Sunday, January 8, 2012

ခေတ်သစ်ရဟန်းတော်များနှင့် သို့လော သို့လော တွေးစရာလေးများ..

(အရှင်ဘုရား။ မေးစရာလေးရှိလို့ပါ။ ဘုန်းကြီးတွေ ကားစီးကြတာ၊ ဖုန်းကိုင်ကြတာ။ နောက်ပြီး ဘုန်းကြီး နာမည် နောက်မှာ AGTI (CIVIL) ထည့်တာတို့လုပ်သင့်ပါသလား။ တကယ်တရားရသူတွေက ဘွဲ့ ၊ဂုဏ်၊ ပကာသနတွေ မလိုဘူးထင် ပါတယ်။ ကိုယ်သံဃာဘွဲ့တပ်ရင်ပြီးတာပဲ မဟုတ်ပါဘူးလား။ ချမ်းသာတဲ့သူတွေက နာမည်ကြီးဘုန်းကြီးတွေဆိုရင် ပိုပြီးလှူကြပါတယ်။ ဘုန်းကြီးချင်းတူတူပဲမ ဟုတ်ပါဘူးလား။ ဆင်းရဲတဲ့ဘုန်းကြီး လှူရင်ရော ကုသိုလ်ရတာချင်းတူတူပဲမ ဟုတ်ပါဘူးလား။

ခုခေတ်မှာ သံဃာချင်းအပြိုင်အဆိုင်များတာ တွေ့ရပါတယ်ဘုရား။သူကကားစီးရင် ငါကလည်းကားစီးချင်ကြပါတယ်။

သူတို့ရော အကုသိုလ် မရဘူးလားဘုရား။)

ဘုန်းကြီးတွေ ကားစီးကြတာ ဖုန်းကိုင်ကြတာဟာ ၀ိနည်းတော်နဲ့အညီ အပ်အပ်စပ်စပ်ဖြစ်အောင် စီးမယ် ကိုင်မယ်ဆိုရင် စီးကောင်း ကိုင်ကောင်းပါတယ်။

အပ်အပ်စပ်စပ်ဆိုတာဟာ အဲဒီကားကို ဘုန်းကြီးကိုယ်တိုင် ပိုက်ဆံကိုင်ပြီး ၀ယ်ယူထားခြင်းမျိုး မဖြစ်ရဘူး။ ကားအတွက် လောင်စာဆီကို ဘုန်းကြီးကိုယ်တိုင် ပိုက်ဆံကိုင်ပြီး ၀ယ်ထားတဲ့ လောင်းစာဆီနဲ့ မောင်းတာ မဖြစ်ရဘူး။ ဒကာတစ်ဦးက စေတနာအလျောက် လှုထားတဲ့ ကားနဲ့ လောင်စာဆီဖြစ်ရမယ်။

ဖုန်းဆိုရင် ဒီအတိုင်းပါပဲ။ ကိုယ်တိုင် ၀ယ်ယူထားတဲ့ ဖုန်းမဖြစ်ရပါဘူး။ ဖုန်းဘေလ်ကို ကိုယ်တိုင်ပိုက်ဆံကိုင်ပြီးတော့ မဆောင်ရပါဘူး။ ဒကာလှုထားတဲ့ ဖုန်းလဲဖြစ်ရပါမယ်။ ဘေလ်ကိုလဲ ဒကာက ဆောင်ပေးရတာမျိုး ဖြစ်မယ်ဆိုရင် သုံးကောင်းပါတယ်။

ရဟန်းတော်များဟာ ကိုယ်တိုင် ပိုက်ဆံကိုင်ပြီးတော့ ဘာကိုမှ ၀ယ်ယူပြီး မသုံးဆောင်ကောင်းပါဘူး။ ယုတ်စွဆုံး ပါဠိတော် အဌကထာကျမ်းစာအုပ်များကိုတောင်မှ ကိုယ်တိုင် ၀ယ်ပြီးမသုံးကောင်းပါဘူး။

ဒကာ ဒကာမက လှုတာဆိုရင်တော့ သုံးကောင်းပါတယ်။

ဒါက အကျဉ်းမျှ ဖြေပေးလိုက်တာပါ။ ကျယ်ကျယ်ပြန့်ပြန့်သိချင်ရင် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရဲ့ ပါတိမောက်ဘာသာဋီကာကျမ်းနှင့် ဘုရားဥပေဒတော်ကြီးကျမ်းမှာ အကျယ်ဖတ်ရှု့နိုင်ပါတယ်။

(ဘုန်းကြီး နာမည် နောက်မှာ AGTI (CIVIL) ထည့်တာတို့လုပ်သင့်ပါသလား။ တကယ်တရားရသူတွေက ဘွဲ့ ၊ဂုဏ်၊ ပကာသနတွေ မလိုဘူးထင် ပါတယ်။ ကိုယ်သံဃာဘွဲ့တပ်ရင်ပြီးတာပဲ မဟုတ်ပါဘူးလား။)

`` ငါတော့ ဒီဘွဲ့ထူးဂုဏ်ထူးတွေကို ထည့်လိုက်လို့ရှိရင် လာဘ်လာဘတွေ ပေါများမှာပဲ´´ဆိုတဲ့ ယုတ်ညံ့တဲ့ စိတ်နေစိတ်ထားမျိုးနဲ့ဆိုရင် မထည့်ကောင်းပါဘူး။

``ငါဒီဘွဲ့ထူးဂုဏ်ထူးတွေထည့်လို့ရင် ငါဟောကြားတဲ့ တရားဓမ္မကို ဒကာဒကာမတွေ ယုံကြည်စွာ သံသယကင်းရှင်းစွာနဲ့ နာယူနိုင်ကြမယ်´´လို့ဆိုတဲ့ လာဘ်လာဘကို မငဲ့ကွက်တဲ့ စိတ်မျိုး၊ အကြောင်းအားလျော်စွာ လိုအပ်လို့ ထည့်ရတာမျိုးဆိုရင်တော့ ထည့်ကောင်းပါတယ်။

စာပေမှာ တစ်ခါတစ်ရုံ အရှင်သာရိပုတ္တရာကို နာမည်တိုက်ရိုက်ဖော်မပြပဲ ``ဓမ္မသေနာပတိ´´ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးကိုပဲ ဖော်ပြပါတယ်။ ဘုရားရှင်ဟာလဲ လိုအပ်ရင် သူရဲ့ ``အနန္တဇိန´´စတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေကို ကိုယ်တော်တိုင် ထုတ်ဖော်ပြသပါတယ်။

အလုပ်လုပ်တဲ့အခါမှာ ဘွဲ့ထူးဂုဏ်ထူးက တစ်ခါတစ်ရံလိုအပ်ပါတယ်။ ဘုရားရှင်တောင် တစ်ခါတစ်ရံ သူရဲ့အရည်အချင်းနဲ့ ဘွဲ့ထူးဂုဏ်တွေကို ထုတ်ဖော်ပြသရပါတယ်။ ဒါကြောင့် တကယ်တရားရသူတွေလဲ တစ်ခါတစ်ရံမှာ ဘွဲ့ထူးဂုဏ်ထူးတွေ လိုအပ်ပါတယ်။

လိုအပ်လို့လဲ ဘုရားရှင်က သူ့တပည့်သာဝကတွေကို ဘွဲ့ထူးဂုဏ်ထူးဖြစ်တဲ့`ဧတဒဂ်´ဆိုတဲ့ ဘွဲထူးဂုဏ်ထူးတွေကို ပေးတော်မူခဲ့တာပေါ့။

(ချမ်းသာတဲ့သူတွေက နာမည်ကြီးဘုန်းကြီးတွေဆိုရင် ပိုပြီးလှူကြပါတယ်။ ဘုန်းကြီးချင်းတူတူပဲမ ဟုတ်ပါဘူးလား။ ဆင်းရဲတဲ့ဘုန်းကြီး လှူရင်ရော ကုသိုလ်ရတာချင်းတူတူပဲမ ဟုတ်ပါဘူးလား။)

တစ်ခါတုန်းက ကောသလမင်းကြီးက ဘုရားရှင်ကို ``ဘယ်သူ့ကို လှုရမှာပါလဲ´´လို့ မေးပါတယ်။

ဘုရားရှင်က ``သင်ကြည်ညိုတဲ့သူကို လှု´´လို့ ဖြေကြားခဲ့ပါတယ်။

``ဘယ်သူ့ကိုလှုရင် အကျိုးကြီးပါသလဲ´လို့ ထပ်မေးပါတယ်။

``သီလရှိတဲ့ သူကို လှုတာဟာ အကျိုးကြီးတယ်´´လို့အဖြေပေးခဲ့ပါတယ်။

ဒါကြောင့် ချမ်းသာတဲ့ဘုန်းကြီး နာမည်ကြီးတဲ့ ဘုန်းကြီးကိုလှုမှ အကျိုးကြီးတာ မဟုတ်ပါဘူး။ သီလရှိတဲ့ ဘုန်းကြီးကိုလှုမှ အကျိုးကြီးတာပါ။

ကုသိုလ်ကတော့ ခွေးကို လှုရင်တောင် ရပါတယ်။ အကျိုးကြီးတာနဲ့ မကြီးတာပဲ ကွာခြားသွားပါတယ်။

မူလရှိရင်းစွဲ လယ်မြေဟာ မကောင်းဘူး။ ဒါပေမယ့် စိုက်ပျိုးသူက သေချာစနစ်တကျ မြေဆွေး မြေသြဇာစတဲ့ လိုအပ်တာတွေ ထည့်ပြီးတော့ စိုက်ပျိုးရင် မူလမြေက မကောင်းပေမယ့် စိုက်ပျိုးတဲ့ သီးနှံဖြစ်ထွန်းအောင်မြင်သလို အလှုခံပုဂ္ဂိုလ်က သီလမရှိသော်လည်း အလှုပေးတဲ့သူက သီလရှိရင် အကျိုးကြီးပါတယ်။

လယ်မြေက ကောင်းတယ်။ ဒါပေမယ့် စနစ်တကျ မစိုက်ပျိုးတတ်ရင် ပေါင်းပင်တွေ ပေါက်ပြီးတော့ စိုက်ပျိုးတဲ့ သီးနှံမဖြစ်ထွန်း မအောင်မြင်သလို အလှုခံပုဂ္ဂိုလ်ကတော့ သီလရှိပါရဲ့ အလှုပေးသူက သီလမရှိဘူး ပေးလှုဆဲ ပေးလှုပြီးမှာ အလှုအတွက် လှုမိတာ မှားလေခြင်းဆိုပြီး နောင်တတွေ ရနေမယ်ဆိုတော့ အကျိုးကြီးမှာ မဟုတ်ပါဘူး။

အလှုခံရော အလှုပေးသူပါ သီလရှိမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။

အကျိုးကြီးတဲ့ ကုသိုလ်ပဲဖြစ်ဖြစ် အကျိုးနည်းတဲ့ ကုသိုလ်ပဲဖြစ်ဖြစ် ကာမာဝစရကုသိုလ်စိတ်တွေပဲမို့ ကုသိုလ်ချင်းအတူတူပဲလို့ ဖြေမယ်ဆိုရင် ဖြေပေးလို့ရပါတယ်။

(ခုခေတ်မှာ သံဃာချင်းအပြိုင်အဆိုင်များတာ တွေ့ရပါတယ်ဘုရား။သူကကားစီးရင် ငါကလည်းကားစီးချင်ကြပါတယ်။

သူတို့ရော အကုသိုလ် မရဘူးလားဘုရား။)

သေရင် အပါယ်လေးဘုံ တစ်ဘုံဘုံကို သေချာပေါက်ဆင်းရမယ့် ဘုန်းကြီးတွေပဲဆိုပါတော့..။

ဒီလောက်ဆိုရင် အဖြေက လုံလောက်ပြီလို့ ယူဆပါတယ်။ မရှင်းသေးရင် ထပ်မေးပေါ့။

.......................................................................................မိုးသု(မန္တလေး)

0 comments:

Post a Comment