Tuesday, January 10, 2012

ကတိမတည်ခဲ့လို့ရှိရင်..

(ကတိမတည်ရင် အကုသိုလ်ဖြစ်ပါသလား ဖြေကြားပေးတော်မူပါ)

ကတိဆိုတာ သစ္စာရဲ့ ကိုယ်ပွားစကားလုံးတစ်ခုပါ။ ဒါကြောင့် ရှေးပညာရှိတွေက “ကတိသစ္စာ တည်သောခါဝယ်”စတဲ့ ကဗျာလင်္ကာတွေမှာ သစ္စာနဲ့ကတိကို ထပ်တူပြုပြီးတော့ စပ်ဆိုခဲ့ကြတယ်။

ကတိပေးတယ်ဆိုတာ သစ္စာပြုတာပါပဲ။ ဒါကြောင့် ကတိပျက်ရင် သစ္စာပျက်ပါတယ်။ သစ္စာပျက်ရင် နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေက အများကြီး တစ်လျှောက်ကြီး တသီတစ်တန်းကြီး လိုက်ပါလာပါတယ်။

အနည်းဆုံးကတော့ ကတိပျက်ပြီဆိုတာနဲ့ မုသာဝါဒကံတော့ ထိုက်သွားတာပါပဲ။ မုသာဝါဒကံထိုက်ပြီဆိုမှတော့ အကုသိုလ်ဖြစ်ပြီပေါ့ ဒကာမိုးချမ်း။

မင်းတောင်းတာကို ငါပေးမယ်ပါမယ်။ မင်းတစ်ယောက်ကိုပဲ ချစ်ပါတယ်။ မင်းကလွဲရင် ဖွဲနဲ့ဆန်ကွဲပါ။ မင်းခိုင်းတာကို ငါဆက်ဆက် လုပ်ထားလိုက်ပါမယ်။ ငါ့ကို ယုံကြည်စိတ်ချပါစတဲ့ ကတိတွေအမျိုးမျိုးပေး သစ္စာတွေ မရိုးနိုင်အောင် အမျိုးမျိုးထားပြီးတော့ ဘာတစ်ခုမှ ပြောတဲ့အတိုင်း မဟုတ်ခဲ့ရင် လိမ်လည်လှည့်စား ပလီပလာစကားတွေ ဖြစ်သွားတာပါပဲ။ ဒါကတော့ မုသာဝါဒကံထိုက်ပုံကို ပြောတာပါ။

တစ်ခါ တစ်ဘက်လူမှာ ကိုယ့်ရဲ့ ကတိသစ္စာ ပျက်ယွင်းမှုကြောင့် ဆုံးရှုံးမှုကြီးမားရင် ကြီးမားသလို ကိုယ်ရဲ့ အကုသိုလ်ကလဲ ကြီးသွားပြီးတော့ ကိုယ်ခံရမယ့် ပြစ်ဒဏ်ကလဲ ကြီးသွားပါလိမ့်မယ်။

နောက်ထပ် ကတိပျက်ယွင်းမှုကြောင့် အဒိန္နဒါနကံလဲ ထိုက်နိုင်ပါသေးတယ်။ ပါဏာတိပါတကံလည်း ထိုက်နိုင်ပါသေးတယ်။ ကတိပျက်ယွင်းမှုဟာ အတော်ကြီးကို ဆိုးဝါးလွန်းတဲ့ အကုသိုလ်ပါဒကာ။

လူတွေရဲ့ တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးမှာ ယုံကြည်မှုက သိပ်အရေးကြီးပါတယ်။ တစ်ယောက်ကို တစ်ယောက် ယုံကြည်ဖို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပေးထားတဲ့ ကတိတွေ တည်ဖို့လိုအပ်ပါတယ်။

ဒကာ ကတိတည်တဲ့ သူဖြစ်ပါစေလို့ ဦးဇင်းဆုတောင်းပေးပါတယ်။

....................................................................................................................မိုးသု(မန္တလေး)

0 comments:

Post a Comment