ကိုယ်ကလည်းသူ့ကို ဂရုတစိုက်အထွေအထူး ကြည့်ရှုမနေနိုင်ပါဘူး။ မနက်ဆယ်နာရီခွဲကျောင်းသွား ညခုနှစ်နာရီလောက်မှပြန်ရောက် ရောက်တာနဲ့ရေချိုး (မနေနိုင်လောက်အောင် ဗိုက်ဆာနေရင် ကော်ဖီမစ်တစ်ခွက်ဖျော်သောက်) ပြီးရင် ရေးစရာရှိတာရေး ဖတ်စရာရှိတာဖတ်နဲ့ ညနှစ်နာရီလောက်ဆိုရင် အားရပါးရအိပ်ပစ်လိုက်တာပါပဲ။
တစ်ညတော့ သူလည်းအိပ်ပျော်ဟန်မတူပါဘူး။ (ဒုလ္လဘဦးဇင်းလေးပါ။ ဆေးကျောင်းသား တတိယနှစ်လို့တော့ သူ့မိခင်များက လျှောက်သွားပါတယ်။ ကြည့်ရတာ တစ်စုံတစ်ခုကို ရင်ဖွင့်နေချင်တဲ့ပုံပါ) ဦးဇင်းစကားပြောလို့ရမလားတဲ့။ အင်း..ပြောလေလို့ စာရေးနေရင်းနဲ့ပြောလိုက်ပါတယ်။ သူပြောတာတွေကို နားထောင်ပြီး ဘယ်လိုတရားချရမယ်ဆိုတာကို စဉ်းစားလို့မရတော့ပါဘူး။
ဒီလိုယောကျာင်္းလေးချင်း ချစ်ကြတယ် ကြိုက်ကြတယ်ဆိုတာတွေကို ကိုယ်လည်းအွန်လိုင်းသုံးနေတဲ့ ဘုန်းကြီးတစ်ပါးမို့ သိနေကြားနေရတာပါပဲ။ ဒါပေမဲ့ အော်..ကလေးတွေအပျော်အပျက် အပျင်းပြေလုပ်နေကြတာနေမှာပါလို့ တွေးပြီး ကိုယ်နဲ့လည်းသိပ် မပတ်သက်လှတဲ့ အကြောင်းအရာမို့ စိတ်ဝင်တစားတော့မရှိခဲ့ပါဘူး။
သူပြောသွားတာတွေကတော့ ``စိတ်ရှိတဲ့လူတိုင်း ခံစားတတ်တဲ့လူတိုင်းဟာ ကိုယ်ကြိုက်တဲ့အရာကို ချစ်ခွင့်ရှိကြောင်း မိန်းမယောကျာင်္းလိင်ခွဲခြားပြီး မကြည့်သင့်ကြောင်း ခွေးတွေကြောင်တွေ ပန်းပင်တွေကားတွေစသည်ဖြင့် ကိုယ်နှစ်သက်ရာကို ချစ်ခွင့်ရှိကြောင်း ဘာဆိုတာအရေးမကြီးကြောင်း နှစ်ဦးနှစ်ယောက်နားလည်မှုရှိပြီး ချစ်နေဖို့သာလိုကြောင်း အချစ်ဆိုတာက အလွန်သိမ်မွေ့ကြောင်း အချစ်မှာသာတာနာတာတွေ ယဉ်ကျေးမှုတွေမရှိကြောင်း စသဖြင့် ဖွဲ့နွဲ့ပြီး ပြောသွားလိုက်တာ မိုးလင်းတဲ့အထိပါပဲ´´
ကိုယ့်မှာသူပြောတာနားထောင်ပြီး အိပ်ရေးပျက်တာကြောင့်ရော စိတ်ပျက်သွားတာကြောင့်ရော လေပူကြီးကိုသာ မှုတ်ထုတ်လိုက်မိပါတော့တယ်။ အတော်ကြာသူ့ကို ဘာမှပြန်မပြောနိုင်ခဲ့ပါဘူး။
``အင်းလေး မင်းလည်းမင်းအယူအဆ မင်းခံစားချက်နဲ့မင်း မှန်တယ်လို့ထင်နေမှာပါ။ ငါတော့ဘာမှဝင်ပြီး မပြောလိုပါဘူး။ ဒါပေမဲ့ မင်းမိဘတွေစိတ်ဆင်းရဲမှာတော့ သေချာတယ်။ မင်းအသက်လည်း ငယ်ငယ်လေးရှိသေးတာပါ။ တို့တိုင်းပြည်ကလည်း မကောင်းတာတွေရော ကောင်းတာတွေပါ တဖြည်းဖြည်းပြောင်းလည်းလာနေပါပြီ။ နောက်ဆယ်နှစ်လောက်နေရင်တော့ မင်းလိုလူမျိုးတွေ များလာပြီးတော့ လူ့ဘောင်မှာအသိုင်းဝိုင်းမှာ ယဉ်းကျေးမှုတွေပြောင်းသွားမှာပါ။ အဲလိုယောကျာင်္းချင်း ယူတာတွေများလာရင် ကြာတော့လူတွေရဲ့ မျက်စိထဲမှာ ဘာမှထူးထူးဆန်းဆန်ုး မခံစားကြရလောက်တော့ပါဘူး။ အဲဒီအချိန်မှ မင်းတို့နှစ်ယောက်လက်ထပ်ကြပါ´´လို့ ပြောလိုက်ပြီး အိပ်ပစ်လိုက်ပါတော့တယ်။
သူကခြောက်နေတာမဟုတ်ပါဘူး။ ခြောက်နေတဲ့တစ်ယောက်ကို လက်ထပ်ချင်တာပါတဲ့။
အင်း ဟိုအရင်ခေတ်တွေကတော့ သားပိုင်ရှင်မိခင်များဟာ သားတွေကိုမကောင်းတဲ့မိန်းမနဲ့ တွေ့မှာဆုံမှာကို ပူကြပင်ကြရပါတယ်။ အခုတော့ သားတွေရဲ့မိခင်များအတွက် တစ်ပူတိုးလာပြီးလို့တွေးမိလိုက်ပါတယ်။
ဒီကိစ္စကြီးကို မှားတယ်မှန်တယ်လို့ မှတ်ချက်မပေးချင်ပေမဲ့ မသင့်တော်ဘူးလို့တော့ ဆိုချင်ပါတယ်။ သဘာဝတရားကြီးကို ဆန့်ကျင်တာဟာ အကောင်းကိုအသွင်ဆောင်နေတဲ့ လက္ခဏာမဟုတ်ဘူးလို့ ထင်ပါတယ်။
အခုခေတ်ကလေးတွေဟာ အလှအပကိုမိန်းမတွေနဲ့ အပြိုင်အဆိုင် ပြင်ကြဆင်ကြနဲ့ ပြိးရင် ယောကျာင်္းချင်းမဖြစ်သင့်တာတွေဖြစ် မလုပ်သင့်တာတွေလုပ်နဲ့ တကယ်ကိုစိတ်ပျက်စရာကြီးပါ။
တစ်ခါတုန်းက ဗြဲတိုက်တော်မှာ ယောအတွင်းဝန်မင်းဦးဖိုးလှိုင်က အနားရှိတဲ့သူများကို ``ရွှေလက်တော်ကြီးက(မင်းတုန်းမင်းလက်ထက်က) ကိုယ်ရံတော်များဟာ ကာယဗလက ကြွက်သားတွေဘာတွေနဲ့ ကြည့်လိုက်တာနဲ့ ကို ကြောက်သွားပြီးတော့ ခန့်ညားလေးစားရတယ်။ အခုရွှေလက်ထက်တော်လေးမှာတော့ (သီပေါမင်းလက်ထက်) ကိုယ်ရံတော်များဟာ ရွှေကျင်ကြတ် နဖူးစည်းနဲ့ ထိုင်မသိမ်း တို့ပတ်အကျီနဲ့ ပန်းပေါင်းနားကပ်နဲ့ ကြည့်မိရင် ဖက်နမ်းပစ်ဖို့ပဲ ကောင်းတော့တယ်´´လို့ ပြောပါသတဲ့။
တွေးမိလိုက်ပါတယ်။ အခုခေတ်ချာတိတ်တချို့ကို ``ယောမင်းကြီးသာမြင်ခဲ့ရင် ဘာတွေများလုပ်ချင်ဦးမလဲ´´လို့။
(မိခင်များအနေနဲ့ ဒီပြဿနာကြီး ကိုယ့်သားတွေမှာ ဖြစ်လာခဲ့ရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ အခုကထဲက တွေးမိနေဖို့ သတိပေးတဲ့အနေနဲ့ တင်ပြပေးလိုက်တာပါ။)
..............................................................................................အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment