Saturday, January 7, 2012

အရှင်ဒေ၀ဒတ်က ပါရမီဖြည့်ဘက်လား

(အရှင် ဘုရား နောက်တစ်ခုလောက်ထပ်မံလျှောက်ခွင့်ပြုပါဘုရား
တကယ်လို့ အရှင်ဒေ၀ဒတ်သာ ဘုရားရှင်ကို အကျိုးပျက်စီးကြောင်းတွေသာမကြံစည်ခဲ့ရင် ဘုရားရှင်ပါရမီဖြည့်ခွင့်ရပါမလားဘုရား
အဲလိုဆိုရင်အရှင်ဒေ၀ဒတ်ကိုယ်တိုင်က ဘုရားရှင်၇ဲ့ ပါရမီဖြည့်ဘက်ပါလားဘုရား )

ဒါသိပ်ကောင်းတဲ့ မေးခွန်းပေါ့ယူရီ။ စာပေကျမ်းဂန်ကို နှံ့နှံ့စပ်စပ်လေ့လာဘူးတဲ့ ပုဂ္ဂိုမှန်ရင် ဘယ်သူမှ အရှင်ဒေ၀ဒတ်ကို ဆိုးညစ်တဲ့သူအဖြစ် မမြင်ကြတော့ပါဘူး။ ဥပမာ တောင်မြို့မဟာဂန္ဒာရုံဆရာတော် အရှင်ဇနကာဘိဝံသ၊ သူဆိုရင် အရှင်ဒေ၀ဒတ်ကို ဒေ၀ဒတ်လို့ မခေါ်ကြဖို့ ဆိုင်ရာတပည့်သာဝကတွေကို ဆုံးမလေ့ရှိတယ်။ အရှင်ဒေ၀ဒတ်ရဲ့ အနစ်နာခံတတ်တဲ့စိတ်ထား အနစ်နာခံပြီး ဘုရားရှင်ကို ပါရမီကူဖြည့်ခဲ့ပုံတွေကို အခွင့်အခါသင့်တိုင်း ပြောပြလေ့ရှိတယ်။

အရှင်ဒေ၀ဒတ်ဟာ ဘုရားရှင်ရဲ့ ပါရမီဖြည့်ဘက်ဆိုတာ ဧကန်ဒိဋ္ဌမှန်ပါတယ်။ ယုံမှားသံသယရှိစရာမလိုပါဘူး။ မြင်သာအောင် အနည်းငယ်ရှင်းပြပေးပါ့မယ်။

ဘုရားရှင်ဟာ ကမ္ဘာတစ်သိန်းလွန်လျှင် အရှင်ဒေ၀ဒတ်ဟာ ``အဋ္ဌိဿရ´´အမည်ရှိတဲ့ ပစ္စေကဗုဒ္ဒတစ်ပါးဖြစ်လိမ်မယ်လို့ ဗျာဒိတ်တော် ကြားခဲ့တယ်မို့လား။

ပစ္စေကဗုဒ္ဒဆိုတာ ``နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးမှ´´ဖြစ်တာလေ။ ဒီတော့ အရှင်ဒေ၀ဒတ်ဟာ နှစ်အသင်္ချေပါရမီ ဖြည့်ခဲ့ပြီးလို့ ကမ္ဘာတစ်သိန်းလွန်လျှင် ပစ္စေကဗုဒ္ဒါဖြစ်လိမ့်မယ်လို့ ဗျာဒိတ်တော်ကြားခဲ့တာပေါ့။ ဆိုလိုတာက ဘုရားရှင်နှင့်အတူ အခွင့်သင့်တိုင်း ပါရမီဖြည့်ခဲ့တဲ့သဘောပေါ့။ ဒီတော့ ပါရမီဖြည့်ဘက်တွေဆိုတာ ဘာမှသံသယ၀င်စရာမလိုပါဘူး။

တကယ်တော့ အရှင်ဒေ၀ဒတ်ကို အကြောင်းပြုပြီးတော့ ဦးဇင်းတို့တွေဟာ ဘုရားရှင်ရဲ့ပါရမီတော်ကို သိခွင့်နာခွင့်ရခဲ့ကြတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ အရှင်ဒေ၀ဒတ်ကို အကြောင်းပြုပြီး ဟောထားခဲ့တဲ့ ဇာတ်တော်တွေက အများကြိးပဲကိုး။(ဇာတ်တော်အပြင် အခြားဒေသနာတော်များလည်း ရှိပါသေးတယ်)

ဇာတ်တော် (၅၄၇)ဇာတ် ရှိရာမှာ အရှင်ဒေ၀ဒတ်ကို အကြောင်းပြုပြီးဟောထားတဲ့ ဇာတ်တော်က(၅၂)ဇာတ်ရှိပါတယ်။ (ဇာတ်တော်တွေကို အတိအကျရေရင် (၅၅၀)မပြည့်ပါဘူး။ ခေါ်ကောင်းမှတ်ကောင်းအောင်လို့ ၅၅၀လို့ ခေါ်ခဲ့မှတ်ခဲ့ကြတာပါ။)

တကယ်တော့ အရှင်ဒေ၀ဒတ်ဟာ အင်မတန်လေးစားကြည်ညိုဖို့ကောင်းလှတဲ့ ဘုရားရှင်ရဲ့ ပါရမီဖြည့်ဖက်တစ်ဦးပါ။ ဘုရားရှင်ရဲ့ ဘ၀အစိတ်အပိုင်းတော်တော်များများမှာ အရှင်ဒေ၀ဒတ်ပါဝင်ပတ်သက်ခဲ့တာတွေ များလှပါတယ်။

နောက်ဆုံးဘ၀မှာတောင် ယသော်ဓရာရဲ့အကိုရင်း ဘုရားရှင်ရဲ့ ယောက်ဖတော်အဖြစ် ပါဝင်ပတ်သက်ခဲ့ရပါတယ်။ ဒီလောက်အထိ ကျေးဇူးများတဲ့သူပါ။ သာမန်ကြည့်ရင် ဇာတ်ကားတွေမှာ ဗီလိန်တွေဟာ အမြင်ကတ်ဖို့ မုန်းဖို့ကောင်းနေပေမဲ့ အမှန်က ဗီလိန်တွေကြောင့် ဇာတ်ကအသက်ဝင်ကြည့်ကောင်းနေတာပါ။

ဒီသဘောကိုသိသွားတဲ့ ဆရာတော်တွေဟာ အရှင်ဒေ၀ဒတ်ကို ဘုရားရှင်ရဲ့ပါရမီဖြည့်ဘက်အဖြစ် လေးစားစွာနဲ့ ပြောဆိုဆက်ဆံကြပါတယ်။ ဒီလောက်ဆိုရင် နားလည်လောက်ပြီလို့ထင်ပါတယ်။

...........................................................................................................အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)

(လွန်ခဲ့တဲ့နှစ်တွေတုန်းက ယူရီဆိုတဲ့ ချာတိတ်လေးရဲ့ တတိယမြောက်မေးခွန်းပါ။ ပို့စ်ခေါင်းစဉ်ကိုတော့ ပြန်ပြင်လိုက်ပါတယ်)

0 comments:

Post a Comment