Friday, January 20, 2012

အခြေခံဗုဒ္ဓဘာသာပို့ချချက်(အပိုင်း-၉)

“ကဲ..ဒါလောက်ဆိုရင် ကံဒွါရအကွဲအပြဲ သမိုင်းကို သိပြီမို့လား ဒကာ”

“မှန်ပါ နားလည်သိရှိပါပြီဘုရား. ကာယကံဆိုတာဘာကိုပြောတာ ၀စီကံဆိုတာဘာကိုပြောတာဆိုတာကို တပည့်တော် နားလည်နိုင်မယ့် စကားလုံးနဲ့ရှင်းပြပေးပါဦးဘုရား”

ကာယကံ=ကိုယ်ဖြင့်ပြုသောအမှုတဲ့၊ ကိုယ်ဖြင့်ပြုတဲ့ အမှုဆိုတာ ဘာတွေလဲဆိုတာကို ဒီနေရာမှာအကျယ်တ၀င့် မပြောတော့ပါဘူး။ နောက်နားလေးကျမှပဲ ပြောပါတော့မယ်။ ဒီနေရာမှာ နားလည်လွယ်အောင် ကိုယ်ထိလက်ရောက် ကျူးလွန်ပြစ်မှားမိတဲ့ ကိစ္စများကိုဆိုလိုတယ်လို့ မှတ်သားလိုက်ပါ”

“မှန်ပါဘုရား”

“၀စီကံ=နှုတ်ဖြင့် ပြုမိသောအမှုတဲ့၊ မနောကံ= စိတ်ဖြင့်ပြုမိသော အမှုတဲ့။ ဘုရားတရားသံဃာ ရတနာသုံးပါးအပေါ်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းမှား ပါးစပ်ဖြင့် ဆဲဆို ကျိန်းမောင်းခဲ့ခြင်းများ စိတ်ဖြင့် ကြံစည်ပြစ်မှားခဲ့ခြင်းများ တစ်ခုမဟုတ် တစ်ခုပြုမိခဲ့လိမ့်မယ်။ အဲသလိုပြုမိခဲ့လို့ရှိရင် ခွင့်လွတ်ပေးပါလို့ တောင်းပန်စကားပြောကြားတာပါ၊ နားလည်ပြီမို့လား ဒကာ”

“မှန်ပါ မရှင်းတာလေးတစ်ခု ထပ်မေးပါရစေဘုရား သဗ္ဗဒေါသဆိုတာ ဘာကိုပြောတာပါလဲ ဘုရား”

သဗ္ဗဒေါသနောက်မှာ ခပ်သိမ်းသော အပြစ်တို့ကိုလို့ ပါတယ်မို့လား။ သဗ္ဗဒေါသ=ခပ်သိမ်းသောအပြစ်တဲ့။ ပထမတုန်းကတော့ ကာယကံ ၀စီကံ မနောကံလို့ခွဲပြောတာလေ။ နောက်ကြမှ ပိုပြီးသေချာသထက် သေချာသွားအောင် ခပ်သိမ်းသောအပြစ်တို့ကိုလို့ ထပ်ပြီးပြောလိုက်တာ။ အပြစ်တွေ ပြုမိခဲ့တာရှိရင် ပြုမိခဲ့တဲ့ အပြစ်တွေ အားလုံးကို ခွင့်လွတ်ပေးပါလို့ တောင်းပန်တာပါပဲ”

“တပည့်တော်ကို တစ်ခုထပ်မေးခွင့်ပေးပါဘုရား”

“မေးပါဒကာ”

“ကာယကံ ၀စီကံ မနောကံဆိုတဲ့ ကံသုံးပါးထဲမှာ ဘယ်ကံကအပြစ်ပိုကြီးလဲဘုရား”

(ဆက်လက်တင်ပြပေးပါမည်)

...................................................................................................မိုးသု(မန္တလေး)


0 comments:

Post a Comment