Saturday, January 7, 2012

ဗုဒ္ဓဘာသာမဟုတ်ပဲနဲ့ သောတာပန်ဖြစ်နိုင်သလား

(နောက်တစ်ခုလောက်မေးခွင့်ပြုပါအရှင်ဘုရား
ရတနာသုံးပါကိုမယုံကြည်တဲ့သူဟာသောတပန် တည်နိုင်ပါသလားဘုရား )

ချောင်ပိတ်ပြီးမေးတဲ့ မေးခွန်းတွေ အတော်ထုတ်တတ်ပါလားယူရီ။ ယူရီက ဘာသာရေးစာပေတွေလဲ တော်တော်ဖတ်ထားတယ်ထင်တယ်။

``ဒီမေးခွန်းကိုဖြေတဲ့အခါမှာ ဦးဇင်းက ရတနာသုံးပါးကို မယုံကြည်ရင် သောတာပန်မဖြစ်နိုင်ဘူးလို့ ဖြေလိုက်ရင် ယူရီက သာဓကတစ်ခုကို ထုတ်ပြပြီး သူကျဘာလို့ ရတနာသုံးပါးကို မကြည်ညိုပဲနဲ့ သောတာပန်ဖြစ်ရတာလည်းလို့ မေးခွန်းတစ်ခုနဲ့ ဦးဇင်းရဲ့ အဖြေကိုချောင်ပိတ်ပစ်လိုက်နိုင်တယ်´´

``တစ်ခါ ရတနာသုံးပါးကို မယုံကြည်ပဲလည်း သောတာပန်ဖြစ်နိုင်တယ်လို့ ဦးဇင်းကဖြေလိုက်ရင် ဘုရားက ပဓာနိယင်္ဂသုတ်မှာ ရတနာသုံးပါးကို မတုန်မလှုပ်ယုံကြည်တာကို သောတာပန်လို့ခေါ်တာ မဟုတ်လားလို့ ဦးဇင်းကို ချောင်ပိတ်ပစ်လိုက်လို့ရတယ်´´

မေးတဲ့သူက နှစ်ဘက်ပိတ်ပြီးမေးတော့လည်း ဦးဇင်းကလည်း မေးခွန်းထဲကထွက်လို့ရအောင် ရုန်းထွက်ပြပေးပါ့မယ်။

``ရတနာသုံးပါးကို မယုံကြည်သူတိုင်း သောတာပန်မဖြစ်နိုင်ဘူးလို့ တစ်ထစ်ချပြောလို့မရပါဘူး ယူရီ´´

`` လက်ရှိပစ္စက္ခဘ၀မှာ ရတနာသုံးပါးကို မယုံကြည်တဲ့ ဘာသာခြားဖြစ်နေရင်တောင် (၁)သူဟာ ပြီးခဲ့တဲ့ဘ၀တွေ တုန်းက သောတာပန်တစ်ယောက်အတွက် လိုအပ်တဲ့ပါရမီကို အလုံအလောက်ဖြည့်ကျင့်ထားခဲ့မယ်ဆိုရင်။ (၂) သူဟာ သောတာပန်ဖြစ်ကြောင်းတရားကို သူတစ်ပါးထံက ကြားနာခွင့်ရခဲ့မယ်ဆိုရင်။ (၃) ခန္ဒာရဲ့အဖြစ်အပျက်မြင်နိုင်တဲ့ ဥာဏ်(တိဟိတ်ဥက္ကတ်)နဲ့ ပြည့်စုံနေမယ်ဆိုရင် သောတာပန်ဖြစ်နိုင်ပါတယ်။´´

ယူရီထင်သာမြင်သာ ဖြစ်သွားအောင် ဦးဇင်းက ၀တ္ထုကြောင်းလေးတစ်ခု ထုတ်ပြပေးပါ့မယ်။

ဘုရားလက်တော်က ဝေဒကျမ်းကို တစ်ဘက်ကမ်းခတ် တတ်မြောက်ထားတဲ့ `မာဂဏ္ဍီ´ဆိုတဲ့ ပုဏ်ဏားကြီးတစ်ယောက်ရှိတယ်။ သူ့မိန်းမနာမည်ကလည်း `မာဂဏ္ဍီ´ သူ့သ္မီးနာမည်ကလည်း `မာဂဏ္ဍီ´လို့ မှည့်ထားကြပါတယ်။ သုံးဦးစလုံး မာဂဏ္ဍီပေါ့။(ရတနာသုံးပါးကို မယုံကြည်တဲ့ ဘာသာခြားတွေနော်)

သူ့သမီးက နတ်သမီးတစ်မျှကို လှပပါတယ်တဲ့။ ဒီတော့ ပုဏ်ဏားကြီးရဲ့ သမီးကို မင်းသားတွေ ဘုရင်တွေ သူဌေးတွေက လာပြီးတောင်းရမ်းကြတယ်ပေါ့။ ဒီလိုလာတောင်းတိုင်း ``သင်တို့နဲ့ငါ့သမီး မထိုက်တန်ဘူး ငါ့သမီးက စင်္ကြာဝတေးမင်းများနဲ့သာ ထိုက်တန်တယ်´´လို့ ပြောပြောလွှတ်လိုက်တယ်။

တစ်နေ့တော့ ပုဏ်ဏားကြီးဟာ ဆွမ်းခံကြွနေတဲ့ ဘုရားရှင်ကိုမြင်ပြီးတော့ ``ဒီကိုယ်တော်လေးကမှ ငါ့သမီးနဲ့ထိုက်တန်တယ်၊ ဒီကိုယ်တော်လေးမယားကလည်း ငါ့သမိးပဲဖြစ်ထိုက်တယ်လို့´´တွေးပြီး ရဟန်း..ခဏစောင့်ပါဦး ငါ့သမီးကို ပြန်ခေါ်လိုက်ပါဦးမယ်လို့ ပြောပြီး အိမ်ပြန်သမီးကိုခေါ်တယ်။ သူ့မိန်းမကိုလည်း `သမီးနဲ့ထိုက်တန်တဲ့ သတိုးသားတွေ့ခဲ့ပြီ ရှင်မသမီးကို တန်ဆာမြန်မြန်ဆင်လိုက်ပါ´ လို့ပြောပြီး သားအဖသုံးယောက် ဘုရားရှင်ဆီလာခဲ့ကြတယ်။ သူတို့ရောက်တော့ ဘုရားရှင်က အဲဒီနားမှာ မတွေ့ရတော့ဘူး။

ပုဏ်ဏားကြီးက တော်တော်စိတ်ဆိုးသွားတယ် သူ့မိန်းမကို။ ``ရှင်မလုပ်လိုက်ရင် ဒီအတိုင်းချည်းပဲ နှေးတုံ့နှေးတုံ့နဲ့ ရဟန်းကမစောင့်နိုင်လို့ ထွက်သွားခဲ့ပြီလို့ ဗျစ်ဗျစ်တောက်တောက်ပြောရင် ဟိုဟိုသည်သည်ကြည့်မိတော့ ဘုရားရှင်ရဲ့ ခြေတော်ရာကိုတွေ့တာနဲ့ ခြေရာအတိုင်းလိုက်သွားကြတယ်။

ဘုရားရှင်နဲ့တွေ့တော့ ``ရဟန်း လူထွက်လိုက်ပါတော့ သင်သာလူ့ဝတ်နဲ့နေရင် စင်္ကြာဝတေးမင်းဖြစ်မဲ့ ရုပ်လက္ခဏာအင်္ဂါနဲ့ ပြည့်စုံနေပါတယ်။ ငါ့သမီးကလည်း စကြာင်္ဝတေးမင်းတို့အားသာ ထိုက်တန်တဲ့ မိန်းမမြတ်ပါ။ ရဟန်းလူထွက်ပြီး ငါ့သမီးကို ယူပါ´´လို့ ပွင့်ပွင့်လင်းလင်း ထည့်ထိုးကြီးလျှောက်လိုက်တယ်။(သူက ဘုရားကို ဘုရားမှန်းတောင် မသိသေးဘူးနော်)

``ပုဏ်ဏား..မာရ်နတ်ရဲ့ သမီးသုံးယောက်ကိုတောင် လားလားမျှ စိတ်မ၀င်စားခဲ့တဲ့ငါက `ကျင်ကြီး ကျင်ငယ် မစင်ပုပ်တွေနဲ့ ပြည့်နေတဲ့ သင့်သမီးကို ခြေဖျားနဲ့တောင် မတို့ချင်ဘူး´´လို့ ပြောလိုက်တယ်။

ဒီစကားရဲ့အဆုံးမှာ `ပုဏ်ဏားဇနီးမောင်နှံဟာ အနာဂါမ်ဖြစ်သွားခဲ့ကြတယ်´၊ သမီးဖြစ်သူကတော့`မယူချင်ရင်လည်း မယူချင်ဘူး အေးဆေးပြောပေါ့၊ အခုတော့ ငါ့ကိုချိုးချိုးဖဲ့ဖဲ့နဲ့ပြောတယ်၊ ငါအထွတ်အထိပ်ရောက်ရင် ငါ့အကြောင်းကို သိစေရမယ်´လို့ ဘုရားအပေါ်ကို ရန်ငြိုးဖွဲ့ခဲ့တယ်။

ဒီလိုမပြောရင်လည်း ပုဏ်ဏားဇနီးမောင်နှံ အနာဂါမ်မတည်နိုင်ဘူးဆိုတာသိလို့ သမီးဖြစ်သူက ရန်ငြိုးဖွဲမယ်ဆိုတာ သိသိကြီးနဲ့ကို တမင်ပြောခဲ့တာဖြစ်တယ်။

ဒီစကားလေးဆုံးတာနဲ့ အနာဂါမ်ဖြစ်တယ်ဆိုတာက ရှေးရှေးဘ၀တွေက အနာဂါမ်ဖြစ်မဲ့သူတစ်ယောက်တွက် လိုအပ်တဲ့ ပါရမီအဆောက်အဦးတွေကို အပြည့်အ၀ ဖြည့်ကျင့်ခဲ့လို့ ဒီဘ၀မှာ တရားအနည်းငယ်မျှ နားကြားရုံနဲ့ အနာဂါမ်ဖြစ်သွားခဲ့တာဖြစ်တယ်။

ဘုရားရှင်ကဒီလိုပြောပြလိုက်တော့ ``အော်..သူပြောတာ ဟုတ်ပါလား။ ဒီရုပ်တရားကြီးဆိုတာ မစင်မကြယ်ရွံဖွယ်တွေနဲ့ ပြည်နေတာပါလား´´လို့ သတိဝင်သွားပြီးတော့`` ကြားလျှင်ကြားချင်း တဆက်တည်း ၀ိပဿနာပွားများလိုက်တာ တစ်ခဏချင်း အနာဂါမ်ဖြစ်သွားခဲ့တယ်။ ဘုရားစကားကြောင့် တစ်ခါတည်းကြားလိုက်ရုံနဲ့ အနာဂါမ်ဖြစ်သွားတာ မဟုတ်ပါဘူး။´´

``ဘုရားစကားကိုကြားပြီးတော့ သတိကပ်ပြီး ၀ိပဿနာရှု့လိုက်တော့ တစ်ခဏချင်းနဲ့ အနာဂါမ်ဖြစ်သွားခဲ့တာပါ။ အနာဂါမ်ဖြစ်တာက မြန်မြန်လွန်းလို့ ကြားကြားချင်း ၀ိပဿနာမရှု့ပဲနဲ့ အနာဂါမ်ဖြစ်တယ်လို့ ထင်ရပေမဲ့ အမှန်က မဟုတ်ပါဘူး။ ၀ိပဿနာရှု့ပြီးမှ ဖြစ်သွားတာပါ။´´

ဒီနေရာမှာ စကားစပ်လို့ပြောလိုက်ဦးမယ်။ ပါရမီမလိုပဲ ၀ီရိယသန်သန်နဲ့အားထုတ်ရင် တစ်မဂ်တစ်ဖိုလ်ရတယ်ဆိုတာ ရူးနေတဲ့သူ စာပေကျမ်းဂန်ကို နှံ့နှံ့စပ်စပ် မဖတ်ဘူးတဲ့သူ ကျမ်းဂန်ရဲ့ဆိုလိုရင်းကို အတိအကျမယူတတ်သူများ ပြောတဲ့စကားသာဖြစ်တယ်။

ပါရမီဖြည့်မထားရင် သေအောင်အားထုတ်လည်း တစ်မဂ်တစ်ဖိုလ် မရနိုင်ပါဘူး။ လယ်တီဆရာတော်ကြီး စကားနဲ့ပြောရရင် ပါရမီမဖြည့်ပဲ တစ်မဂ်တစ်ဖိုလ်ရချင်သူများဟာ ``ဖွဲတစ်ဆုပ်နဲ့ စင်္ကြာဝတေးမင်းရဲ့ လိုတရပတ္တမြားကြီးကို ၀ယ်ဖို့ကြိုးစားတဲ့ အရူးနဲ့ အတူတူပါပဲ´´

သောတာပန်တွေ ရတနာသုံးအပါးအပေါ်ကို မတုန်မလှုယုံကြတယ်ဆိုတာ သောတာပန်ဖြစ်သွားပြီးမှ ဖြစ်လာကြတဲ့ ယုံကြည်မှုပါ။ ဒါကြောင့်မို့ နောက်ဆုံးအနှစ်ချုပ်ပြောချင်တာကတော့---

`` လက်ရှိပစ္စက္ခဘ၀မှာ ရတနာသုံးပါးကို မယုံကြည်တဲ့ ဘာသာခြားဖြစ်နေရင်တောင် (၁)သူဟာ ပြီးခဲ့တဲ့ဘ၀တွေ တုန်းက သောတာပန်တစ်ယောက်အတွက် လိုအပ်တဲ့ပါရမီကို အလုံအလောက်ဖြည့်ကျင့်ထားခဲ့မယ်ဆိုရင်။ (၂) သူဟာ သောတာပန်ဖြစ်ကြောင်းတရားကို သူတစ်ပါးထံက ကြားနာခွင့်ရခဲ့မယ်ဆိုရင်။ (၃) ခန္ဒာရဲ့အဖြစ်အပျက်မြင်နိုင်တဲ့ ဥာဏ်(တိဟိတ်ဥက္ကဌ်)နဲ့ ပြည့်စုံနေမယ်ဆိုရင် သောတာပန်ဖြစ်နိုင်ပါတယ်။´´ ဆိုတာပါပဲ။

..................................................................................................................အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)


(လွန်ခဲ့တဲ့ နှစ်တွေတုန်းက ယူရီဆိုတဲ့ ချာတိတ်လေးရဲ့ ဒုတိယမြောက်မေးခွန်းပါပဲ။)

0 comments:

Post a Comment