အစကတော့ ဒီနေ့ကျန်တဲ့ပေးစာလေးတွေ ပေးဖို့စိတ်ကူးထားတာပါ။ လက်ကျန်နှစ်စောင် ပေးပြိးရင်လည်း နောက်ထပ်ဘယ်သူ့ကိုမှ ပေးစာမပေးတော့ဘူးလို့ ဆုံးဖြတ်ထားတာပါ။ မနက်က(၉)နာရီလောက်မှာ ဦးဇင်းဆီကို ဒကာလေးတစ်ယောက် ရောက်လာခဲ့ပါတယ်။ အသက်(၂၀)၀န်ကျင်လောက်လို့ ခန့်မှန်းရပါတယ်။ ဒါပေမဲ့ ဘာသာရေးဗဟုသုတကတော့ (သူနဲ့ရွယ်တူ လူပုဂ္ဂိုလ်တွေထဲမှာတော့) တကယ်ကို`ဆရာကြီးအဆင့်လို့´တောင် ပြောလို့ရပါတယ်။
ရေကြောင်းသိပ္ဖံမှာ ကျောင်းတက်နေတဲ့ ကျောင်းသားလေးပါတဲ့။ သူကနွေရာသီမှာလည်း အမြဲတန်းဒုလ္လဘ နှစ်စဉ်ဝတ်ဖြစ်ပါတယ်တဲ့။ အခုလည်း ပိဋကတ်မြန်မာပြန်တွေ ဖတ်နေပါတယ်တဲ့။ ဦးဇင်းကို facebookမှာ တွေ့လို့ တပည့်တော်အိမ်နဲ့လည်း နီးနေလို့ မရှင်းတာလေး မေးချင်လို့လာတာပါတဲ့။
``တပည့်တော်တို့ ဗုဒ္ဒဘာသာဝင်တွေက `ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်လို့ ´ယုံကြည်ထားကြပါတယ်။ ဘုန်းကြိးတွေကလည်း အဲလိုပဲ ဟောကြပါတယ်။´´
`` ဒါပေမဲ့ တပည့်တော် ဗြဟ္မဇာလသုတ်မြန်မာပြန်ဖတ်တော့ `ချမ်းသာခြင်း ဆင်းရဲခြင်း အလယ်အလတ်ဖြစ်ခြင်း အနာရောဂါကင်းရှင်းခြင်း အနာရောဂါထူထပ်ခြင်း စသဖြင့် ဒီဘ၀မှာဖြစ်နေသမျှ `အရာအားလုံးသည်´ ရှေးရှေးဘ၀က ပြုခဲ့သော ကောင်းမှု မကောင်းမှုတို့ကြောင့် ဖြစ်ရ၏´ ဟု အယူရှိနေခြင်းသည် `ပုဗ္ဖေကတဟေတုဒိဋ္ဌိ´ဖြစ်သည်´´လို့ ဖတ်ရပါတယ်´´
``ဒါဆိုရင် ကံ-ကံရဲ့အကျိုးကို ယုံကြည်တာဟာ ဘုရားအလိုကျ မဟုတ်ဘူးလားဘုရား´´တဲ့။
တကယ်က အဲဒီဒကာလေးက စာကိုသေချာမဖတ်လို့ပါ။ ဘုရားရှင်ဟောထားတာက ရှင်းရှင်းလေးပါ။ ဦးဇင်းက ဥပမာလေးတစ်ခု ထုတ်ပေးပါ့မယ်။
အနာရောဂါတို့သည်-----
၁။ သည်းခြေကြောင့်ဖြစ်သော အနာရောဂါ။
၂။ သလိပ်ကြောင့်ဖြစ်သော အနာရောဂါ။
၃။ လေကြောင့်ဖြစ်သော အနာရောဂါ။
၎။ သည်းခြေ သလိပ် လေသုံးမျိုး ပေါင်းစုံ၍ကျရောက်မှုကြောင့် ဖြစ်သောအနာရောဂါ။
၅။ ဥတုဖောက်ပြန်မှုကြောင့်ဖြစ်သော အနာရောဂါ။
၆။ ခန္ဒာကိုယ် မညီမညွတ် မမျှမတသောကြောင့်ဖြစ်သော အနာရောဂါ။
၇။ လုံးလအားထုတ်ပြုလုပ်ခြင်းကြောင့် ဖြစ်သော အနာရောဂါ။
၈။ ကံ၏အကျိုးကြောင့်ဖြစ်သော အနာရောဂါ။ လို့ အနာရောဂါဖြစ်ရခြင်းရဲ့အကြောင်းရင်း ရှစ်မျိုးရှိပါတယ်။
`` အနာရောဂါမှန်သမျှအားလုံးသည် ရှေးကံကြောင့်ချည်းသာ ဖြစ်ရသည်ဟု ယူခြင်းကို `ပုဗ္ဖေကတဟေတုဒိဋ္ဌိ´လို့ခေါ်တယ်´´ဒါက သာသနာပက တိတ္ထိတွေရဲက အယူအဆတစ်မျိုးပေါ့။
``အနာရောဂါတို့သည် သက်ဆိုင်ရာ အကြောင်းတရားတို့ကြောင့် ဖြစ်ကြသည်ဟု အမှန်အတိုင်းသိမြင်ခြင်းသည် `ကမ္မဿကတသမ္မာဒိဋ္ဌိ´လို့ခေါ်တယ်´´ ဒါကတော့ ဘုရားရှင်ရဲ့ အယူဝါဒတော်အမှန်ပေါ့။
စာရှု့သူများ ရှင်းကြရဲ့လားမသိဘူး။ ( `ချမ်းသာခြင်း ဆင်းရဲခြင်း အလယ်အလတ်ဖြစ်ခြင်း အနာရောဂါကင်းရှင်းခြင်း အနာရောဂါထူထပ်ခြင်း စသဖြင့် ဒီဘ၀မှာဖြစ်နေသမျှ `အရာအားလုံးသည်´ ရှေးရှေးဘ၀က ပြုခဲ့သော ကောင်းမှု မကောင်းမှုတို့ကြောင့် ဖြစ်ရ၏´ ဟု အယူရှိနေခြင်းသည် `ပုဗ္ဖေကတဟေတုဒိဋ္ဌိ´ဖြစ်သည်´´) ကို သေချာပြန်ဖတ်ကြည့်ပါ။
ဒီဘ၀ဖြစ်သမျှ `အရာအားလုံးဟာ´ ရှေးကံကြောင့်ချည်းပဲ ဖြစ်ရတယ်လို့ ရှေးကံကိုအားလုံးပုံချလိုက်တာက `ပုဗ္ဖေကတဟေတုဒိဋ္ဌိ´နော်။
ဒီဘ၀မှာဖြစ်တဲ့ `အကြောင်းတရား´တွေဟာ သက်ဆိုင်ရာ အကြောင်းတရားတွေကြောင့် ဖြစ်ရတယ်လို့ (ရှေးကံကိုချည်းပဲ ပုံမချပဲ) မှန်မှန်ကန်ကန် မြင်တတ်တာက `ကမ္မဿကတသမ္မာဒိဋ္ဌိ´နော်။
ဆိုပါတော့ ကိုယ့်ဘာသာ မစူးစမ်းမဆင်ခြင်ပဲ တွေ့ကရာ ပြည့်တန်ဆာမနဲ့အိပ်လို့ HIVဖြစ်ရတာကို ရှေးကံကြောင့် ဖြစ်ရတယ်လို့ ယူမိရင် အဲဒါဟာ `ပုဗ္ဖေကတဟေတုဒိဋ္ဌိ´၊ အော်..ဘာကြောင့် ဒီရောဂါဖြစ်ရတယ်လို့ မှန်မှန်ကန်ကန် သိမြင်ပြီး (ဖြစ်သမျှအားလုံးကို ရှေးကံကြောင့်ပဲလို့) ရှေးကံကိုပုံမချတာက `ကမ္မဿကတသမ္မာဒိဋ္ဌိ´နော်။
ဒီလောက်ဆိုရင်တော့ `ပုဗ္ဖေကတဟေတုဒိဋ္ဌိနဲ့ ကမ္မဿကတသမ္မာဒိဋ္ဌိ´နှစ်ခုတို့ရဲ့ ကွဲပြားခြားနားချက်ကို မှန်မှန်ကန်ကန် သိလောက်ပါပြီလို့ ထင်ပါတယ်။
ကံ-ကံရဲ့အကျိုးတရားတို့ကို ဗုဒ္ဒဘုရားရှင်တော်ရဲ့ နည်းလမ်းအတိုင်း မှန်မှန်ကန်ကန် သိမြင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
........................................အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)
(မရှင်းသေးရလည်း ထပ်မေးလို့ရပါတယ်။ ဦးဇင်း စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးပါ့မယ်)
Subscribe to:
Post Comments (Atom)
Blog RSS Feed
Facebook - စာမျက်နှာ
1 comments:
ဦးဇင်းပိုစ်တွေကိုဖေစ်ဘွက်ကိုတခါတည်းရှယ်လို့ရရင်ကောင်းမယ်ထင်တယ်ဘုရား
Post a Comment