လူတွေကို ချစ်တဲ့အတွက် စွန့်လွှတ်မယ်၊
သစ္စာရှာဖို့ ကိုယ်ကို အသုံးချ သွားမယ်။
ငရဲမှာရှိရှိ၊ ကောင်ကင်မှာ ၀ှက်ဝှက်၊
အနားမှာ ကပ်ကာ မမြင်ရပဲ ၀ဲနေနေ၊
လွတ်မြောက်ရေးလမ်းကို ဆွတ်လှမ်းမယ်ဆိုရင်၊
နောက်ဆုံး အဝေးမှာ တစ်ချိန်ချိန် တစ်နေရာရာမှာ၊
သူ့ စူးစမ်းမျက်လုံးမှာ ပုဝါလှစ်သွားမယ်၊
သူ့ နာကျဉ်ခြေလှမ်းတို့အဖို့ လမ်းပွင့်သွားမယ်၊
ကမ္ဘာစွန့် ရှာခဲ့တာ အောင်မြင် ရရှိမယ်။
သေခြင်း အောင်သူအဖြစ် သေမင်းက တွေ့မယ်၊
ဒါ ငါလုပ်မယ်၊ နိုင်ငံကို အဆုံးခံမယ်၊
နိုင်ငံကို ချစ်လို့၊ နာကျင်တဲ့ နှလုံးအပေါင်း ခုန်သံနဲ့အတူ
ငါ့နှလုံး ခုန်နေလို့ပဲ။
သိသူ၊ မသိသူ၊ ဒီက ငါ့လူတွေ၊
ငါ့လူဖြစ်လာမယ့်သူတွေ၊ ကုဋေကုဋာတွေကို
အခု ငါပြုမယ့် စွန့်ခြင်းက ကယ်လိမ့်မယ်။
အို… ခေါ်တဲ့ ကြယ်တို့…
အို..ငိုကြွေးတဲ့ ကမ္ဘာ..သင့်အတွက် ငါစွန့်ပြီ၊
ငါ့ရဲ့နုပျိုမှု ငါ့ထီးနန်း စည်းစိမ်၊ ငါ့ရွှေ နေ့ညတွေ၊ ငါ့စံနန်း..
ပြီး မင်း လက်တွေ၊ အပယ်မိဖုရား
ကျန်တာအားလုံးထက် အစွန့်ရခက်လှလေရဲ့..။
ဒါပေမယ့် ကမ္ဘာ ကယ်ရာ မင်းကိုလဲ ကယ်မယ်။
ပြီး မင့်ရဲ့ သားအိမ်နုအတွင်းမှာ လှုပ်ရွနေသူ၊ ငါ့ကလေး၊
တို့ မေတ္တာရဲ့ ပုန်းဆဲ ပန်းပွင့်။
သူ့ကို စောင့် နှုတ်ဆက်ရင် အဓိဋ္ဌာန်ပျက်လိမ့်။
ဇနီး ကလေး ဖခင် ပြည်သူတို့
ဒီအချိန်ရဲ့ ပူဆွေးမှု ခဏမျှယူကြတော့၊
ဒါမှ အလင်းထွက်ပေါ်မယ်၊
သတ္တ၀ါတို့ တရားသိမယ်။
ခု စိတ်ပိုင်းလိုက်ပြီ၊ ခုထွက်ခွါတော့မယ်။
အပြင်း ရှာလို့၊ အားထုတ်လို့ အောင်စတမ်းဆိုရင်
ငါရှာတာ မတွေ့မချင်း ပြန်လာမယ် မဟုတ်ဘူး။
(အလောင်းတော်မင်းသား တောမထွက်ခင်ညက စိတ်အခြေအနေကို ကဗျာစပ်ဆိုထားတာပါ။ မောင်သာနိုး ဘာသာပြန်ထားတဲ့ အာရှတိုက်ရဲ့အလင်းရောင် စတုတ္ထကျမ်း စာမျက်နှာ၉၈-၉၉တို့မှ ကောက်နှုတ် တင်ပြပေးပါသည်)
…………………………………………………………………………မိုးသု(မန္တလေး)
0 comments:
Post a Comment