Friday, January 6, 2012

အဇာတသတ်ဟာ ဂျိန်းဘုရားကို ကိုးကွယ်ခဲ့သလား..

ဒီဝီကီလင့် မှာရေးထားတာ က ဗိန်မိသာရမင်းကြီးနဲ့  အဇာတသတ်မင်းတို့ ပာာ ဂျိန်းဘာသာမှာလည်း ဒကာအဖြစ်တွေ့ တယ်လို့  ဖတ်ရပါတယ် အဲဒါဘယ်လို ကြောင့် ပါလဲဆိုတာဖြေကြားပေးပါဘုရား

http://en.wikipedia.org/wiki/Bimbisara

http://en.wikipedia.org/wiki/Ajatashatru

ဂျိန်းတွေက အဇာတသတ်မင်းကို သူတို့ဒကာပါလို့ ပြောတာဟာ လိုရာဆွဲပြောသွားကြတာပါ။ တကယ်တော့ အဇာတသတ်မင်းဟာ ဂျိန်းဒကာဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးဆိုတာ ဂျိန်းတွေပြောထားတဲ့ အထောက်အထားတွေကပဲ ပြသနေပါတယ်။

ဂျိန်းတွေကို ထောက်ပံ့လှုဒါန်းတဲ့ “ကူနိယဘုရင်”ဆိုတဲ့ သူတစ်ယောက်ရှိပါတယ်။

ဂျိန်းတွေရဲ့အယူအဆအရပြောရရင် ဗိမ္ဗိသာရမင်းကြီးဟာ “သေနိယ”ဆိုတဲ့ ဘွဲ့ကို ခံယူခဲ့တယ်။ သားတော်အဇာတသတ်မင်းဟာလဲ “ကူနိယ”ဆိုတဲ့ ဘွဲ့ကို ခံယူခဲ့တယ်လို့ ဂျိန်းတွေက ယူဆခဲ့တယ်။ ဒါကတစ်ချက်။

နောက်တစ်ချက်က အဇာတသတ်မင်းရဲ့ အမေရင်းဖြစ်တဲ့သူဟာ “ဝေဒေဟီမိဖုရားကြီး”ဖြစ်တယ်။ ဝေဒေဟီလို့ နာမည်မှည့်ထားတာဟာ ဝေဒေဟတိုင်းကိုအုပ်စိုးတဲ့ ဘုရင်ရဲ့ နှမဖြစ်လို့ မှည့်ခေါ်ထားတာဖြစ်တယ်။ ဂျိန်းဘုရားဖြစ်တဲ့ မဟာဝီရဟာ ဝေဒေဟတိုင်း ဝေသာလီမင်းမျိုးနွယ်က မွေးဖွားခဲ့သူဖြစ်တယ်။ ဒါကြောင့် အဇာတသတ်အမေ ဝေဒေဟီမိဖုရားကြီးနဲ့ ဂျိန်းဘုရားမဟာဝီရဟာ ဆွေမျိုးတော်စပ်ကြတယ်။ ဒါကြောင့် အမေဘက်က အမျိုးတော်စပ်တဲ့ ဂျိန်းဘုရားမဟာဝီရကို အဇာတသတ်မင်းကြီးက ကိုးကွယ်ခဲ့တယ်လို့ ဂျိန်းမှတ်တမ်းတွေက ဖော်ပြထားကြတယ်။

ဂျိန်းတွေယူဆထားတဲ့ အယူအဆနှစ်ခုလုံးဟာ မှားယွင်းတယ်။

ဗိမ္ဗိသာရမင်းကြီးဟာ “သေနိယ”ဆိုတဲ့ ဘွဲ့ခံယူခဲ့တယ်။ အဓိပ္ပါယ်က သေနိယ=စစ်အင်အားကြီးမားသောသူ တဲ့။ အဇာတသတ်မင်းကြီးကလဲ သေနိယယဆိုတဲ့ ဘွဲကိုပဲ ခံယူခဲ့တယ်။ ကူနိယလို့ မခံယူခဲ့ဘူး။

ဝေဒေဟီမိဖုရားကြီးဆိုတာကလဲ ဂျိန်းတွေယူဆထားသလို ဝေဒေဟတိုင်းဘုရင်ရဲ့ နှမမဟုတ်ဘူး။ ကောသလတိုင်းရဲ့ဘုရင် မဟာကောသမင်းကြီးရဲ့ သမီးတော်ဖြစ်တယ်။ အိပ်မက်၁၆ချက်မက်တဲ့ ပေဿနဒီကောသလမင်းကြီးနဲ့ဆိုရင် မောင်နှမအရင်းတော်စပ်တယ်။

ပေဿနဒီကောသလမင်းကြီးရဲ့ သားတော် ၀ိဋဋူဘမင်းသားက ထီးနန်းကို လုယူတဲ့အခါမှာ ပေဿနဒီကောသလမင်းကြီးဟာ တူတော်ဖြစ်တဲ့ အဇာတသတ်မင်းကြီးထံကို စစ်ကူလာတောင်းရင်းနဲ့ မြို့ပြင်ဇရပ်မှာ သေဆုံးသွားတယ်ဆိုတာ အားလုံးလဲ အသိပဲဖြစ်တယ်။

နောက်တစ်ခုက ဗိမ္ဗိသာရနဲ့ ဝေဒေဟီတို့ လက်ထပ်ပြီးတော့ ဝေဒေဟီက ဗိမ္ဗိသာရနောက်ကို လိုက်သွားတဲ့အခါမှာ မဟာကောသလမင်းကြီးက သူ့သမီးဝေဒေဟီ သနပ်ခါးဖိုးပန်းဖိုးအဖြစ် အသုံးပြုဖို့အတွက် မဂဓနဲ့ကောသလတိုင်းအကြားက ကောသလတိုင်းက ပိုင်ဆိုင်တဲ့ အခွန်တစ်သိန်းထွက်တဲ့ ရွာကို ဝေဒေဟီကို အပိုင်စားပေးလိုက်တယ်။

ဝေဒေဟီသေတဲ့အခါမှာ ကောသလတိုင်းကို ဝေဒေဟီရဲ့အကို ပေဿနဒီကောသလမင်းကြီးက နန်းတက်နေပြီဖြစ်တယ်။ ပေဿနဒိကောသလမင်းကြီးက သူ့အဖေ မဟာကောသလမင်းကြီးဟာ အခွန်တစ်သိန်းထွက်တဲ့ ရွာကို ဝေဒေဟီကို ပေးလိုက်တာဟာ သနပ်ခါးဖိုးပန်းဖိုးအတွက် အသုံးပြုဖို့ဖြစ်တယ်။ အခု ဝေဒေဟီမရှိတော့လို့ ဒီရွာဟာ ကောသတိုင်းဘုရင်ကပဲ ပိုင်ဆိုင်တယ်လို့ ပြောတယ်။ အဇာတသတ်မင်းကြိးကလဲ သူ့အမေရဲ့ အမွေမို့ မပေးနိုင်ဘူးလို့ ပြောတယ်။ ဒါနဲ့ တူအရီးနှစ်ယောက် ရွာကလေးကိုအကြောင်းပြုပြီးတော့ မကြာခဏ စစ်တိုက်ကြတယ်။

ဝေဒေဟီဆိုတာက ဝေဒေဟတိုင်းဘုရင်ရဲ့ နှမမို့ မှည့်ထားတယ်ဆိုတာလဲ အမှန်မဟုတ်ဘူး။ ဝေဒေဟီဆိုတာက ဥာဏ်ပညာတို့ဖြင့် ပြုလုပ်အားထုတ်လေ့ရှိသောသူဆိုတဲ့ အဓိပ္ပါယ်နဲ့ မှည့်ထားခြင်းသာဖြစ်တယ်။

ဂျိန်းတွေဟာ သူတို့ရဲ့ဘုရား မဟာဝီရနဲ့ ဝေဒေဟီမိဖုရားကြီးကို မရမကဆွေးမျိုးစွဲစပ်ထားခြင်းသာဖြစ်တယ်။ အမှန်က ဘာအမျိုးမှ ဘယ်ဘက်ကမှ မတော်စပ်ဘူး။

ဂျိန်းစာပေမှတ်များအရ ပြောရရင် ကူနိယမင်းနန်းတက်ပြီးတော့ ၁၆နှစ်ကြာမှ ဂျိန်းဘုရား မဟာဝီရကွယ်လွန် သည်လို့ မှတ်တမ်းတင်ထားတယ်။ ဒီမှတ်တမ်းကြောင့်ပဲ ကူနိယဟာ အဇာတသတ်မင်းကြီးမဟုတ်ဘူးဆိုတာ ပိုပြီးတော့ သေချာသွားတယ်။

အဇာတသတ်မင်းကြီးဟာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်မပြုမီ ဂနှစ်အလိုမှာ နန်းတက်တယ်။ ဒီတော့ အဇာတသတ်မင်းကြီးနန်းတက်ချိန်မှာ ဘုရားရှင်ရဲ့သက်တော်ဟာ ၇၂နှစ်ပဲရှိသေးတယ်။

ဂျိန်းဘုရားမဟာဝီရဟာ ဘုရားရှင်ထက် ကိုးနှစ်လောက်စောပြီးတော့ ကွယ်လွန်ခဲ့တာဖြစ်တယ်။ ဂျိန်းဘုရားမဟာဝီရ ကွယ်လွန်တော့ တပည့်တွေဟာ အကွဲကွဲအပြားဖြစ်ကြောင်းကို အရှင်အာနန္ဒာက ဘုရားကိုလျှောက်ထားတယ်။ ဒီအခါမှာ ဘုရားရှင်က ဒီလိုဘာကြောင့်ဖြစ်တယ်ဆိုတာကို ပြောပြတယ်။

မဟာဝီရကွယ်လွန်ချိန်မှာ အဇာတသတ်ဟာ ဘုရင်မဖြစ်သေးဘူးဆိုတာ သေချာတယ်။

ဒီလိုဆိုရင် ကူနိယဟာ အဇာတသတ်မင်းကြီးမဟုတ်ဘူးဆို၇င် ဘယ်သူဖြစ်မလဲ။ ဒါက စဉ်းစားစရာကောင်းတယ်။

မဂျုံးဒါးအစရှိတဲ့ အိန္ဒိယသမိုင်းဆရာကြီးများကတော့ မဂတိုင်းရဲ့အုပ်ချုပ်သူဖြစ်တဲ့ သေနိယဘွဲ့ခံ အဇာတသတ်မင်းကြီးရဲ့ လက်အောက်ခံ ဘုရင်ခံအဖြစ်နဲ့ စမ္ပာမြို့ကို အုပ်ချုပ်ရတဲ့ စမ္ပာမြို့စားဘုရင်ခံဖြစ်တယ်လို့ ဆိုကြတယ်။

ကူနိယဟာ အဇာတသတ်မင်းကြီးဖြစ်တယ်ဆိုတဲ့ အချက်ကို အိန္ဒိယသမိုင်းဆရာကြီးများကလဲ လက်မခံကြဘူး။

နိဂုံးချုပ်ပြောရရင် ကူနိယဆိုတာဟာ အဇာတသတ်မင်းကြီးမဟုတ်ဘူး။ ဝေဒေဟီမိဖုရားကြီးနဲ့ ဂျိန်းဘုရားမဟာဝီရတို့ အမျိုးတော်စပ်တယ်ဆိုတာလဲ လုံးဝမဟုတ်ဘူး။ အဇာတသတ်မင်းကြီး ဂျိန်းဘုရားမဟာဝီရကို ကိုးကွယ်ခဲ့တာလဲ လုံးဝမဟုတ်ဘူးလို့ စာပေကျမ်း၈န်များကို ထောက်ရှု့ပြီးတော့ အဖြေပေးလိုက်ပါတယ်။

………………………………………………………………………………………မိုးသု(မန္တလေး)

(ဒီပို့စ်စာစီစာရိုက်ဖို့အတွက် လက်တော့ပ်ငှါးအသုံးပြုခွင့်ပေးတဲ့ မောင်ကျော်ဝင်းထွန်းကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်)

0 comments:

Post a Comment