အမေရဲ့ သားအကြီးဆုံးက မုံရွာစစ်တပ်ကနေ လာရှိုးတပ်ကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရတယ်။ အမေက ခုနှစ်သားအရွယ် သားငယ်လေးကို ခေါ်သွားပြီးတော့ လာရှိုးက သားကြီးစားဖို့အတွက် အခြောက်အခြမ်းတွေ သွားပို့တယ်။ အဓိကကတော့ သားကြီးကြိုက်တဲ့ ဖားခြောက်တွေပေါ့။ သားကြီးက ဖားဟင်းကြိုက်ရှာတယ်။ တပ်ထဲမှာဆိုတော့ ဒီလိုမှ ပို့မပေးရင် သူစားချင်တာလေးတွေ မစားရဘူးပေါ့။ သားငယ်ကတော့ သူမစီးဘူးတဲ့ ကားနဲ့ ရထားစီးရလို့ ပျော်နေတယ်။ လာရှိုးမှာ တစ်ပတ်လောက်နေပြီးတော့ အမေတို့ ရွာကို ပြန်ခဲ့ကြတယ်။
အဲဒီတုန်းက လာရှိုးကနေ မန္တလေးကို ရထားနဲ့ ပြန်တယ်။ မန္တလေးကနေ ရေဦးအထိကို ကားစီးရတယ်။ ကားတွေက တန့်ဆည်လမ်းဆုံအထိ မရောက်သေးဘူး။ ရေဦးအထိပဲရောက်တယ်။ ရေဦးကနေ တန့်ဆည်လမ်းဆုံကို ထွန်စက်စီးရတယ်။ လယ်ထွန်စက်ကို နောက်တွဲတပ်ပြီးတော့ ရေဦးနဲ့ တန့်ဆည်လမ်းဆုံကို အစိုးရပြေးဆွဲပေးတာ။ ပုံစံက ထွေလာဂျီနဲ့ ခပ်ဆင်ဆင်ပဲ။ တန့်ဆည်လမ်းဆုံနဲ့ ရွာက ငါးမိုင်ဝေးသေးတယ်။ အမေတို့နဲ့ အနီးဆုံမြို့က တန့်ဆည်လမ်းဆုံပဲ။ ရွာမှာ သာရေးနာရေးရှိလို့ များများစားစား ၀ယ်ရခြမ်းရမယ်ဆိုရင် တန့်ဆည်လမ်းဆုံမှာ ၀ယ်ကြရတယ်။ ရွာနဲ့ ငါးမိုင်ဝေးပေမယ့် ခြေလျင်ပဲ သွားကြပြန်ကြတယ်။ ၀ယ်တဲ့ပစ္စည်းများရင်တော့ လှည်းနဲ့သွားကြတာပေါ့။ အခုလို ဆိုင်ကယ်တွေ မရှိသေးဘူး။
အမေတို့ တန့်ဆည်လမ်းဆုံရောက်တော့ နေရောင်က အတော်ညှိုးနေပြီ။ ခပ်မှောင်မှောင်ပဲ။ အမေ့အထင် ညနေငါးနာရီခွဲလောက်ဖြစ်မယ်။ ဆောင်းတွင်းဆိုတော့ အမှောင်မြန်တာပေါ့။ အမေတို့သားအမိ နှစ်ယောက်ထဲ ရွာကို ပြန်ခဲ့ကြတယ်။
တန့်ဆည်လမ်းဆုံနဲ့ ရွာကြားထဲမှာ ခွေးနက်ချောင်းနဲ့ တစ်ဝက်ညောင်ပင်ဆိုတာရှိတယ်။ အဲဒီနေရာနှစ်ခုက တစ္ဆေခြောက်လွန်းလို့ နာမည်ကြီးတယ်။ တစ်နယ်လုံး ကလေးရော လူကြီးပါသိကြတယ်။ အမေတို့သားအမိ ခွေးနက်ချောင်းနဲ့ နီးလာတော့ ကလေးငိုသံကြားရတယ်။
``အမေ တစ္ဆေခြောက်တာထင်တယ်´´လို့ သားငယ်ကပြောတယ်။ သားငယ်လက်ကို ဆွဲပြီးတော့ ``အမေရှိတယ် မကြောက်နဲ့သား ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ရွတ်နေ´´လို့ သားငယ်ကို အားပေးစကားပြောရတယ်။ အမှန်ကတော့ အမေကိုယ်တိုင်လဲ ကြောက်နေတာပဲ။
ကလေးငိုသံက ခွေးနက်ချောင်းကျော်လာတဲ့အထိ ကြားနေရတုန်းပဲ။ ခွေးနက်ချောင်း တံတားပေါ် ဖြတ်လျှောက်ခဲ့တုန်းက ကလေးငိုသံက တံတားအောက်ကနေ ထွက်တယ်လို့ အမေ သတိထားမိတယ်။ အမေ့စိတ်ထဲမှာ တစ်ထင့်ထင့်ပဲ။ တစ္ဆေခြောက်တာဆိုရင်လဲ ခွေးနက်ချောင်းကျော်လာတဲ့ အထိတော့ အသံမကြားရလောက်ဘူးလို့လဲ တွေးမိတယ်။ ဒါနဲ့ အမေလဲ ဖြစ်ချင်ရာဖြစ်တော့ဆိုပြီး ကိုယ့်ကိုအားတင်းပြီးတော့ နောက်ကြောင်းပြန်လှည့်ပြီး ခွေးနက်ချောင်းတံတားအောက်ကို ဆင်းကြည့်ခဲ့တယ်။
တံတားအောက်ေ၇ာက်တော့ ပိတ်နှီဖြူလေးနဲ့ ထုတ်ထားတဲ့ လသားအရွယ် ကလေးငယ်လေး ငိုနေတာကို တွေ့ရတယ်။ စွန့်ပစ်ထားခဲ့တာလို့ သိလို့ ကလေးကို အမေမွေးဖို့ ခေါ်လာခဲ့တယ်။
အိမ်ရောက်လို့ ပိတ်နှီးဖြေလိုက်တော့မှ ယောကျာင်္းလေးမှန်း သိရတယ်။ လမ်းတုန်းက မျက်နှာကြည့်ပြီးတော့ မိန်းကလေးပဲလို့ ထင်နေခဲ့တာ။ ပိတ်နှီးထဲမှာ စာတစ်စောင်နဲ့ နှစ်ကျပ်ခွဲသား ရွှေဆွဲကြိုးတစ်ကုံး ပါလာတယ်။
``ကလေးကို အသက်ရှင်အောင် မွေးပေးပါ။ ပညာသင်ပေးပါ´´လို့ပါတယ်။ ပြီးတော့ ကလေးကို သူတို့ပေးထားတဲ့ နာမည်နဲ့ ကလေးရဲ့ မွေးသက္ကရာဇ်ပါတယ်။
လွန်ခဲ့တဲ့ ၁၃နှစ်က အမေပြောပြခဲ့တဲ့ ကိုယ့်ရဲ့ ဘ၀ဇာတ်ကြောင်းဖြစ်တယ်။ အမှန်ကတော့ အမေက ဒီအကြောင်းအရာတွေကို ပြောပြဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ အဲဒီနေ့က အမေ့ရဲ့ အငယ်ဆုံးသားနဲ့ ကစားရင်းက ``မင်းက သားအရင်းမဟုတ်ဘူး ခွေးနက်ချောင်းတံတားအောက်က အမေကောက်၇တာ´´လို့ ပြောတယ်။ ``မင်းသာ ကောက်ရတာ ငါက သားအရင်း´´လို့ ငြင်းနေတယ်။ ဘေးက လူကြီးတစ်ယောက်က ``ဟုတ်တယ် မင်းက ကောက်၇တာ သားအရင်းမဟုတ်ဘူး´´လို့ ၀င်ပြောတယ်။ ဒါနဲ့ မယုံလို့ အမေ့ကို ငိုပြီးသွားမေးခဲ့တယ်။ အမေက မပြောပါဘူး။ အတင်းမေးမှ ပြောပြခဲ့တာဖြစ်တယ်။ ပြီးတော့ ကိုကို့လဲ ရိုက်တယ်။
ဘယ်တုန်းကမှ ကိုယ့်ကို မွေးစားသား မိဘရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ မိဘမဲ့ကလေးလို့ မထင်ခဲ့ပါဘူး။ အဖေရော အမေရောက သားသမီးအရင်းတွေထက်တောင် အလိုလိုက်ခဲ့တာပဲလေ။ ဘယ်မှာ ထင်မိပါ့မလဲ။
ကိုယ်တောင် မကျွေးမွေးနိုင်ပဲနဲ့ ဘယ်သူကောက်မွေးမယ်ဆိုတာလဲ မသေချာပဲနဲ့ `အသက်ရှင်အောင် မွေးပေးပါ´လို့ မှာခဲ့တဲ့ မိဘရင်းတွေကို တွေးမိရင်တော့ ရယ်တော့ရယ်ချင်သား။
ကိုယ့်အကြောင်းကို တွေးမိတဲ့အခါမှာ ``ခပ်ပွေပွေ ခပ်ရှုပ်ရှုပ် ယောကျာင်္းနဲ့ ခပ်လည်လည် ခပ်ပျက်ပျက် မိန်းမ တားဆေးလို ကွန်ဒုံးလို အကာအကွယ် မသုံးမိပဲ မထင်မှတ်မရည်ရွယ်ပဲ မမွေးချင်ပဲ မွေးလိုက်ရလို့ စွန့်ပစ်ခဲ့တဲ့ ကလေးတစ်ယောက်ဖြစ်လောက်တယ်´´လို့ တွေးမိတယ်။
ရေးထားခဲ့တဲ့ စာ၊ ပေးထားခဲ့တဲ့ ရွှေဆွဲကြိုးကို ကြည့်ပြီးတော့ ``အမျိုးကောင်းသားနဲ့ အမျိုးကောင်းသမီးတို့ အကြောင်းကြောင်းတွေကြောင့် မစွန့်ပစ်ချင်ပဲ စွန့်ပစ်ခဲ့ရတဲ့ ကလေးတစ်ယောက်ဖြစ်လောက်တယ်´´လို့လဲ တွေးမိတယ်။
ငယ်ငယ်တုန်းက မိဘရင်းတွေ မရှိလို့ မိဘရင်းတွေက ဘယ်သူမှန်းမသိလို့ အားငယ်ခဲ့တာမျိုး ဖြစ်ခဲ့ခံစားခဲ့ရပေမယ့် အခုတော့ အဲဒီခံစားချက်မျိုး မရှိတော့ဘူး။ မဖြစ်တော့ဘူး။
ကိုယ့်ဆီမှာ ကိုယ်လက်အဂါင်္တွေ ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံရှိတယ်။ ဘ၀တစ်ခုကို ရပ်တည်နိုင်တဲ့ အတတ်ပညာ အသိပညာတွေ ရှိနေတယ်။ ဆရာကောင်း မိတ်ကောင်းဆွေကောင်း သူငယ်ချင်းကောင်းတွေ ရှိတယ်။ ကောင်းသောကိုယ်ကျင့်တရားကို ပိုင်ဆိုင်ထားတယ်။ ဒါကြောင့် အားမငယ်တော့ဘူး။ အထီးမကျန်တော့ဘူး။
တကယ်တော့ တွေးကြည့်လိုက်ရင် လူတိုင်းက မိဘမဲ့တွေချည်းပါပဲ။ မိဘမဲ့ စောစောဖြစ်တာနဲ့ နောက်ကျပြီးမှ ဖြစ်တာပဲ ကွာခြားပါတယ်။ ကိုယ်တစ်ယောက်ထဲ မိဘမဲ့ဖြစ်နေတာ မဟုတ်ဘူး။ ဘာမှ အားငယ်နေဖို့ အထီးကျန်နေဖို့ မလိုဘူးလို့တွေးမိတယ်။
``သူတို့ထားခဲ့တဲ့ ဆွဲကြိုးကို ပြန်ပေးချင်လို့ သူတို့တွေနဲ့ တစ်ခါလောက်တော့ ပြန်တွေ့ချင်သေးတယ်´´လို့ အမေကတော့ ပြောတယ်။
အမေ ဘာကြောင့် ဆွဲကြိုးပြန်ပေးချင်လဲဆိုတာ သားသိတာပေါ့အမေ..။
………………………………………………………………………………………………..မိုးသု(မန္တလေး)
0 comments:
Post a Comment