တစ်ခါတုန်းက မန်လည်ဆရာတော်ကြီးဟာ ကသာမြို့ကို ရောက်ရှိသီတင်းသုံးနေတော်မူပါတယ်။ အဲဒီအခါမှာ ကသာမြို့က ဒကာတစ်ယောက်က ဆရာတော်ဘုရား ယခုအခါမှာ အကြီးအကျယ် ငြင်းခုံနေကြတဲ့ ကံနှင့်ဒွါရ မည်ဟာက မှန်ပါသလဲ လို့လျှောက်ထားပါတယ်။
အဲဒီအခါမှာ ဆရာတော်ကြီးက ဖြေမပေးသေးပဲနဲ့ ဟေ့...ဒကာ ဘုန်းကြီးကို ရေကပ်စမ်းလို့ မိန့်တော်မူပါတယ်။ အဲဒီအခါမှာ ဒကာလုပ်သူက ကပျာကယာနဲ့ သောက်ရေအိုးကနေ ရေခွက်နဲ့ ရေခပ်ပြီးတော့ ဆရာတော်ကြီးကို ရေကပ်လှုပါတယ်။ ဒီအခါမှာ ဆရာတော်ကြီးက ပြုံးပြီးတော့ ဒကာ..မင်းကို ငါအကပ်ခိုင်းတာက ရေမဟုတ်လား၊ ဘယ့်နှယ့်လုပ်ပြီးတော့ ခွက်ကို လာကပ်နေရတာတုန်းလို့ မိန့်တော်မူပါတယ်။
ဒကာက မှန်ပါ...ရေကို ခွက်နဲ့ထည့်မှ ရလို့ပါဘုရား လို့ လျှောက်ထားလိုက်ပါတယ်။
``ဒကာရေ...ကံနှင့်ဒွါရဟာ ခွက်နဲ့ရေလိုပါပဲ။ ဒွါရက ခွက်နှင့်တူတယ်။ ကံက ရေနှင့်တူတယ်။ ခွက်နှင့်ရေဟာ ကင်းကွာလို့မရသလို ကံနှင့်ဒွါရဟာလည်း ကင်းကွာလို့မရပါဘူး။ အဲဒါကို နည်းလေးဆယ်မှာတော့ နာနန္တရိကနည်း အ၀ိနာဘာဝနည်းလို့ ခေါ်ဆိုတာပေါ့ကွယ်။ ဒါကြောင့် ဒွါရနှင့် ရှိခိုးခိုး၊ ကံနှင့်ရှိခိုးခိုး အားလုံးမှန်တာချည်းပါပဲ။ ဘယ့်နှယ်လဲ သဘောကျရဲ့လား...ဒကာ´´လို့ ဆရာတော်ကြီးက မေးမြန်းလိုက်ပါတယ်။
``မှန်ပါ့..သဘောကျပါတယ်ဘုရား´´
(ဆက်လက်တင်ပြပေးပါမည်)
....................................................................................................မိုးသု(မန္တလေး)
0 comments:
Post a Comment