Sunday, January 8, 2012

ယောင်္ကျားတွေ မိန်းမယူလို့ရှိရင်..

နေက အရမ်းပူနေပြင်းနေတော့ ကျောင်းတက်ရတာ စိတ်မပါဘူး။ နေပူတော့ ခေါင်းတွေက မူးနောက်နေတယ်။ ဆရာစာသင်တဲ့ဆီကို အာရုံဝင်စားလို့ကို မရဘူး။ ကျောင်းရှေ့က ဘတ်စ်ကားမှတ်တိုင် ရောက်တော့ ကျောင်းတက်ရတာ စိတ်မပါတဲ့ ကိုယ်လိုလူတွေ အများကြီး တွေ့လိုက်ရတယ်။ သူငယ်ချင်းတစ်ယောက်က ကျောင်းထဲဆက်မသွားတော့ပဲ အေးအေးလူလူ နေလို့ရမယ့် တစ်နေရာကို သွားကြ၇အောင်လို့ ဆော်သြလိုက်တယ်။ သူရဲ့ ဆော်သြမှုကို ဘယ်သူကမှ မငြင်းဆန်ပဲ အားလုံးသဘောတူစွာနဲ့ ကျောင်းထဲဆက်မ၀င်တော့ပဲ အေးအေးလူလူ စကားလို့ ပြောလို့၇မယ့် တစ်နေရာဆီကို သွားခဲ့ကြတယ်။

သူငယ်ချင်းတစ်ယောက်က “သင်ရိုးပြဌာန်းစာပြီးသွားတဲ့ ဘာသာကိုကို နောက်တစ်ခေါက်ဆက်မသင်တော့ပဲ အဲဒီဘာသာချိန်ကို ဒီပြင်ဘာသာသင်ပြီးတော့ တစ်နေ့လေးနာရီ တက်နေရတဲ့ အတန်းချိန်ကို သုံးနာရီပဲ သင်ပြီးတော့ ကျောင်းဆင်းပေးသင့်တယ်။ အခုတော့ သင်ပြီးသားကြီးကို အစကပြန်သင်နေတာ ပျင်းဖို့ကောင်းလိုက်တာ”တာဆိုပြီး ငြီးငြီးငြူငြူနဲ့ ပြောတယ်။

ဒါကို ကြားတော့ အခြားသူငယ်ချင်းတစ်ယောက်က “မင်းက ဥာဏ်ကောင်းတဲ့ ကောင်ဆိုတော့ ဟုတ်တာပေါ့။ ပျင်းစရာကောင်းမှာပေါ့။ ငါ့မှာတော့ ပဌမတစ်ခေါက်သင်သွားတုန်းက နားမလည်တာတွေကို အခုတစ်ခေါက်ပြန်သင်မှ နားလည်လာတယ်။ ပျင်းစရာမကောင်းဘူး။ ကိုယ်သင်နေတဲ့ ဘာသာရပ်ကို ကိုယ်နားလည်လာတော့ သင်ရတာ ပျော်စရာကောင်းလာတယ်။ မင်းမတက်ချင် မတက်နဲ့ပေါ့ကွာ”လို့ ပြန်ပြောလိုက်တယ်။

ဒီပြင်သူငယ်ချင်းတစ်ယောက်ကတော့ ရေသန့်ဘူးကို မော့သောက်ပြီးတော့ “၀ါကျွတ်ရင် သတင်းစာ မဖတ်ရဲတော့ဘူးကွာ”ဆိုပြီး အဆက်အစပ်မရှိ ပြောချလိုက်တယ်။

“ဘာဖြစ်လို့လဲ ပြောစမ်းပါဦး”ဆိုတဲ့ သဘောနဲ့ သူငယ်ချင်းတစ်ယောက်က မျက်လုံးပြူးပြလိုက်တယ်။

“၀ါကျွတ်လိုက်တာနဲ့ သတင်းစာထဲမှာ နောက်ဆုံးစာမျက်နှာတွေမှာ မင်္ဂလာဆောင် သတင်းတွေချည်းပဲကွာ။ ကိုယ့်ကို ပြန်တွေးပြီးတော့ ငိုတောင်ငိုချင်လာချင်တယ်”

“၀ါကျွတ်လေတိုင်း မျက်ရည်ဝိုင်းပေါ့ ဟုတ်လား။ မဟာသီဝမထေရ်ကြီးကတော့ တရားထူးမရလို့ တစ်ဝါကျွတ်သွားရင် တစ်ခါငိုတယ်တဲ့။ မင်းကတော့ မင်္ဂလာဆောင်သတင်းတွေ ဖတ်ပြီးတော့ ဒီတစ်သက်တော့ မိန်းမယူလို့ မရတော့ပါဘူးကွာလို့ တွေးပြီး ငိုတယ်။ ငိုတာချင်းတူတယ်။ ငိုရတဲ့ အကြောင်းရင်းခြင်းသာ မတူသာ”လို့ သူငယ်ချင်းတစ်ယောက်က ပြန်ပြောလိုက်တယ်။

“ဟေ့ကောင် ငိုချင်တယ်ပဲပြောတာ ငိုတယ်မပြောဘူး။ မင်း ဖြည့်စွက်ချက်တွေ မထည့်စမ်းနဲ့”ဆိုပြီး ၀ါကျွတ်တိုင်း ငိုချင်တဲ့ သူငယ်ချင်းက ပြောလိုက်တယ်။ ပြီးတော့ သူတို့ စကားကို သူတို့ဘာသာ သဘောကျသွားပြီးတော့ တဟီးဟီးနဲ့ ရယ်နေကြပြန်တယ်။

သူငယ်ချင်းတစ်ယောက်က “မိန်းမဆိုတာ ချောက်ကမ်းပါးပြတ်ကြီးနဲ့ တူတယ်ဆိုတဲ့ ဘုရားဟောကို ဖတ်ပြီးကထဲက ငါတော့ မိန်းမယူသွားတဲ့ ယောကျာင်္းတွေကို ချောက်ကမ်းပါးပြတ်ကြီးထဲကို ခုန်ချသွားတဲ့ သူတွေလို့ မြင်ယောင်နေမိတယ်။”

“အဲဒီချောက်ကမ်းပါးပြတ်ကြီးက အမြင်မှာကြောက်ဖို့ကောင်းနေပေမယ့် ချောက်ကမ်းပါးပြတ်ကြီးရဲ့ အောက်ရောက်တဲ့အခါမှာတော့ သိပ်ပြီး သာယာကြည်နူးဖွယ်ကောင်းလောက်တယ်။ ဒါကြောင့် တစ်ယောက်ပြီး တစ်ယောက် မကြောက်မရွံ့ ခုန်ချသွားကြတာပေါ့။ ပြီးတော့ တစ်ယောက်မှ ပြန်တက်မလာခဲ့ကြဘူးလေ”ဆိုပြီး ငိုချင်တဲ့ သူငယ်ချင်းက ပြောလိုက်တယ်။

“ငါကိုရင်ဘ၀တုန်းက ဒကာတစ်ယောက်က လူမထွက်ဖို့ လူထွက်ပြီးတော့ မိန်းမမယူဖို့ လူထွက်တာဟာ မိန်းမယူတာဟာ မကောင်းဘူး၊ မိန်းမရပြီးတော့ သုံးလေးလပဲကောင်းတာ ပြီးရင် မကောင်းတော့ဘူးဆိုပြီး လာတရားဟောတယ်။ ငါလဲ အမြင်ကတ်ကတ်နဲ့ ခင်ဗျားပြောသလို မိန်းမမကောင်းတာမှန်ရင် ခင်ဗျားမိန်းမနဲ့ ကြွာ့ပီးတော့ ဘုန်းကြီးဝတ်လိုက်ပါလားလို့ ရွဲ့ပြီးပြောလိုက်တယ်”

“ကိုရင်လေးရဲ့ ငါးမျှားချိန်မှာ မိနေတဲ့ငါးက ငါးမျှားချိတ်မကောင်းမှန်းသိပေမယ့် ဖြုတ်မရတော့ဘူး။ အဲဒီလိုပဲ ကိုရင်လေးရဲ့။ တပည့်တော်က ငါးမျှားချိတ်မိနေတဲ့ ငါးလို ဖြစ်နေပြီ။ ကိုရင်တော့ ငါးမျှားချိတ်မမိသေးတဲ့ ငါးလေးမို့ ငါးမျှားချိတ်ကို လာပြီး မဟပ်ချင်စမ်းပါနဲ့လို့ ငါ့ကို ပြန်ပြောသွားခဲ့တယ်။ မင်းပြောတဲ့ ချောက်ကမ်းပါးပြတ်ထဲ ခုန်ချသွားပြီးတော့ ပြန်မတက်လာကြတာ ချောက်ကမ်းပါးအောက်မှာ သာယာကြည်နူးဖွယ်တွေ ရှိနေလို့ ပြန်တက်မလာကြတာ ဟုတ်ဟန်မတူပါဘူး။ ငါးမျှားချိတ်မိနေတဲ့ ငါးတွေလို ဖြစ်နေကြလို့ ပြန်တက်မလာနိုင်ကြတာ ဖြစ်မှာပါ” ပြောလိုက်တယ်။

သူငယ်ချင်းတစ်ဖွဲ့လုံးက ငါးမျှားချိတ်မှာ မိတဲ့ငါးဆိုတဲ့ စကားကို ၀ိုင်းဝန်းထောက်ခံ သဘောတူခဲ့ကြတယ်။

မြစ်ရေပြင်ထဲက သူ့ လိုတရဓာတ်လုံးကြီး ထွက်လာမတတ် မြစ်ရေပြင်ကို ငေးကြည့်နေတဲ့ စကားဝိုင်းဘေး အပြင်ရောက်နေတဲ့ သူငယ်ချင်းက “မိန်းမက ချောက်ကမ်းပါးပြတ်ကြီး မိန်းမယူသွားတဲ့ ယောကျာင်္းတွေဟာ ချောက်ကမ်းပါးပြတ်ထဲ ခုန်ချသွားတဲ့ ယောကျာင်္းတွေဆိုရင် အင်းဝခေတ်က စာဆိုတော် အရှင်မဟာရဋ္ဌသာရဟာ ချောက်ကမ်းပါပြတ် နှုတ်ခမ်းဝကနေ ချောက်ကမ်းပါးပြတ်ထဲ ခုန်ချလုလုဆဲဆဲမှာ သတိပြန်ဝင်လာပြီးတော့ ချောက်ကမ်းပါးပြတ်ထဲကို ခုန်မချတော့ပဲ နောက်ကြောင်းပြန်လှည့်လာတဲ့ ပညာရှိတစ်ယောက်ပဲလို့ ငါတော့ မြင်မိတယ်”လို့ ပြောလိုက်ပြန်တယ်။

ဒါလဲဟုတ်တာပဲဆိုတဲ့ သဘောနဲ့ အားလုံးက ခေါင်းတညိတ်ညိတ် လုပ်နေကြတယ်။

“ဟေ့ မင်းတို့ဘာပြောပြော ငါတော့ ချောက်ကမ်းပါးပြတ်ကြီးထဲကို ခုန်ချနေချင်တုန်းပဲ”လို့ ငိုချင်တဲ့ သူငယ်ချင်းက စပ်ဖြီးဖြီးနဲ့ ပြောလိုက်ပြန်တယ်။

“ချစ်သားတို့ မိန်းမရဲ့ အင်္ဂါဇာတ်ထဲကို သင့်တိုရဲ့ အင်္ဂါဇာတ်ထည့်မယ်အစား လောလောလတ်လတ် သေစေနိုင်တဲ့ အဆိပ်ရှိတဲ့ မြွေပွေးမြွေဟောက်ရဲ့ ခံတွင်းထဲကို သင်တို့ရဲ့ အင်္ဂါဇာတ်ထည့်လိုက်တာကမှ မြတ်ပါသေးတယ်လို့ ဘုရားဟောထားတာကို ငါဖတ်ဘူးတယ်။ ဟဲ ဟဲ မင်းမကြောက်ဘူးဆိုရင်တော့ စမ်းကြည့်ပေါ့ကွာလို့ ပြောလိုက်တယ်”

ဘာတွေးမိကြတယ်မသိဘူး။ အကုန်လုံးက အားပါးတရ ရယ်လိုက်ကြတယ်။

“မင်းတို့ ပြောလို့ ငါလဲ ငါသိထားတာပြောရဦးမယ်။ မိန်းမတွေဟာ ယောကျာင်္းကောင်းကို ဘယ်တော့မှ မရဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ယောကျာင်္းကောင်းဟာ ဘယ်တော့မှ မိန်းမမယူဘူးတဲ့။ တကယ်လို့ အကြောင်းကြောင်းကြောင့် မိန်းမယူခဲ့ရင်တောင်မှ ခဏလေးပဲ ပေါင်းပြီးတော့ အဲဒီမိန်းမကို စွန့်ခွာပြီးတော့ ပစ်ထားတတ်ခဲ့ကြတယ်တဲ့။ ဒါကြောင့် ငါတော့ ငါ့ကိုငါ ယောကျာင်္းကောင်းလို့ တွေးမိတယ်”

“မရလို့ မယူတာပြောစမ်းပါကွာ။ မိန်းမလိုချင်လို့ တစ်ပိုင်းသေနေတဲ့ ကောင်ကများ။ မိန်းမမယူတဲ့ ယောကျာင်္းတွေဟာ ယောကျာင်္းကောင်းဆိုရင် အဲဒီယောကျာင်္းကောင်းထဲ မင်းမပါဘူး။ အဲဒီစကားဟာ အရှင်မဟာရဋ္ဌသာရတို့လို သူတွေကိုပဲ ပြောတဲ့စကားဖြစ်တယ်”

……………………………………………………………………………………မိုးသု(မန္တလေး)

0 comments:

Post a Comment