Tuesday, January 3, 2012

ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးများနှင့် နိုင်ငံရေး

(ဦးဇင်းခေမာနန္ဒဘုရား ဘုန်းကြီးတွေ နိုင်ငံရေး လုပ်ကောင်းမလုပ်ကောင်းဆိုတာကို ရှင်းပြပေးစေလိုပါတယ်ဘုရား တပည့်တော်အနေနဲ့ မဆုံးဖြတ်တတ်တော့လို့ပါဘုရား)

မေးလာသမျှမေးခွန်းတွေထဲမှာ ဒီမေးခွန်းကို မဖြေချင်ဆုံးပါပဲ။ မေးခွန်းကိုဖတ်ပြီးတော့ အမတ်ကြီးဦးပေါ်ဦးလို ယုန်ကလေးနှာစေးနေပါတယ် လုပ်လိုက်တာပဲ ကောင်းပါတယ်လို့ တွေးလိုက်မိပါသေးတယ်။ ဒါပေမဲ့ ``မိမိလုပ်နိုင်တဲ့ အလုပ်တစ်ခုကို တာဝန်တစ်ခုကို ရှောင်လွဲသွားတဲ့သူဟာ လူယုတ်မာ စင်စစ်သာလျှင်ဖြစ်၏´´ဆိုတဲ့ စကားတော်ကို ပြန်ကြားယောင်မိတော့ နှာစေးပါတယ် ပြောလိုက်လို့ မကောင်းပါဘူးလေလို့ တွေးမိပြန်ပါတယ်။

မလုပ်ကောင်းဘူး လုပ်ကောင်းတယ် လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာကို ဦးဇင်းက ဆုံးဖြတ်မပေးချင်ပါဘူး။ ဒကာ့ဘာသာ သေချာစဉ်းစားဆင်ခြင်ပြီးတော့ ဆုံးဖြတ်လိုက်တာက ဦးဇင်းအတွက်ရော ဒကာ့အတွက်ပါ ကောင်းမယ်လို့ထင်ပါတယ်။ ဒကာ စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ အထောက်အကူပြုအောင်လို့ ``ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗုဒ္ဒဘာသာဘုန်းကြီးများနှင့် နိုင်ငံရေးလုပ်ဆောင်ချက်အပေါ်ကို ထားရှိခဲ့တဲ့ အမြင်တစ်ခုကို တင်ပြပေးပါ့မယ်´´။ သေသေချာချာဖတ်ပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အခုဖော်ပြပေးမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောထားအမြင်ကို သိတဲ့သူအင်မတန်နည်းပါးပါတယ်။ ဘာသာရေးစာပေကို လေ့လာလိုက်စားတဲ့ သူလောက်ပဲ သိကြပါလိမ့်မယ်။ အခြားစာအုပ်တွေမှာတော့ မှတ်တမ်းတင်ထားတာ မတွေ့ဘူးသေးပါဘူး။ ဦးဇင်းစာဖတ်အားနည်းလို့ မတွေ့ဘူးတာလည်း ဖြစ်နိုင်ပါတယ်။ အခုဦးဇင်းတွေ့တဲ့ စာအုပ်ရဲ့နာမည်ကတော့ ဗဟန်းမြို့နယ် နန္ဒ၀န်လမ်း ၀ိသုဒ္ဒါရုံရွှေကျင်တိုက်သစ်ကို တည်ထောင်တော်မူခဲ့တဲ့ အရှင်ဝါသ၀ါဘိဝံသရဲ့ သဗ္ဖမင်္ဂလာ ဓမ္မဒေသနာဆိုတဲ့ ကျမ်းစာအုပ်ထဲမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကျမ်းစာအုပ်ရဲ့ စာမျက်နှာ (၉၆)မှာ အခုလို ဖော်ပြပါရှိပါတယ်.............။


(ဤစာရေးသူဘုန်းကြီးသည် အစိုးရစာချတန်း(ဓမ္မာစရိယ) စားမေးပွဲ၌ ကျမ်းရင်းသုံးကျမ်းလုံးနှင့် ဂုဏ်ထူးသုံးကျမ်းတို့ကို ပူးတွဲ၍ တစ်နှစ်တည်းအောင်မြင်ခဲ့သည်။ ၁၃၀၃ခုနှစ်၊ မြူနီစပယ်တောင်းဟောကြီး (ယခု မြို့တော်ခန်းမ)၌ စာချတန်း (ဓမ္မာစရိယ) ဘွဲ့နှင်းသဘင် ကျင်းပသောအခါ ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့ဖြစ်၍ ထိုဘွဲ့နှင်းသဘင်သို့ တစ်ဖွဲ့လုံးတက်ေ၇ာက်ကြသည်။

ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက တိုက်တွန်းစကားလျှောက်ကြားရာတွင်..........

``သံဃာတော် အရှင်မြတ်တို့ဗရား... ငါးပါးသီလကို မြန်မာဘာသာဖြင့် ပေးလို့ဖြစ်က လူများနားလည်အောင် ပေးစေချင်ပါသည်။ သဂြိုင်္ဟ်ကိုလည်း မြန်မာဘာသာဖြင့် သင်ပေးလို့ဖြစ်က သင်ပေးစေလိုပါသည်။´´

ဤသို့ ရှေးဦးစွာလျှောက်ထား၍ အရှင်ဗရားတို့....

``ဘုန်းကြီးက ဘုန်းကြီးအလုပ်ကိုသာ လုပ်တော်မူကြ၍ လူ့အလုပ်ကို မလုပ်စေချင်ပါ၊ လူကလည်း လူ့အလုပ်သာ လုပ်၍ ဘုန်းကြီးအလုပ်ကို မလုပ်စေချင်ပါ´´

စသည်အားဖြင့် မှတ်သားဖွယ်ကောင်းသော စကားများကို လျှောက်ထားပြောသွားသည်ကို ကိုယ်တိုင် ကြားသိလိုက်ရပေသည်။) လို့ဖော်ပြထားပါတယ်။

သတ်ပုံ စာပိုဒ်ခွဲထားတာကအစ ကျမ်းစာအုပ်ထဲက အတိုင်းဖော်ပြပေးလိုက်ပါတယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ သဘောထားကတော့ လက်နက်ကိုင်ပြီးတော့ စစ်သားတွေစုဝေးပြီး သွားနေတာကို တောင် မကြည့်ရဘူးလို့ တားမြစ်ခဲ့ပါတယ်။

ဒီလောက်ဆိုရင် တစ်ခုခုကို ကိုယ်တိုင်ဆုံးဖြတ်တတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဦးဇင်းလည်း ဒီထက်ပိုပြီး ပြောပေးလို့ မကောင်းပါဘူး။
.....................................................မိုးသု(မန္တလေး)

0 comments:

Post a Comment