ဒီအခါမှာ သင်္ဂဇာဆရာတော်ကြီးက ပုံပြင် ဥပမာတွေနဲ့ ရှင်းပြတော်မူခဲ့တယ်။ ဒါလဲ ငြင်းခုန်မှုက အဆုံးသတ်မသွားခဲ့ပါဘူး။ နောက်ပိုင်ကျတော့ သင်္ဂဇာဆရာတော်ကြီးဟာ ဒီကိစ္စကို မကြာမကြာ လာလာလျှောက်နေကြတော့ ရှင်းပြနေလဲ မောရုံပဲအဖတ်တင်တယ်လို့ သဘောထားပြီးတော့ ခပ်ရွတ်ရွတ်ပဲ အဖြေပေးတော့တာများတယ်။
သင်္ဂဇာဆရာတော်ကြီး မိန့်တော်မူခဲ့တဲ့ ပုံပြင်တွေထဲက တစ်ခုလောက် ဗဟုသုတရအောင် ပြောပြပေးမယ်။
အခါတစ်ပါး သင်္ဂဇာဆရာတော်ကြီးသည် တပည့်ရဟန်းများစွာဖြင့် ဟင်္သာတမြို့သို့ ရောက်ရှိတော်မူလာပါတယ်။ ထိုအခါမှာ ဒွါရဂိုဏ်းဝင်ဒကာများက `` အရှင်ဘုရား တပည့်တော်များသည် ဘုရားဟော ပါဠိတော် အဋ္ဌကတာကျမ်းများကို အကိုးအကားပြုပြီး ဒွါရကမှန်ပါတယ်လို့ ရပ်တည်တာကို `လူမွှေလူကြွား ဒွါရသမား´ ဟု အပြောခံရပါသည်´´ လို့ လျှောက်ထားကြပါတယ်။
အဲဒီအခါမှာ ``ဒကာတို့တွေဟာ `ဟင်းတစ်ခွက် တောက်ဘက်ကချို´ဆိုသာလို အပိုစကားပြောကြတယ်။ ဂေါတမဘုရားတစ်ဆူတည်း ဟောကြားသည့် တရားတော်ကျမ်းဂန်မှာ ကံနှင့်ဒွါရ နှစ်ဌာနနှစ်ပါး ကွဲပြားသည်မဟုတ်။ ကိုယ် နှုတ် နှလုံး စောင့်သုံးခြင်းမရှိ မိမိတို့ သဘောအတိုင်း ဂိုဏ်းကွဲပြုလုပ်၍ အမှုရှုပ်စကားပြောပြီး အကုသိုလ်ပွားကြသည်။ ဒကာတို့စကားအရ အတ္တဟိတ ပရဟိတ သာသနာ့အကျိုး သယ်ပိုးရွက်ဆောင်လျက် ကောင်းအောင်ကျင့်ပါ၏လို့ ဆိုသော်လည်း `မိုးပေါ်ကို ခြေကန်အိပ်သော တစ်တီတူးငှက်´ကဲ့သို့ ရှိချေသည်။ ငှက်ယုတ်တစ်တီတူးသည် သူတို့စိတ်ကူးအလိုမှာ မိုးပြိုမည်စိုးရိမ်သည့်အတွက် ခြေနှစ်ဖက်ကို ကောင်းကင်သို့ ထောင်လျက် (ကန်လျက်) ညဥ့်အခါမှာအိပ်ခြင်းသည် သူတို့စိတ်ကသာ ကျေးဇူးများသည်။ သူတို့မြည်သံကို ကြားလျှင် လူတို့သည် `ဖွဟဲ့ လွဲလေ ဖယ်လေ´ဟု ဆိုကြသည်။ အဲဒီလိုပဲ မင်းတို့မှာလည်း ဒွါရဘက်ကနေထားလို့ အကျိုးများသည် ထင်သော်လည်း လူမြင်တိုင်း ကဲ့ရဲ့ခံရလျက် `ဖွဟဲ့ လွဲလေ ဖယ်လေ´ ဖြစ်မှာပဲ ဒကာတို့။ ကံသော ဒွါရသော ဘယ်လိုပင်ပြောသော်လည်း ယောနိသောမနသိကာရ စိတ်ကောင်းရှိကြသည်မဟုတ်။ ရှုတ်ချပစ်တင် မြင်ယောင်သိယောင် လူတော်ယောင်ဖြင့် ရှေ့ဆောင်သော မာယာသာဌေယျတရားတို့သည် အမှားသာ မှတ်ရမည်။
ဝိ၀ါဒံ ဘယတော ဒိသွာ၊ အ၀ိဝါဒဉ္စ ခေမတော။
သမဂ္ဂါ သခိလာ ဟောထ ဧသာ ဗုဒ္ဓါန သာသနံ။
ဝိ၀ါဒံ-စရိုက်မမှန် အမိုက်ဥာဏ်နှင့် ခိုက်ရန်ဖြစ်ပွား အငြင်းအခုံများကို၊ ဘယတော- ဆူးပေါ်ဖက်ကျ ပမာဏဖြင့် ဧရာမဘေးကြီးဟူ၍၊ ဒိသွာ- မြင်သောကြောင့်၊ အ၀ိဝါဒဉ္စ- ခိုက်ရန်ဖြစ်ပွား အငြင်းအခုံမများခြင်းကိုလည်း၊ ခေမတော- ဘေးရန်မရှိ မစွန်းငြိဟူ၍၊ ဒိသွာ- မြင်သောကြောင့်၊ သမဂ္ဂါ- ညီညွတ်သောအားရှိကြကုန်သည်၊ သခိလာ- ချိုသာပြေပြစ် ကျစ်လစ်သော စကားရှိကြကုန်သည်၊ ဟောထ- ဖြစ်ကြကုန်လော၊ ဧသာ- ဤသို့ ကိုယ် နှုတ် နှလုံးသုံးပါးလုံးကို စောင့်သုံးနေထိုင်ကြခြင်းသည်၊ ဗုဒ္ဓါနံ- သစ္စာသိမြင် ဘုရားရှင်တို့၏။ အနုသာသနံ- အဆုံးအမတော်တည်း။
ဤကဲ့သို့ ဟောကြားတော်မူသည်များကို ထောက်ထားပြီးတော့ ဘုရားရှင်၏ သာသနာတော်ကို နှစ်ဖြားနှစ်ပိုင်း နှစ်ဂိုဏ်းနှစ်ပက္ခ ကွဲပြားခြင်းမရှိရအောင် စိတ်ကောင်းနှလုံးကောင်းထားပြီးတော့ နေကြရမည်´´လို့ မိန့်ကြားတော်မူခဲ့ပါတယ်။
ဆရာတော်ကြီးဆိုလိုရင်းက ဘုရားဟောမှာ ကံနှင့်ဒွါရဆိုတာ အတူတူပဲ။ ဘာမှခွဲခြားပြီးတော့ ပြောနေစရာမလိုဘူး။ မင်းတို့ဆရာဘုန်းကြီးက သူ့ကို စာပေပိဋကတတ်ကျွမ်းတယ်ဆိုတာ လူသိစေချင်လို့ ခွဲပြီးပြောနေတာ။ ဘာမဟုတ်တာလေးနဲ့ ဘုရားသာသနာကို မကွဲကြစေနဲ့လို့ ပြောလိုရင်းဖြစ်ပါတယ်။ (ကံနှင့်ဒွါရ ဘယ်လိုတူတာလဲဆိုတာကို မန်လည်ဆရာတော်ကြီး၏ ဥပမာခန်း၌ ထင်စွာပြပါအံ့)
.........................................................................................................မိုးသု(မန္တလေး)
0 comments:
Post a Comment