Tuesday, January 3, 2012

ဆွမ်းကပ်ရာတွင် စားပွဲကို မ.တင်ပေးရမည့် ပမာဏ

ကာတော့ကြာပါပြီ။ ဒကာတစ်ယောက်မေးသွားတယ်။`` ဆွမ်းကပ်ရင် စားပွဲကို ဘယ်လောက်အထိ မပြီးကပ်ရမှာလဲ´´လို့ မေးထားတယ်။ အဲဒီရက်က ကော်နက်ရှင်တွေကလည်း မကောင်းတာနဲ့မို့ အခုမှပဲဖြေပေးဖြစ်တော့တယ်။ ဖြေပေးချင်တာကတော့ သူမေးကထဲကပါ။ လူတိုင်းလည်း သိထားသင့်တဲ့မေးခွန်းလေးပါပဲ။ ဒါကြောင့်မို့ အတတ်နိုင်ဆုံး နားလည်သဘောပေါက်အောင် နားလည်နိုင်မည့် စကားလုံးတွေကို သေချာရွေချယ်စိစစ်ပြီး ဖြေပေးလိုက်ပါတယ်။

အတ္ထိုရ်ပါဠိတော် ပဉ္စကနိပါတ် အသပ်ပုရိသသုတ်မှာ မသူတော်တို့ရဲ့ ပေးလှုခြင်းငါးပါးကို အခုလိုဖော်ပြပေးထားပါတယ်-----

၁။ မရိုမသေပေးလှုခြင်း။
(လှုဖွယ်ဝတ္ထုကို သန့်သန့်ရှင်းရှင်းပြုလုပ်၍ မပေးလှုပဲ ဖြစ်ကတ်ဆန်း ပေးလှုခြင်းမျိုးစသည်ဖြင့် မိမိဘာသာ အကျယ်ချဲ့၍ နားလည်ပါလေ..)

၂။ မြတ်နိုးသောစိတ်မရှိပဲ ပေးလှုခြင်း။

၃။ ကိုယ်ထိလက်ရောက် မပေးလှုခြင်း။

၎။ပြတ်တောင်း ပြတ်တောင်းပေးလှုခြင်း။

၅။ အကျိုးရလိမ့်မည်ဟု မယုံကြည်ပဲ ပေးလှုခြင်း။လို့ ဖော်ပြထားတာ ရှိပါတယ်။

ဒါကြောင့်မို့လို့ အလှုရှင်များက ကိုယ်ထိလက်ရောက်ပေးလှုတဲ့အနေနဲ့ စားပွဲလိုက်မပြီးတော့ သံဃာတော်တွေကို ရိုသေစွာဖြင့် ကပ်လှုကြရတာပါ။ ဒီလိုမျိုး ကိုယ်ထိလက်ရောက် ပေးလှုတာမျိုးကမှ သူတော်ကောင်းတွေရဲ့ ပေးလှုပူဇော်နည်းဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ``ပုဆစ်ဒူးကိုတုပ်ပြီးတော့ လက်နှစ်ဘက်နဲ့ စားပွဲဝိုင်းကို ရိုသေစွာကိုင်တွယ်ကာ စားပွဲအခြေလေးချောင်း အောက်ကြမ်းခင်းနဲ့ ကင်းလွတ်သွားသည်အထိ စားပွဲကိုမြှောက်ပင့်ကာ ကပ်လှုပူဇော်ရပါမယ်။မ.လို့မရတဲ့ စားပွဲဝိုင်းမျိုးဆိုရင် ပန်းကန်တွေကို တစ်ခုချင်းမ.ပြီးကပ်လှုရပါမယ်။ ပြီးရင် ပြတ်တောင်း ပြတ်တောင်းမဖြစ်ရအောင် လျော့သွားတဲ့ဟင်းခွက်တွေကို ဂရုတစိုက်ထပ်ဖြည့်ပေးရပါမယ်။ စားပွဲဝိုင်းကို ဟင်းပန်းကန်တွေကို ကပ်ပြီးတာနဲ့ ထပ်မထိမိအောင် ဂရုစိုက်ရပါမယ်။ ကပ်ပြီးသားကို ထပ်ပြီးထိကိုင်ရင် အကပ်ပျက်ပါတယ်။ ဒါကြောင့် ဟင်းတွေကို ရဟန်းတော်များ ပန်းကန်ထဲကိုထည့်မပေးပါနဲ့။ အထူးသတိပြုပါ။´´

နောက်တစ်ခုက လက်ဘက်ကို ယွန်းခွက်တွေနဲ့ ထည့်ပြီးတော့ ကပ်လှုလေ့ရှိကြပါတယ်။ အဲဒါဟာ မအပ်စပ်ပါဘူး။ ဒါကြောင့် ရဟန်းတော်များကို ဆွမ်းကပ်လှုတဲ့အခါမှာ သစ်သားခွက်တွေနဲ့ ထည့်မထားမိအောင် အထူးသတိပြုရပါမယ်။
စားပွဲတွေ ပန်းကန်တွေကို သပ်သပ်ရပ်ဖြစ်အောင် တတ်နိုင်သမျှ သန့်ရှင်းစင်ကြယ်စေရပါမယ်။ ဒါမှသာလျှင် သူတော်ကောင်းတိုရဲ့ ပေးလှုခြင်းဖြစ်ပါလိမ့်မယ်။

ကဲ.....ဒီလောက်ဆိုရင် နားလည်လောက်ပြီးလို့ ယူဆလိုက်ပါတယ်။
....................................................မိုးသု(မန္တလေး)

0 comments:

Post a Comment