Tuesday, January 3, 2012

ရဟန်းတော်များ ဆွမ်းခံကြရခြင်း၏ အကြောင်းအရင်း

(တပည့်တော်က ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ ရဟန်းသံဃာတွေ ဆွမ်းခံစားတဲ့ အကြောင်းရင်းကို လာမေးတဲ့အခါ ...
အကိုးအကားနဲ့ တိတိကျကျ မသိလို့  မဖြေနိုင်ဘူးဖြစ်နေပါတယ် ။ဘုရားရှင်၏ ပညတ်ချက်တခုဆိုတာတော့ သိပါတယ် ။ တပည့်တော် ငယ်ငယ်ကလည်း အဘိုးပြောပြဘူးပါတယ် ...။ဒါပေမဲ့ သေချာတိကျတဲ့အဖြေကို ဘုန်းဘုန်းဆီမှာ ရနိုင်မယ်ထင်လို့  မေးမြန်းလျှေက်ထားလိုက်ပါတယ်...........ဘုရား ။ ဖြေစေချင်ပါတယ်ဘု၇ား.......... )

လူတွေရဲ့ပဌမဦးစားပေး ကိစ္စက၀မ်းရေးပဲမို့ဒကာ။ လူတွေဟာ ၀မ်းရေးအတွက်ကြောင့် မတရားတာတွေရော တရားတာတွေရာ ပြုလုပ်မိကြတယ်။ အများအားဖြင့်ပေါ့ လူတစ်ရာမှာ ၈၀လောက်ကတော့ ၀မ်းရေးကိုအကြောင်းပြုပြီး မကောင်းမှုတွေကို ပြုလုပ်မိကြတယ်။ မနက်ဖြန်ခါအတွက် ဆန်အိုးထဲဆန်ရှိနေသေးရဲ့လားလို့ ကြောင့်ကြမှုဖြစ်ရတယ်။ စိတ်ဆင်းရဲရတယ်။

ဆန်စပါးကိုတွေကို ကြောင့်ကြစိုက်ပြီး သိုးမှီးသိမ်းဆည်းမှုတွေ ပြုလုပ်ကြရတယ်။ သိမ်းဆည်းထားတာရှိတဲ့သူတိုင်း ကြောင့်ကြမှုဖြစ်ရတယ်။ စိတ်ဆင်းရဲမှုဖြစ်ရတယ်။ သိုးမှီးသိမ်းဆည်းထားတာ ဘာမှမရှိတဲ့သူက ကြောင့်ကြမှုမရှိတော့ဘူး။ သူခိုးကိုလည်း ကြောက်စရာမလိုတော့ဘူး။ ဓားပြကိုလည်း ကြောက်စရာမလိုတော့ဘူး။

ဒါကြောင့်မို့ ရဟန်းတော်တွေကို ဘုရားက ကိုယ်တိုင်ချက်ပြုတ်မစားရဘူးလို့ ပညတ်ခဲ့တာဖြစ်တယ်။ ချက်ပြုတ်မစားတဲ့အတွက် ၀မ်းရေးအတွက် ထူးပြီးပူပန်နေစရာမရှိဘူး။ သိမ်းဆည်းနေစရာမလိုတော့ဘူး။ မနက်ဖြန်အတွက် အိုးထဲမှာ ဆန်ရှိနေသေးရဲ့လားဆိုတဲ့ ပူပန်မှုများလဲ မရှိတော့ပါဘူး။ ထင်းရှာရခြင်း စတဲ့စတဲ့ ဒုက္ခများမှလဲ လွတ်ကင်းသွားပါတယ်။ ``ဆွမ်းခံစားနေရတဲ့အတွက် မာန်လဲကျသွားစေပါတယ်။ ငါဘာကောင်ဆိုပြီးတော့ မာန်တက်လို့မရတော့ပါဘူး။´´

``ဥစ္စာ စပါး၊ သိမ်းမထား၊ ရှေ့ဖျား သမဏ မြတ်သုခ´´ဆိုတဲ့ ရဟန်းတွေရဲ့ ချမ်းသာခြင်းရှစ်ပါးထဲမှာ ဆွမ်းခံစားရတာက တစ်ပါးအပါအ၀င်ဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့ သဘောပေါက်လောက်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ နည်းနည်းလေးထပ်ပြီးရှင်းပြချင်သေးတယ်။

သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ ဘုရားရှင်သီတင်းသုံးစဉ်က ကောသလတိုင်းတစ်ဝန်းလုံးမှ အသက်အရွယ်ကြီးရင့်ကြတဲ့ ပုဏ်ဏားသူဌေးကြီးတွေဟာ ``အခုခေတ်ပုဏ်ဏားတွေရဲ့ အကျင့်သီလဟာ ရှေးခေတ်က ပုဏ်ဏားတွေရဲ့ ကျင့်စဉ်အတိုင်း ကျင့်နေကြတာ ဟုတ်ပါရဲ့လား´´လို့ လာရောက်မေးမြန်းကြပါတယ်။

ဘုရားရှင်က မဟုတ်တော့ဘူးလို့ ပြန်လည်ဖြေကြားလိုက်ပါတယ်။ ဒီအခါမှာ ပုဏ်ဏားတွေ့က တောင်းပန်လျှောက် ထားလို့ ရှေးခေတ်ပုဏ်ဏားတွေရဲ့ အကျင့်ကောင်းတွေကို ထုတ်ဖော်ဟောကြားပေးပါတယ်။ ``ရှေးခေတ်ပုဏ်ဏားတွေဟာ သိမ်းပိုက်မှုဘာတစ်ခုမှ မရှိကြောင်း ကိုယ်နှုတ်နှလုံးကို စောင့်ဆည်းကြကြောင်း ကာမဂုဏ်မှီဝဲမှုမပြုကြောင်း ဗေဒင်ရွတ်ဖတ်ခြင်း မေတ္တာပွားခြင်းစတဲ့ သူတော်ကောင်းတာများကိုသာ သိမ်းပိုက်မှုရှိကြောင်း ထို့ကြောင့် လူတိုင်းသည် ပုဏ်ဏားတို့အတွက် လောင်းလှုရန် အိမ်ရှေ့မှာ ဆွမ်းဦးအမြဲချထားကြကြောင်း´´စသဖြင့် ဟောကြားပြသပေးပါတယ်။

ဒါကိုထောက်ရှု့ကြည့်ရင် အမျိုးဇာတ်အားဖြင့် မြင့်မြတ်လှပါတယ်ဆိုပြီး မာန်မာနခက်ထန်ကြတဲ့ ပုဏ်ဏားတွေတောင် ဆွမ်းခံစားကြတယ်ဆိုတာ သိရပါတယ်။ ရသေ့တို့ ပစ္စေကဗုဒ္ဒါတို့ ဆွမ်းခံစားတာကတော့ အများသိပြီးသားမို့ ထူးပြီးပြောပြမနေတော့ပါဘူး။ သူတော်ကောင်း သူမြတ်လောင်းမှန်ရင် ဆွမ်းခံစားကြတာ သေချာပါတယ်။ ဆွမ်းခံစားတာဟာ သူတော်ကောင်းများရဲ့ ထုံတမ်းစဉ်လာ ဓမ္မတာပါ။

``သူရာ သောက်ထုတ်၊ သေတင်းကုတ်၊ ပဏ္ဍုတ် ဘိက္ခုမ၊ ပျိုးကြီးဂေဟာ ပြည့်တန်ဆာ လင်ကွာမုဆိုးမ၊ ဤခြောက်အိမ်တွင် အကျွမ်းတ၀င် ဆွမ်းလျှင်မခံရ´´..တဲ့။

ရဟန်းတော်တွေဟာ ဆွမ်းခံရာမှာလဲ ကျင့်ဝတ်နဲ့အညီ ဆွမ်းခံကြရတယ်။ ဖော်ပြခဲ့တဲ့ လင်္ကာလေးရဲ့ ဆိုလိုရင်းက ရဟန်းတော်တွေဟာ ``အရက်ဆိုင် အခြောက်ရဲ့အိမ် (မိန်းမက ယောကျာင်္းစိတ်ပေါက်တာလဲ အကျုံးဝင်ပါတယ်) ဘိက္ခုနီမကျောင်း (အခုခေတ် သီလရှင်ကျောင်း) အပျိုကြီးရဲ့အိမ် ပြည့်တန်ဆာမအိမ် မုဆိုးမရဲ့အိမ်(လင်သေလို့ပဲဖြစ်ဖြစ် လင်နဲ့ကွဲနေတာပဲဖြစ်ဖြစ်) ဆိုတဲ့ အိမ်ခြောက်အိမ်ကို ဆွမ်းခံမ၀င်ရဘူးလို့ ပညတ်ခဲ့ပါတယ်။ လမ်းကိုထွက်လောင်းရင်တော့ ခံယူလို့ရပါတယ်။ ထိုင်အိမ်အဖြစ်တာ မ၀င်ကောင်းတာပါ။

နောက်ပြီးတော့ ရဟန်းတော်တွေဟာ ကိုယ်ဆွမ်းခံနေတဲ့အိမ်က လူတွေကို ဗေဒင်ဟောခြင်း ဆေးကုခြင်းစတဲ့ အနေသန၂၁ပါးကိုလဲ ပြုလုပ်မပေးရပါဘူး။ ဒါတွေကို ပြုလုပ်ပေးတဲ့ရဟန်းတွေကို ``အမျိုးဖျက်ရဟန်းတွေ´´လို့ ဘုရားရှင်က ဟောကြားခဲ့ပါတယ်။ ဒီလိုရှောင်ကြဉ်စရာတွေ ရှောင်ပြီး တရားသဖြင့် ရလာတဲ့ဆွမ်းကိုမှ `ဓမ္မိယလာဘ်´လို့ခေါ်ပါတယ်။ ဓမ္မိယလာဘ်ကိုတောင်မှ ပစ္စဝေက္ခဏာမဆင်ခြင်ပဲ သုံးဆောင်ခွင့်မပြုခဲ့ပါဘူး။ ပစ္စဝေက္ခ ဏာမဆင်ခြင်ပဲ သုံးဆောင်ရင် အပြစ်ရှိပါတယ်။ (အခုခေတ် ဆွမ်းခံအိမ်ကို နှစ်လုံးသုံးလုံး ပေးနေသူများ ဆင်ခြင်နိုင်ကြပါစေ)

ဒါကြောင့် ``အပြစ်ကင်းကွာ၊ ဆွမ်းကိုရှာ၊ ဤမှာ သမဏ မြတ်သုခ´´လို့ ကျေးဇူးတော်ရှင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီးက လင်္ကာစပ်ဆိုခဲ့တာပါ။

နောက်ပြီးတော့ လောကမှာ တောင်းခြင်းနှစ်မျိုးရှိပါတယ်။ ``ယာစကာ(သူတောင်းစား)တို့၏ တောင်းခြင်းနှင့် အရိယာတို့၏တောင်းခြင်းပါ။ ယာစကာတို့၏တောင်းခြင်းကတော့ ပေးပါကမ်းပါ သနားပါနဲ့ လိုချင်တာကို အော်ဟစ်ပြောဆိုကာ တောင်းခံကြပါတယ်။´´

``အရိယာတို့တောင်းခြင်းဆိုတာက အရိယာအရှင်မြတ်တွေဟာ အိမ်ပေါက်စေ့ရပ်တော်မူကြပါတယ်။ ဘာလိုချင်တယ်လို့ နှုတ်ကဖွင့်မပြောပါဘူး။ အိမ်ရှင်ကထွက်ပြီး အရှင်ဘုရား ဘာအလိုရှိပါသလဲလို့ လျှောက်ထားမှ အလိုရှိတာကို ပြန်လည်မိန့်ကြားတာပါ။ အဲလိုမလျှောက်ပဲ တစ်ခုခုလောင်းရင်လဲ လောင်းတာယူပြီး ထွက်ခွာသွာတာပါပဲ။ ချိုတယ် ချဉ်တယ် ပူတယ် ငန်တယ် စပ်တယ် မကောင်းဘူး ကောင်းတယ်လို့ ဘာတစ်ခုမှ မပြောဆိုပါဘူး။ လှုတာကိုယူပြီး ပြန်သွားတာပါ။´´

ယာစကာတို့နှင့် အရိယာတို့ရဲ့ တောင်းတဲ့နေရာမှာ ကွာခြားချက်ကတော့ အဲဒါပါပဲ။နောက်တစ်ခုက ``ရဟန်းတော်တွေဟာ ဆွေမျိုးမတော်ရင၊် အလိုရှိတာကို လာရောက်အလှုခံပါလို့ လျှောက်မထားရင် ဘယ်လောက်ပဲရင်းနှီးနေပါစေ ဘာလိုတယ် လှုပါလို့ အလှုမခံကောင်းပါဘူး။´´

လက်မကြောမတင်းလို့ လုပ်မစားချင်လို့ ဆွမ်းခံစားကြတာ မဟုတ်ပါဘူး။ ဆွမ်းခံစားတဲ့အတွက် ဆင်းရဲဒုက္ခတွေ အတော်များများ ကင်းကွာသွားလို့ မာန်မာနကို ကျသွားစေလို့ ဆွမ်းခံစားကြရတာပါ။

................................................အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)

0 comments:

Post a Comment