှင်၏ ဆွေတော်မျိုးတော်တို့သည် အဖေဘက်မှ ရှစ်သောင်း အမေဘက်မှ ရှစ်သောင်း ပေါင်း တစ်သိန်းခြောက်သောင်းရှိပါသည်။)
ဘုရားရှင်သည် ကပိလ၀တ်နေပြည်တော်မှ ပြန်ကြွ၍ ဝေဠုဝန်ကျောင်းတိုက်၌ ဒုတိယ၀ါဆိုတော်မူပါသည်။ ဤ၀ါတော်အတွင်းမှာပဲ သာကီဝင်မင်းသာ(၆)ယောက်မှ အရှင်ဘဒ္ဒိယသည် ရဟန္တာဖြစ်တော်မူပါသည်။
ဤဒုတိယ၀ါတော်အတွင်းမှာပဲ သားတော်ရာဟုလာအား ``အမ္ဖလဋ္ဌိကရာဟုလောဝါဒသုတ္တန်´´ကို ဟောတော်မူပါသည်။
တစ်ခါ အနာထပိဏ်သူဌေးကြီးနှင့်လည်း ဤဒုတိယ၀ါဆိုပြီးသော (၀ါကျွတ်သောအချိန်လောက်) နှစ်မှာပင် တွေ့တော်မူ၍ ``သာမုက္ကံသိက´´ဒေသနာတော်ဟောကြားရာ အနာထပိဏ်သူဌေးကြီး သောတာပန်တည်သွားခဲ့ပါသည်။
ဤသို့လျှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်.......
(၁)ပဌမ၀ါတော်ကို မိဂဒါဝုန်တော်၌လည်းကောင်း
(၂. ၃. ၄ )ဒုတိယ တတိယ စတုတ္ထ၀ါတော်တို့ကို ဝေဠုဝန်ကျောင်းတော်၌လည်းကောင်း
(၅) ပဉ္စမ၀ါတော်ကို မဟာဝုန်တော်၌လည်းကောင်း
(၆) ဆဋ္ဌမ၀ါတော်ကို မကုဠချယားတော၌လည်းကောင်း (အညာမှာ ခရေပင်ကို ချယားပင်ဟုခေါ်ဆိုကြပါသည်)
(၇) သတ္တမ၀ါတော်ကို (မယ်တော်ဖြစ်ခဲ့ဘူးသော နတ်သားအား ကျေးဇူးဆပ်သောအားဖြင့်) အဘိဓမ္မာတရားတော်ဟောကြားရင်း တာဝတိသာနတ်ပြည်၌ လည်းကောင်း
(၈) အဋ္ဌမ၀ါတော်ကို သုသုမာရဂိရပြည် ပဲစင်းငုံဘေးမဲ့တော၌လည်းကောင်း
(၉) န၀မ၀ါတော်ကို ကောသမ္ဖီပြည် ဃောသိတာရုံကျောင်း၌လည်းကောင်း
(၁၀) ဒသမ၀ါတော်ကို (ပါလိလေယျကဆင်းမင်း၏ ပြုစုလုပ်ကျွေးမှုကို ခံယူတော်မူ၍) ပါလိလေယျကတောအုပ်၌လည်းကောင်း
(၁၁) ဧကာဒသမ၀ါတော်ကို နာဠပုဏ်ဏားရွာ နာဠိကာရုံကျောင်းတိုက်၌လည်းကောင်း
(၁၂) ဒွါဒသမ၀ါတော်ကို ဝေရဉ္ဖာပြည် တမာပင်၏အနီး၌လည်းကောင်း
(၁၃) တေရသမ၀ါတော်ကို စာလီယပြည် ဇန္တုရွာ စာလီယတောင်ကျောင်း၌လည်းကောင်း
(၁၄) စုဒ္ဒမ၀ါတော်ကို ကောသလတိုင်း သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌လည်းကောင်း
(၁၅) ပန္နရသမ၀ါတော်ကို သက္ကတိုင်း ကပိလ၀တ်၌လည်းကောင်း (ဘုရားရှင်သည် ပဌမအကြိမ် ကပိလ၀တ်ကြွတော်မူခဲ့စဉ်က ၀ါမဆိုခဲ့ပါ)
(၁၆) သောဠသမ၀ါတော်ကို အာဠာဝီပြည် အဂ္ဂါဠ၀နတ်ကွန်း၌လည်းကောင်း
(၁၇) သတ္တရသမ၀ါတော်ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌လည်းကောင်း
(၁၈. ၁၉) အဋ္ဌာရသမ၀ါတော်နှင့် ဧကူန၀ီသတိမ၀ါတော် နှစ်ဝါဆက်တိုက်ကို စာလီယတောင်ကျောင်း၌လည်းကောင်း
(၂၀) ၀ီသတိမ၀ါတော်ကို ဝေဠုဝန်ကျောင်း၌လည်းကောင်း
(ဤကား ပဌမဗောဓိအတွင်း အနိဗဒ္ဒ(အမြဲမရှိသော) ၀ါဆိုတော်မူရာ ဌာနများဖြစ်ကြပါသည်)
ထိုနောင် (၂၁-၄၄) အထိ ၀ါတော်များကို ကောသလတိုင်း သာဝတ္ထိပြည်၌ရှိသော ဇေတ၀န်ကျောင်းတော် ပုဗ္ဖာရုံကျောင်းတော်တို့၌ အမြဲသီးတင်းသုံး၍ ၀ါကပ်တော်မူပါသည်။
(ဘုရားရှင်သည် ချေချွတ်ထိုက်သည့် ဝေနေယျသတ္တ၀ါများရာဒေသတို့၌ ၀ါဆိုဝါကပ်ပြုတော်မူပါသည်။ ဘုရားရှင်သည် ၀ါဆိုရာအရပ်၌ ၀ါဆိုလပြည့်ကျော်(၁)ရက်နေမှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ လေးလပတ်လုံးသီးတင်းသုံး၍ ကျန်ရှစ်လပတ်လုံး ဝေနေယျတို့အ ကျိုးငှါ ဒေသစာရီကြွချီတော်မူပါသည်။
သက္ကရာဇ် (၁၀၃)ခုနှစ်၌ ပဌမ၀ါ သက္ကရာဇ် (၁၀၄)ခုနှစ်၌ ဒုတိယ၀ါ စသည်ဖြင့် သက္ကရာဇ်နှင့်ဝါတော်တို့ကို အစဉ်အတိုင်းသိတော်မူကြပါ)
ဤသို့လျှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် နှစ်ပေါင်း(၄၄)နှစ်ကာလပတ်လုံး ဝေနေယျတို့အား မနေမနားတရားရေအေး အမြိုက်ဆေးတိုက်ကျွေးတော်မူပါသည်။ (ဒုတိယပိုင်းပြီးပြီ)
(တတိယပိုင်း)
ဘုရားရှင်သည် ဝေနေယျသတ္တ၀ါတို့ကိုချေချွတ်ရင်း ဝေသာလီပြည်အနီး၌ရှိသော ဝေဠုဝရွာငယ်လေးသို့ ဆိုက်ရောက်တော်မူ လာခဲ့ပါသည်။
မဟာသက္ကရာဇ်(၁၄၇)ခုနှစ် ၀ါဆိုလပြည့်နေ့လောက်တွင် ရဟန်းတော်တို့အား ဝေသာလီပြည်အနီးရှိ အသိမိတ်ဆွေရဟန်းများရှိသော ကျောင်းတိုက်တို့၌ သွားရောက်ဝါဆိုခိုင်းတော်မူပါသည်။
(ဝေဠုဝရွာဟာ ရွာငယ်လေးမို့ ရဟန်းတော်များအတွက် ဆွမ်းအလုံအလောက်မရရှိနိုင်လို့ပါ)
ဝါဆိုပြီးမကြာခင်မှာပင် (ဆယ်ရက်အတွင်းလောက်) ဘုရားရှင်အားချက်ခြင်း ပရိနိဗာန်စံလောက်တဲ့ ဝေဒနာဆိုးကြီးဖြစ်ပေါ်လာခဲ့ပါသည်။ ထိုဝေဒနာအား ဖလသမာပါတ်ဝင်စား၍ (၁၀)လအတွင်း တဖန်ပြန်မဖြစ်ပါစေသား ဟု အဓိဋ္ဌာန်ပြု၍ တားမြစ်တော်မူပါသည်။
(အကျယ်သိလိုက မင်းကွန်းဆရာတော်ကြီး၏ မဟာဗုဒ္ဒ၀င်တော်ကြီး ပဉ္စမတွဲ စာမျက်နျာ-၃၀၉တွင် ဖတ်ရှု့နိုင်ပါသည်။)
ဘုရားရှင်သည် ၀ါကျွတ်လျှင် သာဝတ္ထိမြို့သို့ တစ်ဖန်ပြန်ကြွတော်မူပါသည်။ တန်ဆောင်မုန်းလဆန်း (၈)ရက်နေ့လောက်တွင် သာဝတ္ထိသို့ ရောက်တော်မူပါသည်။
အရှင်သာရိပုတ္တရာသည် မိမိ၏အသက်ကိုဆင်ခြင်ကြည့်ရာ ခုနှစ်ရက်သာကျန်တော့ကြောင်း သိတော်မူ၍ ဘုရားရှင်အားခွင့်ပန်ကာ မိမိမွေးဖွားရာဇာတိဖြစ်သော ရာဇဂြိုဟ်ပြည်နယ် နာဠကရွာသို့ (၇)ရက်ဖြင့် အရောက်ကြွတော်မူပါသည်။ မယ်တော်ကြီးအား သောတာပန်တည်စေတော်မူကာ တန်ဆောင်မုန်းလပြည့်နေ့ နံနက်စောစောအချိန်၌ ပရိနိဗာန်ပြုတော်မူပါသည်။
အရှင်မဟာမောဂ္ဂလာန်သည် ရာဇဂြိုဟ်ပြည် က္ကသိဂိလိတောင်ယံ ကာဠသိယာကျောက်ဖျာထက်၌ တန်ဆောင်မုန်းလကွယ်နေ့တွင် ပရိနိဗာန်စံဝင်တော်မူပါသည်။
မှတ်ချက်။ ။ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၌ ကဆုန်လပြည့်နေ့၌ ဘုရားဖြစ်တော်မူပါသည်။ ထိုနှစ် တပိုတွဲလဆန်း (၁)ရက်နေ့၌ အဂ္ဂသာဝကနှစ်ပါး ရဟန်းပြုကြ၍ လဆန်း(၇)ရက်နေ့၌ အရှင်မောဂ္ဂလာန် ရဟန္တာဖြစ်တော်မူ၍ လပြည့်နေ့၌ အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်တော်မူရာ ဘုရားရှင် (၄၅)၀ါရပြီးသည်ဖြစ်ရာ အဂ္ဂသာဝကနှစ်ပါးသည်လည်း (၄၄)၀ါဆီ ရပြီးဖြစ်ကြပါသည်။
ဘုရားရှင်သည် တပေါင်းလပြည့်နေ့၌ ဝေသာလီပြည် စာပါလစေတီ၌ အရှင်အာနန္ဒာအား ပရိနိဗာန်စံဝင်တော့မည့် အရိပ်နိမိတ်များ သုံးကြိမ်သုံးခါပြတော်မူပါသည်။
(သို့သော် မာရ်နတ်၏နှောက်ယှက်လှည့်ဖြားခြင်းကို ခံထားရသောကြောင့် အရှင်အာနန္ဒာသည် မရိပ်မိခဲ့ပါ)
မကြာခင် (အရှင်အာနန္ဒာ ဘုရားရှေ့မှထွက်သွားပြိး မကြာသောအချိန်လေးမှာ) မာရ်နတ်သည် ဘုရားရှင်ပရိနိဗာန်စံဝင်ဖို့ လာရောက်လျှောက်ထားပါသည်။ မာရ်နတ်ပြန်သွားပြီးမကြာခင်မှာ အာယုသခါင်္ရလွှတ်တော်မူပါသည်။
လပြည့်ကျော်(၁)ရက်နေ့၌ ဝေသာလီပြည်ကို နောက်ဆုံးကြည့်တော်မူခြင်းဖြင့် ကြည့်တော်မူပါသည်။
မဟာသက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့် အဂါင်္နေ့နံနက်ခင်းတွင် ပါဝါပြည် စုန္ဒရွှေပန်းထိမ်သည်၏ သူကရမဒ္ဒ၀မည်သော ဆွမ်းကိုဘုဉ်းပေးတော်မူပါသည်။
(ဤဆွမ်းကား ဘုရားရှင်နောက်ဆုံးဘုဉ်းပေးတော်မူသော ဆွမ်းဖြစ်ပါသည်။ ဤမှနောက်၌ ပရိနိဗာန်စံဝင်သည့်တိုင်အောင် ဆွမ်းမဘုဉ်းပေးတောပါ)
ဘုရားရှင်သည်စုန္ဒရွှေပန်းထိမ်သည်၏ ဆွမ်းကိုဘုဉ်းပေးပြီးသောအခါ ကုသိနာရုံပြည်သို့ ကြွတော်မူပါသည်။ လမ်းခရီးအကြား၌ ပုက္ကုသ-မလ္လမင်းသားသည်လှုအပ်သော သင်္ကန်းကိုလှုခံရရှိတော်မူပါသည်။(ဤသင်္ကန်းကို ၀တ်ရုံခြင်းသည် ဘုရားရှင်၏ နောက်ဆုံးတင့်တယ် စံပါယ်တော်မူခြင်းဖြစ်ပါသည်)
ဘုရားရှင်သည် ကကုဓာမြစ်သို့ရောက်သောအခါ ရေချိုးတော်မူပါသည်။ (ဘုရားရှင်၏ နောက်ဆုံးရေချိုးခြင်းဖြစ်ပါသည်)
ဘုရားရှင်၏ ရေသနုပ်တော်လှန်းပြီးပြန်လာသော အရှင်အာနန္ဒအား ``ချစ်သားအာနန္ဒာ `တစ်စုံတစ်ယောက်သောသူသည် အချင်းစုန္ဒ သင်၏ဆွမ်းကို နောက်ဆုံးဘုဉ်းပေးတော်မူ၍ ဘုရားရှင် ပရိနိဗာန်ပြုတော်မူရသည် သင့်အား လာဘ်မကောင်းလေစွ အရမတော်မလေစွ ´ ဟုပြောကြားကြလျှင် စုန္ဒသည်နှလုံးမသာမယာဖြစ်လိမ့်မည်။ သင်ချစ်သားသည် ထိုအခါ၌ ဤကဲ့သို့ တရားဟောပါဟု နည်းလမ်းပေးတော်မူပါသည်။
ဤသို့လျှင် (ညနေစောင်းလောက်) ကုသိနာရုံပြည် အင်ကြင်းတော၌ ရောက်တော်မူလာသော ဘုရားရှင်သည်---
သံဝေဇနိယလေးဌာနတို့ကို ဟောကြားတော်မူခြင်း
အရှင်အာနန္ဒာမေးလျှောက်သော အသေးစိတ်မေးခွန်းတို့ကို ဖြေကြားတော်မူခြင်း
စေတီတည်ထိုက်သော ပုဂ္ဂိုလ်လေးမျိုးကို ဟောကြားတော်မူခြင်း
မဟာသုဒဿနသုတ္တန်တော်ကြီးကို ဟောကြားတော်မူခြင်း
အရှင်အာနန္ဒာ၏ ဂုဏ်ကျေးဇူးများနှင် အံ့ဖွယ်ဂုဏ်လေးပါးကို ဟောကြားတော်မူခြင်း
သုဘဒ္ဒပရဗိုဇ်အား ချေချွတ်တော်မူခြင်း
နောက်ဆုံးသြ၀ါဒတော်မြွက်ကြားတော်မူခြင်းစသော လုပ်ငန်းပေါင်းများစွာကို ပရိနိဗာန်မပြုခင် အချိန်ပိုင်းလေးအတွင်းမှာ အံ့မခန်းလုပ်ဆောင်တော်မူပါသည်။
ဘုရားရှင်သည် ``ရဟန်းတို့ တစ်စုံတစ်ယောက်သော ရဟန်း၏စိတ်ဝယ် `ဘုရားဟုတ်လေသလော ဘုရားမဟုတ်လေသလော
တရားကောင်း ဟုတ်လေသလော တရားကောင်းမဟုတ်လေသလော
သံဃာစစ်ဟုတ်လေသလော မဟုတ်လေသလော
နိဗာန်ရောက်ကြောင်းမဂ်အစစ် ဟုတ်လေသလော မဟုတ်လေသလော´ ဟု ဘုရား၌ဖြစ်စေ တရား၌ဖြစ်စေ သံဃာ၌ဖြစ်စေ အကျင့်၌ဖြစ်စေ မဂ်၌ဖြစ်စေ ယုံမှားသံသယရှိနေလျှင် မေးမြန်းကြလော့ `ဘုရားရှင်ကို ငါတို့မိလိုက်ပါရဲ့နဲ့ မမေးရဲလို့ မမေးလိုက်ရဘူးလို့ သင်ချစ်သားတို့အား နောင်တတစ်ဖန်ပူပန်ခြင်းမဖြစ်ရအောင် မေးကြလော့´´ ဟု သုံးကြိမ်သုံးခါ မိန့်ကြားတော်မူပါသည်။ ရဟန်းတော်အားလုံးသည် ဆိတ်ဆိတ်သာနေတော်မူကြပါသည်။
ဒီအခါမှာဘုရားရှင်က ``သင်တို့သည် ငါတို့ကား ဘုရားရှင်၏တပည့်သားများဖြစ်ကြသည်။ ငါတို့၏ ပစ္စည်းလေးပါးတို့သည် ဘုရားရှင်၏ ဥစ္စာတို့သည်ဖြစ်ကြသည် စသဖြင့်တွေးပြီး ဘုရား၌ရိုသေခြင်းကြောင့် မမေးရဲကြဘူးဆိုရင် အနားမှာရှိတဲ့ကိုယ့်အချင်းချင်းကို မေးကြပါ´´ လို့ မိန့်ကြားတော်မူပြန်ပါသည်။
(ဘုရားရှင်၏ စိတ်သဘောထားသည်ကား ကြီးကျယ်မြင့်မြတ်တော်မူပါပေစွတကား)
ဤသို့လျှင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် နောက်ဆုံးသြ၀ါဒများမိန့်ကြားတော်မူကာ ``မမေ့မလျော့သော သတိတရားဖြင့် သင်ချစ်သားတို့ နေထိုင်ကြလော့´´ဟု နောက်ဆုံးရဲ့နောက်ဆုံးဖြစ်သော သြ၀ါဒတော်ကိုမိန့်ကြားတော်မူကာ ``မဟာသက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့် အဂ်ါနေ့ညဥ့်သန်းလွဲ ပစ္ဆိမယံ၌ မလ္လတိုင်း ကုသိနာရုံပြည် အနီး အင်းကြင်းတော၌ ပရိနိဗာန်စံဝင်တော်မူ ခဲ့ပါသည်။
..............................................................................အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)
(စာစီစာရိုက် ကောင်းကောင်းမတတ်ခင် လွန်ခဲ့နှစ်နှစ်ခန့်က စာရိုက်ခဲ့တဲ့ပို့စ်မို့ တချို့စာလုံးပေါင်းတွေ မှားနေပါတယ်။ အချိန်ရမှ ပြန်ပြင်ပေးပါမယ်)
မန္တလေး၌ သာသနာတော်အား သုတ်သင်သန့်ရှင်းရေးကို စတင်ဆောင်ရွက်နေပြီ..
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့၏ သြဝါဒကို ခံယူလျက် ချမ်းအေးသာစံမြို့နယ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (သ.ထ.ဖ) ဆရာတော်များက စက်တင်ဘာ ၅ ရက်ည ၁၀ နာရီခွဲအချိန်တွင် ၈၅ လမ်း၊ ၂၉ လမ်းနှင့် ၃၀ ကြားတွင် တုတ်ကိုင်ရမ်းကားနေသော ရဟန်းနှစ်ပါးအား လူဝတ်လဲစေပြီး အရေးယူပေးရန် သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ အရေးယူဆောင်ရွက်ရသည့် အကြောင်းမှာ သာသနာတော်ကို ညှိုးနွမ်းအောင် ပြုလုပ်ခြင်းကြောင့် ဖြစ်ပြီး ဆက်လက်၍လည်း မိမိတို့ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သ.ထ.ဖ အဖွဲ့မှ ဆရာတော်များက မိန့်ကြားသည်။
ထို့အပြင် စက်တင်ဘာ ၂ရက်က မန္တလေးဈေးချိုအနီးတွင် အသက်ကြီးမှ ရဟန်းဝတ်ကာ ခြေကျိုးချင်ယောင်ဆောင်ပြီး အလှူခံနေသော ကိုယ်တော်တစ်ပါးကို လူဝတ်လဲစေခဲ့ကြောင်း၊ ယင်းနေ့က ဈေးချိုတော်တွင် အလှူခံနေသော ရဟန်းခုနစ်ပါး၊ သာမဏေ ၁၅ ပါး၊ သီလရှင်လေးပါး အားလည် ဝိနည်းတော်နှင့် အညီ အရေးယူခဲ့ကြောင်း အထက်ပါ ဆရာတော်များက မိန့်သည်။
ဆက်လက်၍ လည်း မန္တလေးဘူတာကြီးအတွင်း ကျိန်းစက်နေခြင်းနှင့် ရထားပေါ်တွင် အလှူခံစာအိတ်ပေးကာ အလှူခံခြင်းများ ပြုလုပ်သော ရဟန်းများ၊ သာမဏေများကိုလည်း လူဝတ်လဲစေခြင်း၊ ဝိနည်းတော်နှင့် အညီ အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သ.ထ.ဖ အဖွဲ့မှ ဆရာတော်များက မိန့်ကြားသည်။
အဆိုပါ ထိန်းသိမ်းအရေးယူခဲ့သော ရဟန်းများမှာ ငယ်ဖြူများမဟုတ်ကြဘဲ သာသနာတော်ကို ခုတုံးလုပ်ကာ အများပြည်သူနှင့် သာသနာတော်ကို ငြိုငြင်အောင် ပြုမူရမ်းကားသူများဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် သံဃနာယက အဖွဲ့ထံမှ သတင်းရရှိကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
ဒလိုင်းလားမားေ၇ွှတိဂုံစေတီတော် ဖူးမြင်နိုင်ရန် သီတဂူဆရာတော်ကြီး စီစဉ်လျှက်ရှိ..
သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက တိဘက် ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား ကို မြန်မာနိုင်ငံသို့ ဘုရားဖူးလာရောက်နိုင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဒလိုင်းလားမားနှင့် သီတဂူဆရာတော် အရှင်ဉာဏိသရ တွေ့ဆုံစဉ် (ဓာတ်ပုံ - သီတဂူ ဘလော့ဂ်မှ)
“ဒီကိစ္စ တဆင့်ပြီး တဆင့် ဘုန်းကြီး စီစဉ်သွားမှာပါ”ဟု ဒေါက်တာ အရှင်ဉာဏိဿရက The Wall Street Journal သို့ ယမန်နေ့က ပြောကြားသည်။
ဆရာတော် အရှင် ဉာဏိဿရသည် ဒလိုင်းလားမားကို လာမည့် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပြီး ရွှေတိဂုံ ဘုရားကို ဖူးမြော်နိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ဒလိုင်းလားမားကို ဖိတ်ခေါ်ရေးအတွက် ခွင့်ပြုချက် ရရန် မြန်မာအစိုးရထံ ချဉ်းကပ်ဆောင်ရွက်နေကြောင်းလည်း ဆရာတော်က ဆက်လက် ပြောကြားသည်။
ဘုန်းတော်ကြီး ဒလိုင်းလားမားသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်၍ ရွှေတိဂုံဘုရားအား ဖူးမြော်လိုသည်ဟု အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မကြာသေးမီက ကျင်းပခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံ၌ ရွှေကျင် သာသနာပိုင် ၀ါဆို ဆရာတော်ကြီးနှင့် တွေ့ဆုံစဉ် လျှောက်ထားခဲ့သည်။
ထိုစဉ်က ၀ါဆိုဆရာတော်ကြီးက ပြန်လည်၍“ဖိတ်ကြားလို့ ဖြစ်သည့်အခါ ဖိတ်ကြားပါမည်၊ လာရောက်ဖူးမြော်ဖို့ သင့်လျော်သည့် အခါ ရွှေတိဂုံ စေတီတော်ကို ဖူးမြော်လှည့်ပါ”ဟု မိန့်ကြားခဲ့သည်။
တိဘက်လွတ်မြောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုံ့ဆော်မှု အကြောင်းပြချက်ဖြင့် ဒလိုင်းလားမား၏ ပြည်ပခရီးစဉ်များ အပေါ် တရုတ်အစိုးရက အစဉ်တစိုက် ဖိအားပေး ပိတ်ပင်ခဲ့ကြောင်း၊ ထို့ကြောင့် ၄င်းအနေဖြင့် ပြည်ဝင်ခွင့် ဗီဇာရရေး အတွက် အခွင့် အလမ်း နည်းပါးကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်ကိုလည်း The Wall Street Journal တွင်ဖော်ပြထားသည်။
လွန်ခဲ့သည့် အောက်တိုဘာလကလည်း တရုတ်နိုင်ငံက ၄င်းနှင့် ကုန်သွယ်မူ ဆက်ဆံရေးနီးနီးကပ်ကပ်ရှိနေသည့် တောင် အာဖရိက နိုင်ငံအား ဒလိုင်းလားမား၏ ဗီဇာတောင်းခံမူကို လက်မခံရန် ဖိအားပေးခဲ့သည့်အတွက် ဒလိုင်းလားမားကို ဗီဇာငြင်း ဆိုခဲ့သည်။
တရုတ်နိုင်ငံနှင့် ရင်းနှီးမြုပ်နှံမှု အပါအ၀င် သံတမန်ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်း ရှိနေသည့် မြန်မာနိုင်ငံသည်လည်း တရုတ် အစိုးရနှင့်ဆက်ဆံရေး ထိခိုက်ခံမည်မဟုတ်ကြောင်း လေ့လာသူများက ထောက်ပြထားသည်ကို The Wall Street Journal အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
“ကမ္ဘာတ၀န်းက ဗုဒ္ဓဘာသာခေါင်းဆောင်အားလုံးကို မြန်မာနိုင်ငံက ဘာသာရေး ခေါင်းဆောင် တဦးအနေနဲ့ ဖိတ်ခေါ်ပိုင်ခွင့်ရှိတယ်။ ဘုန်းကြီးလည်း ဆရာတော် ဒလိုင်းလားမားကို ဖိတ်ခေါ်မယ်”ဟု အရှင် ဉာဏိဿရက ယင်းဂျာနယ်ကို ပြောသည်။
၂၀၀၄ ခုနှစ်က ကမ္ဘာ့ ဗုဒ္ဓဘာသာ ထိပ်သီးညီလာခံတခုကို မြန်မာနိုင်ငံတွင်ကျင်းပခဲ့စဉ် ဆရာတော် အရှင် ဉာဏိဿရ က တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားကို မြန်မာအစိုးရက တက်ရောက်ခွင့်ပေးမည်ဟု မျှော်လင့်ခဲ့သော်လည်း တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။
သမ္မတ အကြံပေးတဦးဖြစ်သူ ဦးကိုကိုလှိုင်က ဒလိုင်းလားမား မြန်မာနိုင်ငံသို့ အလည်လာရေးအပေါ် မြန်မာအစိုးရအနေဖြင့် မည်ကဲ့သို့ သဘောထားမည်ကို မသိကြောင်း၊ အခွင့်အလမ်းနည်းသည်ဟု သူ့တဦးတည်းအနေဖြင့်ထင်မြင်ကြောင်း တရုတ် အစိုးရကလည်း အထိအခိုက်မခံကြောင်း၊ ဘာသာရေးအနေဖြင့် ပြဿနာမရှိသော်လည်း နိုင်ငံရေး ရှုထောင့်မှ အငြင်းပွားဖွယ် ရာများ ရှိကြောင်း သမ္မတ အကြံပေးတဦးအနေနှင့်မဟုတ်ဘဲ မှတ်ချက်ပေးထားသည်ကို The Wall Street Journal တွင်ဖော် ပြခဲ့သည်။
“ဘုန်းကြီးက မြန်မာအစိုးရနဲ့ပဲ စကားပြောမယ်။ တရုတ်အစိုးရနဲ့ ဘုန်းကြီးအနေနဲ့ ပြောစရာ မလိုဘူး။ မြန်မာအစိုးရက ဒီကိစ္စ တရုတ်ကွန်မြူနစ်အစိုးရနဲ့ ဆွေးနွေးမယ်ဆိုရင် ကြာသွားမယ်”ဟုလည်း အရှင်ဉာဏိဿရက ပြောဆိုထားသည်။
၁၉၉၃ ခုနှစ်တွင် ဒလိုင်းလားမား အပါအ၀င် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင်များသည် ထိုင်းနိုင်ငံသို့လာရောက်၍ မြန်မာ့ ဒီမိုကရေစီ အရေးနှင့် ထိုစဉ်က နေအိမ်အကျယ်ချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ဖူးသည်။
ထိုစဉ်က တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ထိုင်းအစိုးရက ဒလိုင်းလားမားကို ထိုင်းနိုင်ငံတွင် ၂၄ နာရီသာ နေထိုင်ခွင့် ဗီဇာပေးခဲ့သည်။
ဗ
၁၉၈၉ ခုနှစ်က ဒလိုင်းလားမားကို ငြိမ်းချမ်းရေး နိုဗဲလ်ဆုပေးအပ်ပွဲ အခမ်းအနားကျင်းပသည့် နော်ဝေးနိုင်ငံနှင့် ဆုရွေးချယ်ရေး အဖွဲ့ကိုလည်း တရုတ် အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးသည်။
(ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြပေးပါသည်)
ယောကျာင်္လေးပဲကွာ အရှုံးမရှိပါဘူး..
ဟေ့ကောင် အ,မနေနဲ့ မင်းမစားရင် သူများစားသွားမှာ။ ဒီအချိန် ဒီနေရာချိန်းထားတာကို လာရင် အစားခံချင်လို့ပဲ။ သူလဲ ချေးစားပြီး ဒီအရွယ်ရောက်လာတာမှ မဟုတ်တာ။ ဒီအချိန် ဒီနေရာ ချိန်းတာဟာ စားချင်လို့ဆိုတာ သူလဲ သိကိုသိတယ်။ သိရဲ့သားနဲ့ လာတာ အစားချင်ခံလို့ပဲ။ ကွိုင်မရှိဘူး။ လုပ်သာလုပ်ဟေ့ကောင်။ ကြောက်မနေစမ်းပါနဲ့ကွာ။ ယောကျာင်္းပဲ အရှုံးမရှိပါဘူး။
ကောင်မလေးနဲ့ ချိန်းပြီး ဘာမှ မလုပ်ခဲ့ပဲ စကားပြောပြီးတော့ ပြန်လာတဲ့ ၁၈/၁၉အရွယ် ကောင်လေးကို အသက်၃၅နှစ်လောက်ရှိတဲ့ ယောကျာင်္းတစ်ယောက်က အားမလို အားမရနဲ့ ပြောနေတဲ့ စကားတွေပါ။
ဒီစကားတွေနဲ့အတူ တဆက်ထဲမှာပဲ ဘယ်နေရာကို ဘယ်လိုကိုင်ရတယ်။ ဘယ်လိုလုပ်ရတယ်။ ဘယ်လိုကိုင် ဘယ်လိုလုပ်လိုက်ရင် သူဘယ်လိုဖြစ်သွားပြီး မင်းကို စွဲသွားမယ်ဆိုတာတွေပါ အသေးစိတ် ဆက်သင်နေပါသေးတယ်။ ဘေးနားက ဘုန်းကြီးတွေကို ရှိတယ်လို့တောင် ထင်ဟန်မတူပါဘူး။
အံ့သြစရာကောင်းတာက သူ့မှာလဲ ၉တန်းတက်နေတဲ့ မကြာခင် အရွယ်ရောက်တော့မယ့် သမီးလေးတစ်ယောက်ရှိပါတယ်။ သမီးမိန်းကလေး တစ်ယောက်ရှိတဲ့ ဖခင်လုပ်သူက ဒါမျိုးစကားတွေကို မြိန်ရေယှက်ရေ ပြောဆိုတာနေတာ ကြားမိတော့ တကယ်ကို အံ့သြမိပါတယ်။
ဒီကောင်လေးနဲ့ သူ့သမီလေးနဲ့ ချစ်သူတွေ ဖြစ်မသွားနိုင်ဘူးလား။ သူသင်ပေးတဲ့ နည်းလမ်းတွေနဲ့ သူ့သမီးလေးကို အညွန့်ချိုးမသွားနိုင်ဘူးလား။ ဒါတွေကို သူမစဉ်းစားမိတာလား။ စဉ်းစားမိရဲ့သားနဲ့ ပြောနေတာလားဆိုတော့ သူပဲ သိပါလိမ့်မယ်။
“ယောကျာင်္းပဲ အရှုံးမရှိပါဘူး”ဆိုတဲ့ စကားကို ဦးဇင်းက သေချာစဉ်းစားကြည့်ပါတယ်။
ယောကျာင်္းမို့ အရှုံးမရှိဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အရှုံးရှိပါတယ်။ ရှုံးတာမှ နည်းနည်းနောနော အရှုံးမဟုတ်ပါဘူး။
မိစ္ဆာစာရ ကျူးလွန်ကလည်း မုန်းကြသူများ ရန်သူပွား၍ ရှားပါးလာဘ်တိတ် ချမ်းသာဆိတ်၏။
ဣတ္ထိပဏ္ဍုတ် မျိုးယုတ်ခါခါ မျက်နှာမလှ အရှက်ရ၍ လက္ခဏဣနြေ္ဒ ယွင်းသွေချို့သိမ် စိုးရိမ်မကွာ ချစ်သူကွာသည်
ရှောင်ခါ အပြန်အကျိုးတည်း။ (အရှင်ဇနကာဘိဝံသ)
ဒါတွေဟာ ကာမေသုမိစ္ဆာစာရကြောင့် ရှုံးရတဲ့ အရှုံးတွေပါ။ နည်းနည်းနောနော် ရှုံးတဲ့ အရှုံးတွေမဟုတ်ပါဘူး။
ကာမေသုမိစ္ဆာစာရ ကံထိုက်သူများဟာ သေလွန်ရင် ငရဲကို သွားရပါမယ်။ ငရဲလွတ်လို့ လူ့ဘ၀ရောက်ပြန်ရင်လဲ ဒီဘေးထွက်ဆိုးကျိုးတွေကို ခံစားရပါ့မယ်။
အတိတ်ဘ၀က ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ခဲ့သူများဟာ မျက်မှောက်ဘ၀မှာ လူမုန်းများပါတယ်။ ရန်သူများပါတယ်။ အရာရာကို ချို့ချို့တဲ့တဲ့နဲ့ ဆင်းဆင်းရဲနေရပါတယ်။ မိန်းမဖြစ်ရပါတယ်။ ဒီထက်ဆိုးရင် လန်းတီးလီးပါနေရဲ့သားနဲ့ ဖန်ခင်ရတဲ့ အခြောက် ပဏ္ဍုတ် ဖြစ်ရပါတယ်။ ရုပ်ရည်ကလှပနေရင်တောင် သူမျက်နှာဟာ မွဲခြောက်ခြောက်နဲ့ ကြည့်ရရှု့ရတာ ကျက်သရေလုံးဝ မရှိပါဘူး။ ကိုယ်လက်အဂါင်္တွေလဲ ချို့သိမ်တတ်ပါတယ်။ သူရဲ့ဘ၀မှာ စိုးရိမ်ပူပန်မှုတွေနဲ့ အမြဲလုံးထွေးနေရတတ်ပါတယ်။ သူ မြတ်မြတ်နိုးနိုးချစ်ရတဲ့ သူတွေနဲ့လည်း ကွဲကွာရပါတယ်။
“ရှောင်ခါ အပြန်အကျိုးတည်း”တဲ့။ ကာမေသုမိစ္ဆာစာရကံကို ရှောင်ကြဉ်နိုင်ခဲ့မယ်ဆိုရင်တော့ ဒီဆိုးကျိုးတွေရဲ့ ပြောင်းပြန်ကောင်းကျိုးတွေကို ရရှိမှာဖြစ်ပါတယ်။
တစ်နေ့က အသိဒကာရဲ့သား Gayလေးက ပြောပြတဲ့ အဖြစ်အပျက်လေး တစ်ခုကို ပြောပြချင်ပါတယ်။
သူအသိ Gayတစ်ယောက်ဟာ အစက ယောကျာင်္းတစ်ယောက်ပါတဲ့။ သူချစ်သူ့ ကောင်းမလေးကို တစ်ပတ်ကို ငါးခါလောက် ဟိုတယ်မှာ ခေါ်အိပ်နေကြပါတဲ့။ အခုတော့ အဲဒီကောင်ဟာ ဖန်မခင်ရရင် မနေနိုင်တဲ့ ဘ၀ကို ရောက်နေပါပြီတဲ့။ မိန်းမတွေကို လုံးဝစိတ်မ၀င်စားတော့ပါဘူးတဲ့။
အကုသိုလ်ကံတွေဟာ တကယ်ကြောက်ဖို့ကောင်းပါတယ်။ ကာမေသုကံရဲ့ ဆိုးကျိုးတွေထဲမှာ လန်တီးလီးပါနေရဲ့သားနဲ့ ဖန်ခင်ရတဲ့ ဘ၀ကို ရောက်ရတာဟာ အတော်ဆိုးပါတယ်။ မရောက်ချင်ဘူးဆိုရင်တော့ ရှောင်ရုံပါပဲ။
ယောကျာင်္လေးမို့ အရှုံးမရှိပါဘူးဆိုတဲ့ စကားဟာ လုံးဝကို မှားယွင်းပါတယ်။ တစ်ခဏတာ သာယာမှုလေးအတွက် ပြန်ပြီး ပေးဆပ်ရမှာတွေက အဆမတန် များလွန်းပါတယ်။
.............................................................................................မိုးသု(မန္တလေး)
လူငယ်လေးတွေ စဉ်းစားစေချင်..
အခုခေတ်လူငယ်တွေ အချစ်ဆိုတဲ့စကားကို အသားပေးလွန်း အားကြီးလာတာ တွေ့ရတယ်။ အချစ်သည်သာလျှင် အရာရာကို ဆုံးဖြတ်ရမယ်လို့လည်း ဆိုလာကြတယ်။ အဲဒီ အချစ်ဆိုတာဟာ ဘယ်လောက်ကြီးမားခိုင်ခံ့ သန့်ရှင်းလာပါသလဲလို့ စဉ်းစားရင် ကိလေသာ ပေမ တဏှာရာဂစိတ်နဲ့ အချစ်လား၊ လူနဲ့လူချင်း ထောက်ထောက်ထားထား ငဲ့ငဲ့ညှာညှာ အနစ်နာခံပြီးမှ ချစ်တတ်တဲ့ အချစ်လားဆိုတာကို မစဉ်းစားကြဘူး။
လင်နဲ့မယား မတူညီတာရှိလို့ စိတ်သဘောထားကွဲနေရင် တို့လူမျိုးက အချစ်ဆိုတာကို များပြားတဲ့ဝိသေသနဲ့ ရှေ့တန်းမတင်ပဲ လင်မယားဆိုတာ ကွဲချင်ရင်တောင်မှ တစ်ကြောင်းမထောက် တစ်ကြောင်းထောက်ရသေးတယ် စဉ်းစားနော်၊ လွယ်လွယ်နဲ့ မဆုံးဖြတ်နဲ့လို့ သတိပေး၇တယ်။
ဟဲ့ လင်မယားဆိုတာ တစ်ထုံးမကြင် တစ်ထုံကြင်ရတယ် မင်းတို့နှစ်ယောက် တစ်ယောက်အတွက် တစ်ယောက် အနစ်နာခံခဲ့တာတွေ မေ့မပစ်နဲ့လို့လည်း သတိပေးကြတယ်။
ကိုယ့်လင်မယားစုံဖက် မွေးထားတဲ့ သားသမီးကလေးတွေ လူ့လောကအလယ်မှာ မျက်နှာငယ်အောင် မလုပ်ရဘူးလို့လည်း တားမြစ်ရသေးတယ်။
အိမ်ထောင်ရေးကို အလေးအနက် မထားကြတဲ့ လူ့အဆောက်အအုံမှာတော့ Broken Familyဆိုတဲ့ အိမ်ထောင်ကွဲ အိမ်ထောင်ပျက်တွေက အလွန်များပြားပြီး အဖေနဲ့အတူမနေရ၊ အတူမကြီးပြင်းရ၊ ပထွေးနဲ့နေတဲ့ကလေးတွေ ဒုနဲ့ဒေးရှိကြပြီး ပထွေးက မယားပါသမီးသတ်မှု၊ သမီးက မအေသတ်မှုတို့ဆိုတဲ့ မကြားဝံ့မနာသာ ရာဇ၀တ်မှုမျိုးတွေ ကြားနေရတာလည်း ခဏခဏ ဟုတ်လား။
အမေတို့ မြန်မာစကားမှာ အိမ်ထောင်ပျက်တယ်၊ အိမ်ထောင်ကွဲတယ်ဆိုတာ ကိုယ်တည်ဆောက်ထားတဲ့ လူ့ဘောင်လောကထဲက ကိုယ့်အိမ်ထောင်တစ်ခု တကယ်ပဲ ပျက်စီးပြိုကွဲသွားရတာကို ခေါ်တာပါ။ အဲဒီအဖြစ်ဟာ လူ့အနေနဲ့ မတားဆီးနိုင်တဲ့ သေခြင်းတရားက နှိပ်စက်မှသာ မလွဲမရှောင်သာလို့ ဖြစ်ရတာမျိုးဖြစ်ပါစေ။
လူ့အနေနဲ့ ရှောင်နိုင် လွဲနိုင်တာကို ရှောင်လွဲ၇တယ်။ ကိုယ့်မှာက ကိုယ့်လင်မယားကို အမှီပြုပြီး ဖြစ်ပွားလာတဲ့ သားသမီး လူသားလေးတွေ ရှိသေးတယ် မဟုတ်လား။ မိစုံဖစုံရှိရဲ့နဲ့ စုံစုံညီညီ အတူမနေရတဲ့ သားသမီးများရဲ့ ဘ၀ကို လေးလေးနက်နက် ဘာမှ မစဉ်းစားစားပဲ လုပ်ချင်ရာ မလုပ်ရဘူး။ လူမပြောထားနှင့် ငှက်တောင်မှ ဥမကွဲသိုက်မပျက် ရှိရအောင် ကြိုစား၇တယ် မဟုတ်လား။
အခုခေတ်မှာ လူငယ်တွေ အိမ်ထောင်ရေးကို ပေါ့ပေါ့တန်တန်စဉ်းစား၊ ခေတ္တခဏပေါ်ပေါက်လာတဲ့ စိတ်အလိုကို သတိနဲ့ မထိန်းပဲ လုပ်ချင်ရာလုပ်ပြီးတော့ ကွဲကြပြဲကြ၊ နောက်အိုးနောက်အိမ် လွယ်လွယ်ပြုကြနဲ့ သူများနိုင်ငံတွေက အကျင့်ကို ဟုတ်နိုးနိုး ကောင်းနိုးနိုး လုပ်နေကြတာ အလွန်ပေါများနေပါတယ်။ တို့လူ့အဆောက်အအုံက ဒီလို မဟုတ်ပါဘူး။ သူတို့ဟာတွေကို အတုမယူရပါဘူး။
ပြီးတော့ တို့က ဗုဒ်ဓဘာသာဝင်တွေလေ။ အဲဒီတော့ သေခြင်းတရားဆိုတာကို အစဉ် ဆင်ခြင်အောက်မေ့၇တာပါ။ အသက်အရွယ်ကြီးလာရင် ကြီးတာနဲ့အမျှ အဲဒီသတိက ရှိရတယ်။ ကာမဂုဏ် အာရုံတွေလည်း အသက်ကြီးလာရင် ကြီးတာနဲ့အမျှ လျှော့၇တယ်။ အသက်ကကြီးလာပါရဲ့ အဲဒီ ကာမဂုဏ်အာရုံတွေကို မလျှော့ပေါ့ဘူးဆိုရင် အသက်ကြီးပေမယ့် ရာဂမီးကို မငြိမ်းသတ်ဘူး၊ စိတ်ကို မထိန်းနိုင်ဘဲကို လို့ အပြစ်တင်တယ်။
ကွယ်ရာမှာ ရာဂအိုးကြီး သေခါနီးပြီ ရိက္ခာယူတုန်းလို့ ကဲ့ရဲ့သဂြိုဟ် စကားအတင်းဆိုကြတယ်။ ဒါဟာ တို့လူ့အဖွဲ့အစည်းရဲ့ ပုံစံပဲ။
ပြီးတော့ အချစ်အချစ်ဆိုပြီး သူ့အိုးသူ့အိမ်မှန်းမသိ မဆင်မခြင် ငြိကြ စွန်းကြ ဖြစ်ကြ ပျက်ကြတာတွေလည်း ရှိသေးတယ်။ လူတစ်ယောက် ငါးပါးသီလလောက်မှ မမြဲဘူး၊ သူတစ်ပါးအိမ်၇ာကို ပြစ်မှားဖျက်ဆီးတယ်။ အဲဒါလူ့ကျင့်ဝတ်က သွေဖည်မှုကြီးပဲဆိုပြီး တို့လူ့ဘောင်က ခွင့်မပြုပါဘူး။
ဒီကိစ္စမှာ မိန်းကလေးကို ပိုပြီးတောင် အပြစ်ဆိုပါသေးတယ်။ သူများအိမ်ထောင်ကို ဖျက်ဆီးသူအဖြစ်နဲ့ လူ့လောကက အကြီးအကျယ် ရှုတ်ချတယ်။ ယောကျာင်္းကိုတော့ လူယုတ်မာအနေနဲ့ အဖွဲ့အစည်းအတွင်းမှာ အပေါင်းအသင်းတောင် မလုပ်လိုဘူး။ အဲဒါလောက် ပြစ်မှုကြီးပါတယ်။
လူဆိုတာ လူ့အဖွဲ့အစည်းထဲမှာ နေကြရတောလေ။ အဖွဲ့အစည်းက ခွင့်မပြုတာကို ရှောင်ရမှာပဲ။ ဒီလို လူ့အဖွဲ့အစည်းမျိုးက အိမ်ထောင်ရေး စည်းမရှိ ကမ်းမရှိ လူ့အဖွဲ့အစည်းထက် အများကြီး ယဉ်ကျေးတယ် အထက်တန်းကျပါတယ်။
အမေတို့ လူ့အဆောက်အအုံကို ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစားကြပါ။
…………………………………………………………………………………………လူထုအဒေါ်အမာ
(ကိုယ်ပြောချင် ကိုယ်ရေးချင်နေတဲ့ အကြောင်းအရာလေးကို လူထုဒေါ်အမာရဲ့ အမေ့ရှေးစကားစာအုပ်မှာ တွေ့တာနဲ့ ကိုယ်ရေးနေရင် ဒါလောက်ကောင်းပြီး ဒါလောက်လဲ ပြည့်စုံ ဒါလောက်လဲ အဆင်ချောမှာ မဟုတ်တာနဲ့ အမေမာရေးထားတာကို တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။ မူလခေါင်းစဉ်က ထည်လဲထည်ချွတ် လုပ်လို့မရတဲ့ ကိစ္စကြီး ဖြစ်ပါတယ်။ ( မိုးသု-မန္တလေး)
စွန့်ခဲ့သူရဲ့ နှလုံးသား..
လူတွေကို ချစ်တဲ့အတွက် စွန့်လွှတ်မယ်၊
သစ္စာရှာဖို့ ကိုယ်ကို အသုံးချ သွားမယ်။
ငရဲမှာရှိရှိ၊ ကောင်ကင်မှာ ၀ှက်ဝှက်၊
အနားမှာ ကပ်ကာ မမြင်ရပဲ ၀ဲနေနေ၊
လွတ်မြောက်ရေးလမ်းကို ဆွတ်လှမ်းမယ်ဆိုရင်၊
နောက်ဆုံး အဝေးမှာ တစ်ချိန်ချိန် တစ်နေရာရာမှာ၊
သူ့ စူးစမ်းမျက်လုံးမှာ ပုဝါလှစ်သွားမယ်၊
သူ့ နာကျဉ်ခြေလှမ်းတို့အဖို့ လမ်းပွင့်သွားမယ်၊
ကမ္ဘာစွန့် ရှာခဲ့တာ အောင်မြင် ရရှိမယ်။
သေခြင်း အောင်သူအဖြစ် သေမင်းက တွေ့မယ်၊
ဒါ ငါလုပ်မယ်၊ နိုင်ငံကို အဆုံးခံမယ်၊
နိုင်ငံကို ချစ်လို့၊ နာကျင်တဲ့ နှလုံးအပေါင်း ခုန်သံနဲ့အတူ
ငါ့နှလုံး ခုန်နေလို့ပဲ။
သိသူ၊ မသိသူ၊ ဒီက ငါ့လူတွေ၊
ငါ့လူဖြစ်လာမယ့်သူတွေ၊ ကုဋေကုဋာတွေကို
အခု ငါပြုမယ့် စွန့်ခြင်းက ကယ်လိမ့်မယ်။
အို… ခေါ်တဲ့ ကြယ်တို့…
အို..ငိုကြွေးတဲ့ ကမ္ဘာ..သင့်အတွက် ငါစွန့်ပြီ၊
ငါ့ရဲ့နုပျိုမှု ငါ့ထီးနန်း စည်းစိမ်၊ ငါ့ရွှေ နေ့ညတွေ၊ ငါ့စံနန်း..
ပြီး မင်း လက်တွေ၊ အပယ်မိဖုရား
ကျန်တာအားလုံးထက် အစွန့်ရခက်လှလေရဲ့..။
ဒါပေမယ့် ကမ္ဘာ ကယ်ရာ မင်းကိုလဲ ကယ်မယ်။
ပြီး မင့်ရဲ့ သားအိမ်နုအတွင်းမှာ လှုပ်ရွနေသူ၊ ငါ့ကလေး၊
တို့ မေတ္တာရဲ့ ပုန်းဆဲ ပန်းပွင့်။
သူ့ကို စောင့် နှုတ်ဆက်ရင် အဓိဋ္ဌာန်ပျက်လိမ့်။
ဇနီး ကလေး ဖခင် ပြည်သူတို့
ဒီအချိန်ရဲ့ ပူဆွေးမှု ခဏမျှယူကြတော့၊
ဒါမှ အလင်းထွက်ပေါ်မယ်၊
သတ္တ၀ါတို့ တရားသိမယ်။
ခု စိတ်ပိုင်းလိုက်ပြီ၊ ခုထွက်ခွါတော့မယ်။
အပြင်း ရှာလို့၊ အားထုတ်လို့ အောင်စတမ်းဆိုရင်
ငါရှာတာ မတွေ့မချင်း ပြန်လာမယ် မဟုတ်ဘူး။
(အလောင်းတော်မင်းသား တောမထွက်ခင်ညက စိတ်အခြေအနေကို ကဗျာစပ်ဆိုထားတာပါ။ မောင်သာနိုး ဘာသာပြန်ထားတဲ့ အာရှတိုက်ရဲ့အလင်းရောင် စတုတ္ထကျမ်း စာမျက်နှာ၉၈-၉၉တို့မှ ကောက်နှုတ် တင်ပြပေးပါသည်)
…………………………………………………………………………မိုးသု(မန္တလေး)
ယောင်္ကျားတွေ မိန်းမယူလို့ရှိရင်..
နေက အရမ်းပူနေပြင်းနေတော့ ကျောင်းတက်ရတာ စိတ်မပါဘူး။ နေပူတော့ ခေါင်းတွေက မူးနောက်နေတယ်။ ဆရာစာသင်တဲ့ဆီကို အာရုံဝင်စားလို့ကို မရဘူး။ ကျောင်းရှေ့က ဘတ်စ်ကားမှတ်တိုင် ရောက်တော့ ကျောင်းတက်ရတာ စိတ်မပါတဲ့ ကိုယ်လိုလူတွေ အများကြီး တွေ့လိုက်ရတယ်။ သူငယ်ချင်းတစ်ယောက်က ကျောင်းထဲဆက်မသွားတော့ပဲ အေးအေးလူလူ နေလို့ရမယ့် တစ်နေရာကို သွားကြ၇အောင်လို့ ဆော်သြလိုက်တယ်။ သူရဲ့ ဆော်သြမှုကို ဘယ်သူကမှ မငြင်းဆန်ပဲ အားလုံးသဘောတူစွာနဲ့ ကျောင်းထဲဆက်မ၀င်တော့ပဲ အေးအေးလူလူ စကားလို့ ပြောလို့၇မယ့် တစ်နေရာဆီကို သွားခဲ့ကြတယ်။
သူငယ်ချင်းတစ်ယောက်က “သင်ရိုးပြဌာန်းစာပြီးသွားတဲ့ ဘာသာကိုကို နောက်တစ်ခေါက်ဆက်မသင်တော့ပဲ အဲဒီဘာသာချိန်ကို ဒီပြင်ဘာသာသင်ပြီးတော့ တစ်နေ့လေးနာရီ တက်နေရတဲ့ အတန်းချိန်ကို သုံးနာရီပဲ သင်ပြီးတော့ ကျောင်းဆင်းပေးသင့်တယ်။ အခုတော့ သင်ပြီးသားကြီးကို အစကပြန်သင်နေတာ ပျင်းဖို့ကောင်းလိုက်တာ”တာဆိုပြီး ငြီးငြီးငြူငြူနဲ့ ပြောတယ်။
ဒါကို ကြားတော့ အခြားသူငယ်ချင်းတစ်ယောက်က “မင်းက ဥာဏ်ကောင်းတဲ့ ကောင်ဆိုတော့ ဟုတ်တာပေါ့။ ပျင်းစရာကောင်းမှာပေါ့။ ငါ့မှာတော့ ပဌမတစ်ခေါက်သင်သွားတုန်းက နားမလည်တာတွေကို အခုတစ်ခေါက်ပြန်သင်မှ နားလည်လာတယ်။ ပျင်းစရာမကောင်းဘူး။ ကိုယ်သင်နေတဲ့ ဘာသာရပ်ကို ကိုယ်နားလည်လာတော့ သင်ရတာ ပျော်စရာကောင်းလာတယ်။ မင်းမတက်ချင် မတက်နဲ့ပေါ့ကွာ”လို့ ပြန်ပြောလိုက်တယ်။
ဒီပြင်သူငယ်ချင်းတစ်ယောက်ကတော့ ရေသန့်ဘူးကို မော့သောက်ပြီးတော့ “၀ါကျွတ်ရင် သတင်းစာ မဖတ်ရဲတော့ဘူးကွာ”ဆိုပြီး အဆက်အစပ်မရှိ ပြောချလိုက်တယ်။
“ဘာဖြစ်လို့လဲ ပြောစမ်းပါဦး”ဆိုတဲ့ သဘောနဲ့ သူငယ်ချင်းတစ်ယောက်က မျက်လုံးပြူးပြလိုက်တယ်။
“၀ါကျွတ်လိုက်တာနဲ့ သတင်းစာထဲမှာ နောက်ဆုံးစာမျက်နှာတွေမှာ မင်္ဂလာဆောင် သတင်းတွေချည်းပဲကွာ။ ကိုယ့်ကို ပြန်တွေးပြီးတော့ ငိုတောင်ငိုချင်လာချင်တယ်”
“၀ါကျွတ်လေတိုင်း မျက်ရည်ဝိုင်းပေါ့ ဟုတ်လား။ မဟာသီဝမထေရ်ကြီးကတော့ တရားထူးမရလို့ တစ်ဝါကျွတ်သွားရင် တစ်ခါငိုတယ်တဲ့။ မင်းကတော့ မင်္ဂလာဆောင်သတင်းတွေ ဖတ်ပြီးတော့ ဒီတစ်သက်တော့ မိန်းမယူလို့ မရတော့ပါဘူးကွာလို့ တွေးပြီး ငိုတယ်။ ငိုတာချင်းတူတယ်။ ငိုရတဲ့ အကြောင်းရင်းခြင်းသာ မတူသာ”လို့ သူငယ်ချင်းတစ်ယောက်က ပြန်ပြောလိုက်တယ်။
“ဟေ့ကောင် ငိုချင်တယ်ပဲပြောတာ ငိုတယ်မပြောဘူး။ မင်း ဖြည့်စွက်ချက်တွေ မထည့်စမ်းနဲ့”ဆိုပြီး ၀ါကျွတ်တိုင်း ငိုချင်တဲ့ သူငယ်ချင်းက ပြောလိုက်တယ်။ ပြီးတော့ သူတို့ စကားကို သူတို့ဘာသာ သဘောကျသွားပြီးတော့ တဟီးဟီးနဲ့ ရယ်နေကြပြန်တယ်။
သူငယ်ချင်းတစ်ယောက်က “မိန်းမဆိုတာ ချောက်ကမ်းပါးပြတ်ကြီးနဲ့ တူတယ်ဆိုတဲ့ ဘုရားဟောကို ဖတ်ပြီးကထဲက ငါတော့ မိန်းမယူသွားတဲ့ ယောကျာင်္းတွေကို ချောက်ကမ်းပါးပြတ်ကြီးထဲကို ခုန်ချသွားတဲ့ သူတွေလို့ မြင်ယောင်နေမိတယ်။”
“အဲဒီချောက်ကမ်းပါးပြတ်ကြီးက အမြင်မှာကြောက်ဖို့ကောင်းနေပေမယ့် ချောက်ကမ်းပါးပြတ်ကြီးရဲ့ အောက်ရောက်တဲ့အခါမှာတော့ သိပ်ပြီး သာယာကြည်နူးဖွယ်ကောင်းလောက်တယ်။ ဒါကြောင့် တစ်ယောက်ပြီး တစ်ယောက် မကြောက်မရွံ့ ခုန်ချသွားကြတာပေါ့။ ပြီးတော့ တစ်ယောက်မှ ပြန်တက်မလာခဲ့ကြဘူးလေ”ဆိုပြီး ငိုချင်တဲ့ သူငယ်ချင်းက ပြောလိုက်တယ်။
“ငါကိုရင်ဘ၀တုန်းက ဒကာတစ်ယောက်က လူမထွက်ဖို့ လူထွက်ပြီးတော့ မိန်းမမယူဖို့ လူထွက်တာဟာ မိန်းမယူတာဟာ မကောင်းဘူး၊ မိန်းမရပြီးတော့ သုံးလေးလပဲကောင်းတာ ပြီးရင် မကောင်းတော့ဘူးဆိုပြီး လာတရားဟောတယ်။ ငါလဲ အမြင်ကတ်ကတ်နဲ့ ခင်ဗျားပြောသလို မိန်းမမကောင်းတာမှန်ရင် ခင်ဗျားမိန်းမနဲ့ ကြွာ့ပီးတော့ ဘုန်းကြီးဝတ်လိုက်ပါလားလို့ ရွဲ့ပြီးပြောလိုက်တယ်”
“ကိုရင်လေးရဲ့ ငါးမျှားချိန်မှာ မိနေတဲ့ငါးက ငါးမျှားချိတ်မကောင်းမှန်းသိပေမယ့် ဖြုတ်မရတော့ဘူး။ အဲဒီလိုပဲ ကိုရင်လေးရဲ့။ တပည့်တော်က ငါးမျှားချိတ်မိနေတဲ့ ငါးလို ဖြစ်နေပြီ။ ကိုရင်တော့ ငါးမျှားချိတ်မမိသေးတဲ့ ငါးလေးမို့ ငါးမျှားချိတ်ကို လာပြီး မဟပ်ချင်စမ်းပါနဲ့လို့ ငါ့ကို ပြန်ပြောသွားခဲ့တယ်။ မင်းပြောတဲ့ ချောက်ကမ်းပါးပြတ်ထဲ ခုန်ချသွားပြီးတော့ ပြန်မတက်လာကြတာ ချောက်ကမ်းပါးအောက်မှာ သာယာကြည်နူးဖွယ်တွေ ရှိနေလို့ ပြန်တက်မလာကြတာ ဟုတ်ဟန်မတူပါဘူး။ ငါးမျှားချိတ်မိနေတဲ့ ငါးတွေလို ဖြစ်နေကြလို့ ပြန်တက်မလာနိုင်ကြတာ ဖြစ်မှာပါ” ပြောလိုက်တယ်။
သူငယ်ချင်းတစ်ဖွဲ့လုံးက ငါးမျှားချိတ်မှာ မိတဲ့ငါးဆိုတဲ့ စကားကို ၀ိုင်းဝန်းထောက်ခံ သဘောတူခဲ့ကြတယ်။
မြစ်ရေပြင်ထဲက သူ့ လိုတရဓာတ်လုံးကြီး ထွက်လာမတတ် မြစ်ရေပြင်ကို ငေးကြည့်နေတဲ့ စကားဝိုင်းဘေး အပြင်ရောက်နေတဲ့ သူငယ်ချင်းက “မိန်းမက ချောက်ကမ်းပါးပြတ်ကြီး မိန်းမယူသွားတဲ့ ယောကျာင်္းတွေဟာ ချောက်ကမ်းပါးပြတ်ထဲ ခုန်ချသွားတဲ့ ယောကျာင်္းတွေဆိုရင် အင်းဝခေတ်က စာဆိုတော် အရှင်မဟာရဋ္ဌသာရဟာ ချောက်ကမ်းပါပြတ် နှုတ်ခမ်းဝကနေ ချောက်ကမ်းပါးပြတ်ထဲ ခုန်ချလုလုဆဲဆဲမှာ သတိပြန်ဝင်လာပြီးတော့ ချောက်ကမ်းပါးပြတ်ထဲကို ခုန်မချတော့ပဲ နောက်ကြောင်းပြန်လှည့်လာတဲ့ ပညာရှိတစ်ယောက်ပဲလို့ ငါတော့ မြင်မိတယ်”လို့ ပြောလိုက်ပြန်တယ်။
ဒါလဲဟုတ်တာပဲဆိုတဲ့ သဘောနဲ့ အားလုံးက ခေါင်းတညိတ်ညိတ် လုပ်နေကြတယ်။
“ဟေ့ မင်းတို့ဘာပြောပြော ငါတော့ ချောက်ကမ်းပါးပြတ်ကြီးထဲကို ခုန်ချနေချင်တုန်းပဲ”လို့ ငိုချင်တဲ့ သူငယ်ချင်းက စပ်ဖြီးဖြီးနဲ့ ပြောလိုက်ပြန်တယ်။
“ချစ်သားတို့ မိန်းမရဲ့ အင်္ဂါဇာတ်ထဲကို သင့်တိုရဲ့ အင်္ဂါဇာတ်ထည့်မယ်အစား လောလောလတ်လတ် သေစေနိုင်တဲ့ အဆိပ်ရှိတဲ့ မြွေပွေးမြွေဟောက်ရဲ့ ခံတွင်းထဲကို သင်တို့ရဲ့ အင်္ဂါဇာတ်ထည့်လိုက်တာကမှ မြတ်ပါသေးတယ်လို့ ဘုရားဟောထားတာကို ငါဖတ်ဘူးတယ်။ ဟဲ ဟဲ မင်းမကြောက်ဘူးဆိုရင်တော့ စမ်းကြည့်ပေါ့ကွာလို့ ပြောလိုက်တယ်”
ဘာတွေးမိကြတယ်မသိဘူး။ အကုန်လုံးက အားပါးတရ ရယ်လိုက်ကြတယ်။
“မင်းတို့ ပြောလို့ ငါလဲ ငါသိထားတာပြောရဦးမယ်။ မိန်းမတွေဟာ ယောကျာင်္းကောင်းကို ဘယ်တော့မှ မရဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ယောကျာင်္းကောင်းဟာ ဘယ်တော့မှ မိန်းမမယူဘူးတဲ့။ တကယ်လို့ အကြောင်းကြောင်းကြောင့် မိန်းမယူခဲ့ရင်တောင်မှ ခဏလေးပဲ ပေါင်းပြီးတော့ အဲဒီမိန်းမကို စွန့်ခွာပြီးတော့ ပစ်ထားတတ်ခဲ့ကြတယ်တဲ့။ ဒါကြောင့် ငါတော့ ငါ့ကိုငါ ယောကျာင်္းကောင်းလို့ တွေးမိတယ်”
“မရလို့ မယူတာပြောစမ်းပါကွာ။ မိန်းမလိုချင်လို့ တစ်ပိုင်းသေနေတဲ့ ကောင်ကများ။ မိန်းမမယူတဲ့ ယောကျာင်္းတွေဟာ ယောကျာင်္းကောင်းဆိုရင် အဲဒီယောကျာင်္းကောင်းထဲ မင်းမပါဘူး။ အဲဒီစကားဟာ အရှင်မဟာရဋ္ဌသာရတို့လို သူတွေကိုပဲ ပြောတဲ့စကားဖြစ်တယ်”
……………………………………………………………………………………မိုးသု(မန္တလေး)
ကလေးငယ်တွေကို ကလေးငယ်တွေလို့ မြင်နိုင်ကြပါစေ..
ရာသီဥတုကြောင့် နှာတွေမွှန်ပြီး နှာရည်တွေ အဆက်မပြတ်ကျနေတာမို့ ဘာမှမလုပ်ပဲ ကျောင်းမှာ ငြိမ်ငြိမ်လေး နေနေရတယ်။ မနက်က မြေနီကုန်းက သူငယ်ချင်းလာတာမို့ သူနဲ့ လက်ဘက်ရည်ဆိုင်ကို သွားထိုင်လိုက်တယ်။
အသက် ၁၂နှစ်လောက်ပဲ ရှိသေးတဲ့ စားပွဲထိုးလေးက ဦးဇင်းတို့ဝိုင်းကို ရေနွေးကရားနဲ့ မှားထားတာတွေ လာချတယ်။ အီကြာကွေးတစ်ချောင်းက ဘေးနားက ၀ိုင်းမှာ ထိုင်နေတဲ့ အမျိုးသမီးကြီးတစ်ယောက် အပေါ်ကို မတော်တဆပြုတ်ကျသွားခဲ့တယ်။
အမျိုးသမီးကြီးဟာ စာပွဲထိုးလေးကို ခေါင်းကို အားနဲ့မာန်နဲ့ ခေါက်ချလိုက်တယ်။ ပြီးတော့ အသုံးမကျတဲ့ကောင်လို့ပြောပြီး ထပ်ခေါက်လိုက်ပြန်တယ်။ ပြီးတော့ မကျေမချမ်းနဲ့ ပါးစပ်ကနေ ပွစိစိနဲ့ အယုတ်တမာဆဲဆိုနေတယ်။ ၀တ်စားထားတဲ့ သူ့ခန္ဓာကိုယ်ပေါ်က ရွှေတွေ စိန်တွေကိုမှ အားမနာ..။
စားပွဲထိုးလေးကတော့ ``အန်တီ ကန်တော့ကန်တော့ မတော်လို့ ဖြစ်သွားပါ တောင်းပန်ပါတယ်ခင်ဗျာ နောက်ကို ဒါမျိုးမဖြစ်စေရပါဘူး´´နဲ့ တတွတ်တွတ် တောင်းပန်နေရှာတယ်။
စိတ်ကြိုက်ရိုက်နှက်ပြီး စိတ်ကြိုက်ပြောဆိုပြီးတာတောင်မှ ကလေးငယ်က ဒါလောက်တောင်းပန်နေတာတောင်မှ ကလေးငယ်ကို ခွင့်လွှတ်စကား တစ်ခွန်းမပြောဘူး။
ဒီကြားထဲ ကောင်တာက မိန်းမကပါ ကလေးငယ်လေးကို ပါးစပ်စက်သေနတ်ပစ်လိုက်ပြန်သေးတယ်။
ဆင်းရဲတဲ့ဘ၀ မွဲတဲ့ဘ၀ ခိုကိုးရာမဲ့တဲ့ဘ၀မို့ ကလေးငယ်ကိုတောင်မှ ကလေးငယ်လို့ မမြင်ကြတော့ဘူးလား..။
မြန်မာနိုင်ငံမှာ အထူးသဖြင့် မန္တလေးလို ရန်ကုန်လိုမြို့ကြီးတွေက လက်ဘက်ရည်ဆိုင်တွေမှာ ကလေးငယ်တွေကို စားပွဲထိုးအဖြစ် စေခိုင်းနေကြတယ်။ တရားဥပဒေအရ ခိုင်းသင့် မခိုင်းသင့်ဆိုတာကို မသိပေမယ့် ဦးဇင်းကတော့ မခိုင်းသင့်ဘူးလို့ ခံစားရတယ်။
သူတို့လေးတွေကို ပညာသင်စေချင်တယ်။ သူ့တို့လေးတွေရဲ့ ဘ၀ကို တစ်သက်လုံး လက်ရုံးရည်ကို အားကိုးအားပြုပြီးတော့ အသက်မွေးသွားရမယ့် ဘ၀မှာ အချိန်ကုန်မသွားစေချင်ဘူး။
စောစောက အမျိုးသမီးကြီးအနေနဲ့လဲ အီကြာကွေးလေး ကိုယ့်အပေါ်ပြုတ်ကျလိုက်တာ ဘယ်လောက်များ နာကျင်လို့လဲ။ အကျီဆီပေသွားလဲ ပြန်လျှော်လိုက်လို့ရတာပဲ။ နောက်ဆုံးလျှော်မရတော့ရင်တောင်မှ အကျီတစ်ထည်အတွက်နဲ့ ကလေးငယ်ကို နာကျင်သွားအောင် မလုပ်သင့်ဘူး။
ဒီလိုမျိုး အရွယ်မရောက်သေးပဲ ၀မ်းတစ်ထွာအတွက် ရုန်းကန်နေရတဲ့ ကလေးငယ်တွေကို မကူညီနိုင်ဘူးဆိုရင်တောင်မှ သူတို့လေးတွေရဲ့ ကိုယ်စိတ်ကို နာကျင်သွားအောင် မလုပ်သင့်ဘူး။ ဖြစ်နိုင်မယ်ဆိုရင် သူတို့ကို စားပွဲထိုးလေးတွေလို့ မမြင်ပဲ ကလေးငယ်လေးတွေပဲလို့ မြင်စေချင်တယ်။
ငါ့သားလေး ငါ့ညီလေး ငါ့တူလေးသာဆိုလျှင်ဆိုတဲ့ အတွေးမျိုး အမြင်မျိုးနဲ့ တွေးကြည့် မြင်ကြည့်စေချင်တယ်..။
ဗုဒ္ဓတရားတော်အရလဲ နိုင်ရာဝန်ထက် ပိုပြီး ထမ်းခိုင်းတာဟာ မတရားမှုသာဖြစ်တယ်။
ပညာသင်ရမယ့်အရွယ်မှာ ပညာမသင်ရပဲ အစာအိမ်အတွက် ရုန်းကန်နေကြရတဲ့ ကလေးငယ်တွေ ကမ္ဘာလောကကြီးထဲမှ အမြန်ဆုံး ပျောက်ကွယ်သွားကြပါစေ..။ ပညာသင်ချိန်မှာ ပညာသင်နေကြရတဲ့ ကလေးငယ်တွေဖြစ်ကြပါစေ..။
.....................................................................................................မိုးသု(မန္တလေး)
ဘာသာမဲ့ဆိုတာ တကယ်ရှိသလား
(ဦးဇင်းမိုးသု ဘာသာမဲ့ဆိုတာ တကယ်ရှိပါသလား)
ကွန်မြူနစ်တွေက သူတို့က ဘယ်ဘုရားကိုမှ မယုံဘူး ဘယ်ဘာသာမှ မကိုးကွယ်ဘူးလို့ သူတို့တွေမှာ ကိုးကွယ်တဲ့ ဘာသာမရှိဘူး သူတို့တွေဟာ ဘာသာမဲ့တွေလို့ ကြွေးကြော်ထားကြတယ်။ ဒါဟာ ဟုတ်ပါ့မလားလို့ စဉ်းစားစရာပဲ။
ဘုရားရှင်က မဇ္ဈိမပဏ္ဏာသပါဠိတော် ပရိဗ္ဗာဇက၀ဂ် ဒီဃနခသုတ်မှာ ဘာသာမဲ့ဆိုတဲ့သူ မရှိလို့ဘူးလို့ မိန့်တော်မူခဲ့တယ်။ လူတွေမှာ ဘာသာမဲ့ဆိုတာ မရှိဘူး။ သူတို့တွေ ဘယ်ဘာသာကို ကိုးကွယ်နေတာဆိုတာကိုသာ မသိလို့သာဖြစ်တယ်။ ဘာသာကတော့ မမဲ့ကြဘူး။ ကွန်မြူနစ်တွေလဲ ဒိတိုင်းပဲ။ သူတို့ကိုးကွယ်တဲ့ ဘာသာကို သူတို့ မသိကြတာဖြစ်တယ်။ ဘာသာမမဲ့ဘူး။ အရမ်းပြောနေတာ မဟုတ်ဘူး။ ကွန်မြူနစ်ဝါဒကို လေ့လာကြည့်ရင် သိသာမြင်သာတယ်။
ကွန်မြူနစ်ဆိုတာကတွေက သေရင်ပြီးပြိ ပြတ်ပြီ ဘာမှမဖြစ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိအယူကို ယူထားကြတဲ့သူတွေဖြစ်တယ်။ ဥစ္ဆေဒဒိဋ္ဌိဆိုတာက ဘုရားလက်ထက် တိတ္တိဆရာကြီးခြောက်ယောက်ထဲက တစ်ယောက်ရဲ့ အယူဝါဒဖြစ်တယ်။ (အကျယ်သိချင်ရင် ဗုဒ္ဓနှင့်ခေတ်ပြိုင်ဘုရားများ စာအုပ်တွင်ရှု့)
ဒါကြောင့် ကွန်မြူနစ်တွေ ဘာသာမဲ့ဆိုတာ မဟုတ်ဘူး။ ကွန်မြူနစ်တွေ ဘာသာမမဲ့ဘူး။ ကွန်မြူနစ်တွေဟာ ဥစ္ဆေဒဒိဋ္ဌိအယူရှိသူတွေဖြစ်တယ်။
လောကကြိးထဲမှာ ဘာသာမဲ့ဆိုတာလဲ မရှိဘူး။ ကိုယ်ဘယ်ဘာသာကို ကိုးကွယ်နေတယ်ဆိုတာကို မသိတဲ့သူဆိုတာပဲ ရှိတယ်။
..........................................................................................မိုးသု(မန္တလေး)
ယဉ်ကျေးမှုရှိသောသူများအတွက်သာ..
ဦးဇင်းနေတဲ့ နေရာက ရွှေတိဂုံစေတီတော်နဲ့ နီးတာမို့ ညပိုင်းတွေမှာ စေတီတော်ပေါ်ကို မကြာမကြာတက်ရောက် ဖူးမြော်ဖြစ်တယ်။ စေတီတော်ပေါ်ရောက်ရင် စဥ့်ကူးမင်းခေါင်းနားထိုင်ပြီး ဗုဒ္ဓါနုဿတိပွားများဖြစ်တယ်။ (လူအထင်ကြီးမှာမို့ အထင်ကြီးအောင် လုပ်ရာကျမှာမို့ ဘေးအမြင်မှာ ဖာသိဖာသာ သာမာန်ထိုင်နေတဲ့ ပုံစံဖြစ်အောင်ပဲ ထိုင်ဖြစ်ပါတယ်။)
စေတီတော်ပေါ်ကိုရောက်တိုင်း စိတ်အလိုမကျတာတွေ အမြဲတွေ့နေရတယ်။ စေတီတော်ပေါ်ကိုလာပြီး လူကြီးလူငယ်အများစုဟာ ဟေးလားဟားလား လုပ်နေကြတယ်။ ကောင်လေးတွေကလဲ ကောင်မလေးတွေကို လိုက်ငေးနေကြတယ်။ ကောင်မလေးတွေကလဲ ကောင်လေးတွေကို လိုက်ငေးနေကြတယ်။
သူတို့စေတီတော်ကို လာကြတာဟာ ငမ်းကြောထဖို့လား ဗုဒ္ဓါနုဿတိဖြစ်ဖို့အတွက်လားဆိုတာတော့ သူတို့ကိုယ်ပဲ သူတို့သိနိုင်ပါလိမ့်မယ်။
ပိုဆိုးတာကတော့ မဖွယ်မရာ စကားတွေကို ပြောပြီးတော့ အော်ကြီးဟစ်ကျယ်နဲ့ အသံထွက်ပြီးတော့ ရယ်လားမောလား လုပ်နေကြတဲ့သူတွေပါပဲ။
တချို့ကတော့ လူအထင်ကြီးအောင် ၀ိုင်ဖွဲ့ပြီးတော့ အမှားမှားအယွင်းယွင်းနဲ့ တတ်သလောက် မှတ်သလောက်နဲ့ အသံကုန်အော်ပြီးတော့ ရယ်စရာမပါပဲ ဖျစ်ညှစ်ရယ်ပြီးတော့ လက်ခုပ်တီးစရာမရှိပါပဲ လက်ခုပ်တွေတီးပြီးတော့ အဘိဓမ္မာတွေကို ဆေးပေးခန်းနားက ဓမ္မာရုံကြီးထဲမှာ ဆွေးနွေးနေကြတယ်။
ဒီလိုတွေဖြစ်နေတာဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ၀ါဒတော်နဲ့ လုံးဝလုံးဝကို ကိုက်ညီမှုမရှိပါဘူး။ စေတီတော်ပေါ်တက်ပြီးတော့ ဒီလိုတွေလုပ်နေကြတာဟာ ဘုရားရှင်ကို မရိုသေကြသူများ မထီမဲ့မြင်ပြုကြသူများသာ ဖြစ်ပါတယ်။
ဘုရားရှင်ဟာ တိတ်ဆိတ်ငြိမ်သက် အေးချမ်းမှုကိုပဲ အလိုရှိပါတယ်။
တစ်ခါတုန်းက အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန်တို့ရဲ့ တပည့်ရဟန်းတွေဟာ ဆူဆူညံညံစကားတွေ ပြောဆိုနေကြလို့ ``ငါးစိမ်သည်တွေလို ဆူညံနေကြတာ ဘယ်သူတွေတုန်း´´လို့ အရှင်အာနန္ဒာကို မေးတော်မူပါတယ်။
``အဂ္ဂသာဝကနှစ်ပါးနဲ့ ရှင်တော်ဘုရားကို ဖူးမြော်ဖို့အတွက် လိုက်လာခဲ့တဲ့ အဂ္ဂသာဝကနှစ်ပါးရဲ့ တပည့်ရဟန်းတွေပါ´´လို့ အရှင်အာနန္ဒာက ပြန်လည်လျှောက်ထားပါတယ်။
ရှင်တော်ဘုရားဟာ အဂ္ဂသာဝကနှစ်ပါးနဲ့အတူ ဆူဆူညံညံလုပ်တဲ့ ရဟန်းတွေကို နှင်ထုတ်ပစ်လိုက်ပါတယ်။
ရှင်တော်ဘုရားဟာ ဆူညံမှုကို လုံးဝမနှစ်သက်ပါဘူး။
ရှင်တော်ဘုရားဟာ တစ်ခါတစ်ရံမှာ ဆွမ်းခံစောစောကြွလေ့ရှိပါတယ်။ ကျောင်းတော်နဲ့ သာဝတ္ထိအကြားမှာရှိတဲ့ တိတ္ထိတွေရဲ့ ကျောင်းကို ၀င်တော်မူပါတယ်။ တိတ္တိတွေဟာ သူတို့ရဲ့ ထုံးစံအတိုင်း ဆူဆူညံညံနဲ့ အော်ကြီးဟစ်ကျယ် စကားတွေပြောနေတတ်ကြတယ်။
တိတ္တိတွေဟာ ရှင်တော်ဘုရား သူတို့ကျောင်းဝင်းထဲကို ၀င်လာတာမြင်တာနဲ့ တိတ္တိအကြီးအကဲဟာ ``ဟေ့ ဟေ့ တိတ်တိတ်လေးနေကြ၊ ရဟန်းဂေါတမ လာနေပြီ။ ရဟန်းဂေါတမဟာ တိတ်ဆိတ်ငြိမ်သက် အေးချမ်းမှုကို လိုလားတယ်။ ဆူညံမှုကို မလိုလားဘူး။ တိတ်တိတ်ကလေးနေကြပါ´´ဆိုပြီး သူတပည့်တွေကို တားမြစ်ပေးတတ်တယ်။
တိတ္တိတွေဟာ အယူမှားနေပေမယ့် ယဉ်ကျေးမှုကို နားလည်တယ်၊ ယဉ်ကျေးမှုရှိတယ်။ ဒါကြောင့် အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေမှု ရှိအောင် နေတတ်ကြတယ်။
တောင်မြို့ မဟာဂန္ဓာရုံဆ၇ာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသဆိုရင် စာသင်စာချတာတောင်မှ အသံအကျယ်ကြီးနဲ့ လုပ်တာကို တားမြစ်လေ့ရှိတယ်။
စေတီတော်တွေပေါ်ရောက်ရင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘုရားကို အာရုံပြုပြီးတော့ နေကြထိုင်ကြဖို့ ဟေးလားဟားမလုပ်ဖို့ အသိဒကာလေးတစ်ယောက်ရဲ့သားလေးကို ပြောခဲ့ဘူးတယ်။
``ဦးဇင်းကလဲ ဘုရားပေါ်မှာ ရယ်တာ အပြစ်ဖြစ်လို့လား၊ ဘုရားက သူတပည့်သာဝကတွေကို ပျော်နေတာကို မကြိုက်မရှိလောက်ပါဘူး´´လို့ ပြန်ပြောတယ်။
``ဘုရားက တပည့်သာဝကတွေကို ပျော်စေချင်ရင် တရားမဟောပဲ ဟာသတွေပဲ ပြောခဲ့မှာပေါ့´´လို့ ပြန်ပြောလိုက်ခဲ့တယ်။
စေတီတော်ပေါ်မှာ ရတနာသုံးပါးနဲ့ မစပ်ဆိုင်တဲ့ ကမ္မဌာန်းဘာဝနာနဲ့ မစပ်ဆိုင်တဲ့ အခြားသော လူမှုရေး စီးပွားရေး ဟာသစတဲ့ စကားတွေကို ပြောဆိုတာဟာ မဖွယ်မရာ ပြုလုပ်ရာရောက်တယ်။ ဘုရားရှင်ကို မလေးစားရာ ရောက်တယ်။
ရှေ့ကွဲနောက်ကွဲ ဘေးကွဲကို အသားလိုက်ပါဦး။ စေတီတော်ပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ်ကလေးတက် တိတ်တိတ်ဆိတ်ဆိတ်ကလေးနေ တိတ်တိတ်ဆိတ်ဆိတ်ကလေးပြန်ဆင်းသွားတဲ့ ယဉ်ကျေးမှုလေးကိုပဲ အရင် ဖော်ဆောင်ကြပါဦး။
စေတီတော်ပေါ်ကို ကုသိုလ်ဖြစ်အောင်တက်ကာမှ အကုသိုလ်တွေ ဖြစ်နေကြတာကို အမြင်မတော်လွန်းလို့ ရေးလိုက်တာပါ။ ယဉ်ကျေးမှုရှိကြတဲ့ သူများအတွက် ဘုရားအလိုကျ အတတ်နိုင်ဆုံး နေချင်ကြတဲ့ သူများအတွက်သာ ရည်စူးပြီးတော့ ရေးလိုက်တာပါ။
ယဉ်ကျေးမှုကို နားမလည်ဘူး ယဉ်ကျေးမှုမရှိဘူး။ ကိုယ်နေချင်သလို နေမယ်ဆိုတဲ့ သူများအတွက်မဟုတ်ပါဘူး။
စေတီတော်ပေါ်မှာ ဘုရားရှင်အလိုကျ နေထိုင်နိုင်ကြပါစေသော်..။
..........................................................................................................မိုးသု(မန္တလေး)
ခေတ်သစ်ရဟန်းတော်များနှင့် သို့လော သို့လော တွေးစရာလေးများ..
(အရှင်ဘုရား။ မေးစရာလေးရှိလို့ပါ။ ဘုန်းကြီးတွေ ကားစီးကြတာ၊ ဖုန်းကိုင်ကြတာ။ နောက်ပြီး ဘုန်းကြီး နာမည် နောက်မှာ AGTI (CIVIL) ထည့်တာတို့လုပ်သင့်ပါသလား။ တကယ်တရားရသူတွေက ဘွဲ့ ၊ဂုဏ်၊ ပကာသနတွေ မလိုဘူးထင် ပါတယ်။ ကိုယ်သံဃာဘွဲ့တပ်ရင်ပြီးတာပဲ မဟုတ်ပါဘူးလား။ ချမ်းသာတဲ့သူတွေက နာမည်ကြီးဘုန်းကြီးတွေဆိုရင် ပိုပြီးလှူကြပါတယ်။ ဘုန်းကြီးချင်းတူတူပဲမ ဟုတ်ပါဘူးလား။ ဆင်းရဲတဲ့ဘုန်းကြီး လှူရင်ရော ကုသိုလ်ရတာချင်းတူတူပဲမ ဟုတ်ပါဘူးလား။
ခုခေတ်မှာ သံဃာချင်းအပြိုင်အဆိုင်များတာ တွေ့ရပါတယ်ဘုရား။သူကကားစီးရင် ငါကလည်းကားစီးချင်ကြပါတယ်။
သူတို့ရော အကုသိုလ် မရဘူးလားဘုရား။)
ဘုန်းကြီးတွေ ကားစီးကြတာ ဖုန်းကိုင်ကြတာဟာ ၀ိနည်းတော်နဲ့အညီ အပ်အပ်စပ်စပ်ဖြစ်အောင် စီးမယ် ကိုင်မယ်ဆိုရင် စီးကောင်း ကိုင်ကောင်းပါတယ်။
အပ်အပ်စပ်စပ်ဆိုတာဟာ အဲဒီကားကို ဘုန်းကြီးကိုယ်တိုင် ပိုက်ဆံကိုင်ပြီး ၀ယ်ယူထားခြင်းမျိုး မဖြစ်ရဘူး။ ကားအတွက် လောင်စာဆီကို ဘုန်းကြီးကိုယ်တိုင် ပိုက်ဆံကိုင်ပြီး ၀ယ်ထားတဲ့ လောင်းစာဆီနဲ့ မောင်းတာ မဖြစ်ရဘူး။ ဒကာတစ်ဦးက စေတနာအလျောက် လှုထားတဲ့ ကားနဲ့ လောင်စာဆီဖြစ်ရမယ်။
ဖုန်းဆိုရင် ဒီအတိုင်းပါပဲ။ ကိုယ်တိုင် ၀ယ်ယူထားတဲ့ ဖုန်းမဖြစ်ရပါဘူး။ ဖုန်းဘေလ်ကို ကိုယ်တိုင်ပိုက်ဆံကိုင်ပြီးတော့ မဆောင်ရပါဘူး။ ဒကာလှုထားတဲ့ ဖုန်းလဲဖြစ်ရပါမယ်။ ဘေလ်ကိုလဲ ဒကာက ဆောင်ပေးရတာမျိုး ဖြစ်မယ်ဆိုရင် သုံးကောင်းပါတယ်။
ရဟန်းတော်များဟာ ကိုယ်တိုင် ပိုက်ဆံကိုင်ပြီးတော့ ဘာကိုမှ ၀ယ်ယူပြီး မသုံးဆောင်ကောင်းပါဘူး။ ယုတ်စွဆုံး ပါဠိတော် အဌကထာကျမ်းစာအုပ်များကိုတောင်မှ ကိုယ်တိုင် ၀ယ်ပြီးမသုံးကောင်းပါဘူး။
ဒကာ ဒကာမက လှုတာဆိုရင်တော့ သုံးကောင်းပါတယ်။
ဒါက အကျဉ်းမျှ ဖြေပေးလိုက်တာပါ။ ကျယ်ကျယ်ပြန့်ပြန့်သိချင်ရင် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရဲ့ ပါတိမောက်ဘာသာဋီကာကျမ်းနှင့် ဘုရားဥပေဒတော်ကြီးကျမ်းမှာ အကျယ်ဖတ်ရှု့နိုင်ပါတယ်။
(ဘုန်းကြီး နာမည် နောက်မှာ AGTI (CIVIL) ထည့်တာတို့လုပ်သင့်ပါသလား။ တကယ်တရားရသူတွေက ဘွဲ့ ၊ဂုဏ်၊ ပကာသနတွေ မလိုဘူးထင် ပါတယ်။ ကိုယ်သံဃာဘွဲ့တပ်ရင်ပြီးတာပဲ မဟုတ်ပါဘူးလား။)
`` ငါတော့ ဒီဘွဲ့ထူးဂုဏ်ထူးတွေကို ထည့်လိုက်လို့ရှိရင် လာဘ်လာဘတွေ ပေါများမှာပဲ´´ဆိုတဲ့ ယုတ်ညံ့တဲ့ စိတ်နေစိတ်ထားမျိုးနဲ့ဆိုရင် မထည့်ကောင်းပါဘူး။
``ငါဒီဘွဲ့ထူးဂုဏ်ထူးတွေထည့်လို့ရင် ငါဟောကြားတဲ့ တရားဓမ္မကို ဒကာဒကာမတွေ ယုံကြည်စွာ သံသယကင်းရှင်းစွာနဲ့ နာယူနိုင်ကြမယ်´´လို့ဆိုတဲ့ လာဘ်လာဘကို မငဲ့ကွက်တဲ့ စိတ်မျိုး၊ အကြောင်းအားလျော်စွာ လိုအပ်လို့ ထည့်ရတာမျိုးဆိုရင်တော့ ထည့်ကောင်းပါတယ်။
စာပေမှာ တစ်ခါတစ်ရုံ အရှင်သာရိပုတ္တရာကို နာမည်တိုက်ရိုက်ဖော်မပြပဲ ``ဓမ္မသေနာပတိ´´ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးကိုပဲ ဖော်ပြပါတယ်။ ဘုရားရှင်ဟာလဲ လိုအပ်ရင် သူရဲ့ ``အနန္တဇိန´´စတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေကို ကိုယ်တော်တိုင် ထုတ်ဖော်ပြသပါတယ်။
အလုပ်လုပ်တဲ့အခါမှာ ဘွဲ့ထူးဂုဏ်ထူးက တစ်ခါတစ်ရံလိုအပ်ပါတယ်။ ဘုရားရှင်တောင် တစ်ခါတစ်ရံ သူရဲ့အရည်အချင်းနဲ့ ဘွဲ့ထူးဂုဏ်တွေကို ထုတ်ဖော်ပြသရပါတယ်။ ဒါကြောင့် တကယ်တရားရသူတွေလဲ တစ်ခါတစ်ရံမှာ ဘွဲ့ထူးဂုဏ်ထူးတွေ လိုအပ်ပါတယ်။
လိုအပ်လို့လဲ ဘုရားရှင်က သူ့တပည့်သာဝကတွေကို ဘွဲ့ထူးဂုဏ်ထူးဖြစ်တဲ့`ဧတဒဂ်´ဆိုတဲ့ ဘွဲထူးဂုဏ်ထူးတွေကို ပေးတော်မူခဲ့တာပေါ့။
(ချမ်းသာတဲ့သူတွေက နာမည်ကြီးဘုန်းကြီးတွေဆိုရင် ပိုပြီးလှူကြပါတယ်။ ဘုန်းကြီးချင်းတူတူပဲမ ဟုတ်ပါဘူးလား။ ဆင်းရဲတဲ့ဘုန်းကြီး လှူရင်ရော ကုသိုလ်ရတာချင်းတူတူပဲမ ဟုတ်ပါဘူးလား။)
တစ်ခါတုန်းက ကောသလမင်းကြီးက ဘုရားရှင်ကို ``ဘယ်သူ့ကို လှုရမှာပါလဲ´´လို့ မေးပါတယ်။
ဘုရားရှင်က ``သင်ကြည်ညိုတဲ့သူကို လှု´´လို့ ဖြေကြားခဲ့ပါတယ်။
``ဘယ်သူ့ကိုလှုရင် အကျိုးကြီးပါသလဲ´လို့ ထပ်မေးပါတယ်။
``သီလရှိတဲ့ သူကို လှုတာဟာ အကျိုးကြီးတယ်´´လို့အဖြေပေးခဲ့ပါတယ်။
ဒါကြောင့် ချမ်းသာတဲ့ဘုန်းကြီး နာမည်ကြီးတဲ့ ဘုန်းကြီးကိုလှုမှ အကျိုးကြီးတာ မဟုတ်ပါဘူး။ သီလရှိတဲ့ ဘုန်းကြီးကိုလှုမှ အကျိုးကြီးတာပါ။
ကုသိုလ်ကတော့ ခွေးကို လှုရင်တောင် ရပါတယ်။ အကျိုးကြီးတာနဲ့ မကြီးတာပဲ ကွာခြားသွားပါတယ်။
မူလရှိရင်းစွဲ လယ်မြေဟာ မကောင်းဘူး။ ဒါပေမယ့် စိုက်ပျိုးသူက သေချာစနစ်တကျ မြေဆွေး မြေသြဇာစတဲ့ လိုအပ်တာတွေ ထည့်ပြီးတော့ စိုက်ပျိုးရင် မူလမြေက မကောင်းပေမယ့် စိုက်ပျိုးတဲ့ သီးနှံဖြစ်ထွန်းအောင်မြင်သလို အလှုခံပုဂ္ဂိုလ်က သီလမရှိသော်လည်း အလှုပေးတဲ့သူက သီလရှိရင် အကျိုးကြီးပါတယ်။
လယ်မြေက ကောင်းတယ်။ ဒါပေမယ့် စနစ်တကျ မစိုက်ပျိုးတတ်ရင် ပေါင်းပင်တွေ ပေါက်ပြီးတော့ စိုက်ပျိုးတဲ့ သီးနှံမဖြစ်ထွန်း မအောင်မြင်သလို အလှုခံပုဂ္ဂိုလ်ကတော့ သီလရှိပါရဲ့ အလှုပေးသူက သီလမရှိဘူး ပေးလှုဆဲ ပေးလှုပြီးမှာ အလှုအတွက် လှုမိတာ မှားလေခြင်းဆိုပြီး နောင်တတွေ ရနေမယ်ဆိုတော့ အကျိုးကြီးမှာ မဟုတ်ပါဘူး။
အလှုခံရော အလှုပေးသူပါ သီလရှိမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။
အကျိုးကြီးတဲ့ ကုသိုလ်ပဲဖြစ်ဖြစ် အကျိုးနည်းတဲ့ ကုသိုလ်ပဲဖြစ်ဖြစ် ကာမာဝစရကုသိုလ်စိတ်တွေပဲမို့ ကုသိုလ်ချင်းအတူတူပဲလို့ ဖြေမယ်ဆိုရင် ဖြေပေးလို့ရပါတယ်။
(ခုခေတ်မှာ သံဃာချင်းအပြိုင်အဆိုင်များတာ တွေ့ရပါတယ်ဘုရား။သူကကားစီးရင် ငါကလည်းကားစီးချင်ကြပါတယ်။
သူတို့ရော အကုသိုလ် မရဘူးလားဘုရား။)
သေရင် အပါယ်လေးဘုံ တစ်ဘုံဘုံကို သေချာပေါက်ဆင်းရမယ့် ဘုန်းကြီးတွေပဲဆိုပါတော့..။
ဒီလောက်ဆိုရင် အဖြေက လုံလောက်ပြီလို့ ယူဆပါတယ်။ မရှင်းသေးရင် ထပ်မေးပေါ့။
.......................................................................................မိုးသု(မန္တလေး)