Tuesday, January 3, 2012

ဗုဒ္ဓ္ဒဘာသာဝင်မှန်ရင် မဖြစ်မနေကို ဖတ်ထား သင့်ပါတယ်(၂)

(အ ရှင်ဘုရား ... အရှင်ဘုရား အားတဲ့အချိန် မှာ (အနေသန (၂၁) ပါးက ဘာတွေလည်း) အရှင်ဘုရား ပြောပြပေးပါဦး။ ပို.စ် မတင်ချင်ရင်လည်း တပည့်တော်ရဲ့ mail ကို reply လုပ်ရင်လည်းကောင်းပါတယ်။ အားတဲ့အချိန်ကျတော့မှလုပ်နော်။ ဦးတင်လျက်)

ဒကာ တော်လေးရေ စိတ်ရှည်ရှည်တော့ ထားပြီးဖတ်နော်။ တော်တော်ရှည်မယ်။ သိသင့်သိထိုက်တဲ့ ဆက်စပ်ရှင်းလင်း ချက်တွေကိုပါ တစ်ခါထဲ ဖော်ပြပေးမှာမို့ပါ။ ဒကာမေးတဲ့ အနေသန(၂၁)ပါးက သေချာရှင်းမပြရင် အသိဥာဏ်ကို ရှုပ်ထွေးသွားစေနိုင်လို့ပါ။ ဒါကြောင့်လဲ ဦးဇင်းက ပြီးခဲ့တဲ့ပို့စ်မှာ တမင်ထည့်မရေးခဲ့တာပါ။

``၀ိနည်းအာဏာတော်အရ မအပ်သောနည်းဖြင့် ပစ္စည်းလာဘ်လာဘရအောင် ရှာမီးခြင်းကို အနေသနဟုခေါ်၏။ မအပ်သောအနေသနမှာ (၂၁)ပါးရှိပါသည်။´´ ထို၂၁ပါးဆိုတာကတော့---

၁။ ဖလဒါန= သစ်သီးပေး၍ လာဘ်လာဘ ရှာမှီးခြင်း။

၂။ ပုပ္ဖဒါန= ပန်းပေး၍ လာဘ်လာဘရှာမှီးခြင်း။

၃။ ဒန္တကဋ္ဌဒါန= ဒန်ပူပေး၍ (သွားတိုက်ဆေး သွားတိုက်တံပေး၍) လာဘ်လာဘရှာမှီးခြင်း။

၎။ နှာနမုခေါဒကဒါန= ချိုးရေ မျက်နှာသစ်ရေပေး၍ လာဘ်လာဘရှာမှီးခြင်း။

၅။ စုဏ်ဏဒါန= ဆပ်ပြာခဲ ဆပ်ပြာမှုန့်ပေး၍ လာဘ်လာဘရှာမှီးခြင်း။

၆။ မတ္တိကာဒါန= မြေဖြူမှုန့် မြေနီမှုန့် ဘိလပ်မြေ ထုံးမှုန့်စသည်ပေး၍ လာဘ်လာဘရှာမှီးခြင်း။

၇။ ဝေဠုဒါန= ၀ါး ဓနိ သက်ကယ် စသည်ပေး၍ လာဘ်လာရှာမှီးခြင်း။

၈။ ဒါရုဒါန= သစ်သားစသော ဆောက်လုပ်ရေးပစ္စည်းပေး၍ လာဘ်လာဘရှာမှီးခြင်း။

၉။ စာတုကကမျတာ= မိမိကိုယ်ကို နှိမ့်ချ၍ ခင်ဗျား ကျွန်တော်စသည်ဖြင့် ဒါယကာတို့အား ပြောကြား၍ လာဘ်လာဘရှာမှီးခြင်း။

၁၀။ မုဂ္ဂသူပျတာ= မမှန်တစ်ချက် မှန်တစ်ချက်ပြော၍ လာဘ်လာဘရှာမှီးခြင်း။

၁၁။ ပါရိဘဋျတာ= ကလေးထိန်းပေး၍ လာဘ်လာဘရှာမှီးခြင်း။

၁၂။ ဇင်္ဃပေသနိယတာ= လူတို့၏ အမှုကိစ္စကို ကူညီလုပ်ကိုင်ပေး၍ လာဘ်လာဘရှာမှီးခြင်း။

၁၃။ ဝေဇ်ဇကမ္မ= ဆေးကုပေး၍ လာဘ်လာဘရှာမှီးခြင်း။

၁၄။ ဒူတကမ္မ= တမန်အမှုပြုလုပ်ပေး၍ လာဘ်လာဘရှာမှီးခြင်း။

၁၅။ လာဘေနလာဘံ နိဇိဂီသန= လက်ဆောင်တုံ့ပြန်ပေး၍ လာဘ်လာဘရှာမှီးခြင်း။

၁၆။ ၀တ္ထုဝိဇ်ဇာ= ယာခင်းအင်္ဂါလက္ခဏာကို နိမိတ်ဖတ်ဟော၍ လာဘ်လာဘရှာမှီးခြင်း။

၁၇။ ခေတ္တ၀ိဇ်ဇာ= လယ်ကွက်၏ အင်္ဂါလက္ခဏာကို နိမိတ်ဖတ်ဟောကြား၍ လာဘ်လာဘရှာမှီးခြင်း။

၁၈။ က္ကတ္ထိပုရိသလက္ခဏာ= ယောကျာင်္းမိန်းမတို့၏ ကြန်အင်လက္ခဏာကို နိမိတ်ဖတ်ဟောကြား၍ လာဘ်လာဘရှာမှီးခြင်း။(ဓာတ်ရိုက်ဓာတ်ဆင်စသော ဗေဒင်ဆိုင်ရာ လုပ်ငန်းအားလုံး အကျုံးဝင်ပါသည်)

၁၉။ ဆ အဂေါစရဋ္ဌာန= အမြဲဆွမ်းမခံရန် တားမြစ်ထားသော ခြောက်ဌာန၌ ရင်းနှီးစွာအမြဲဆွမ်းခံခြင်း။
( ပြည့်တန်ဆာမအိမ် မုဆိုးမအိမ် အပျိုကြီးအိမ် ပဏ္ဍုတ်အိမ်(အခြောက်အိမ်) ဘိက္ခုနီမကျောင်း အရက်ဆိုင်တို့ဖြစ်ပါသည်။ ဤ၆အိမ်ကား ရဟန်းတော်များ အမြဲဆွမ်းခံမကြွရပါ။ တစ်ရံတစ်ခါသာ ကြွရပါမည်။ လမ်းထွက်လောင်းရင် ကျောင်းလာပို့ရင် အလှုခံကောင်းပါသည်။)

၂၀။ ရာဇ၀လ္လဘ= မင်းစိုးရာဇာ မင်းမှုထမ်းတို့နှင့် အကျွမ်းတ၀င်မိတ်ဖွဲ့၍ ပစ္စည်းလာဘ်လာဘရှာမှီးခြင်း။

၂၁။ သာသနာတော်၌ မကြည်ညိုသူ သာသနာတော်၏ ဆန့်ကျင်ဘက် ပုဂ္ဂိုလ်တို့နှင့်မိတ်ဖွဲ့၍ ပစ္စည်းလာဘ်လာဘရှာမှီးခြင်း။ တို့ဖြစ်သည်။

ဤဖော်ပြပါ မအပ်သော ရှာမှီးခြင်းဖြင့် ရရှိသော ပစ္စည်းကို မှီဝဲသုံးဆောင်လျှင် ဒုက္ကဋ်အာပတ်သင့်၏။ ဤနည်းဖြင့်ရရှိသော ပစ္စည်းကို အခြားသောရဟန်းများလည်း မသုံးဆောင်အပ် သုံးဆောင်လျှင် ဒုက္ကဋ်အာပတ်သင့်၏။

(အကျယ်ရှင်းလင်းချက်ကို အပိုင်း(၃)အဖြစ် ဆက်လက်တင်ပြပေးပါမည်)

................................................................မိုးသု(မန္တလေး)

0 comments:

Post a Comment