Friday, January 6, 2012

သမ္မာသမ္ဗုဒ္ဓပါဠိပုဒ်နဲ့ ဗုဒ္ဓပါဠိပုဒ်ရဲ့ ထူးခြားချက်များ

(အရှင်ဘုရား ဗုဒ္ဓ ဘာသာဝင်တစ်ယောက်ဖြစ်ပြီး ဗုဒ္ဓဆိုတာရဲ့ အဓိပ်ပယ်ကို သေချာ မသိ၊ မရှင်းတက်တဲ့ထဲမှာ တပည့်တော်ပါပါတယ် ဘုရား။ တပည့်တော် သိထားတာက ဗုဒ္ဓဆိုတာ သိသူလို့ သိထားပါတယ် ဘုရား။ ဒါဟာ မှန်လား မှားလား တပည့်တော် မသေချာပါဘုရား။ အကယ်လို့ မှန်ခဲံတယ်ဆိုရင် ဒီထက်ပိုလေးနက်တဲ့ ရှင်းပြချက်လေး ပေးနိုင်ပါမလားဘုရား။ တကယ်လို့ မှားခဲ့တယ်ဆိုရင် အမှန်ကို ညွှန်းပြပေးတော်မူပါဘုရား။)

ဘုရားရှင်ရဲ့ ဂုဏ်ပုဒ်တွေထဲမှာ သမ္မာသမ္ဗုဒ္ဓနဲ့ ဗုဒ္ဓဆိုတဲ့ ပါဠိပုဒ်နှစ်ခုပါတယ်။ အခု အမေးရှင်က ဗုဒ္ဓဆိုတဲ့ ပါဠိပုဒ်ကို မေးထားတာဖြစ်တယ်။ တိတိကျကျ ပြောပြရရင် ဗုဒ္ဓပါဠိပုဒ်ရဲ့ မြန်မာပြန် အနက်အဓိပ္ပါယ် အတိအကျ အမှန်အကန်ကို သိလိုတာဖြစ်တယ်။

ဗုဒ္ဓ-ကိုယ်တိုင်သိသလို သူတစ်ပါးတို့ကိုလည်း သိစေနိုင်တဲ့သူ လို့ အနက်အဓိပ္ပါယ်ရှိတယ်။

ဒါပေမယ့် အတော်များများက ဗုဒ္ဓဆိုတဲ့ ပါဠိပုဒ်ကို ``အလုံးစုံကိုသိသောသူ´´လို့ နားလည်ထားကြတယ်။ တကယ်က ``အလုံးစုံကို သိသောသူ´´ဆိုတာက ဗုဒ္ဓပါဠိပုဒ်ရဲ့ မြန်မာပြန်မဟုတ်ဘူး။ ``အလုံးစုံကိုသိသောသူ´´ဆိုတာ ``သမ္မာသမ္ဗုဒ္ဓ´´ဆိုတဲ့ ပါဠိပုဒ်ရဲ့ မြန်မာပြန်ဖြစ်တယ်။

ဒါဖြင့် အများကနားလည်ထားတဲ့ ဗုဒ္ဓ-အလုံးစုံကို သိသောသူဆိုတာဟာ အမှားစစ်စစ်ကြီးလားဆိုတော့လဲ မဟုတ်ပြန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဂုဏ်ပုဒ်ပိုင်ရှင်နဲ့ သမ္မာသမ္ဗုဒ္ဓဂုဏ်ပုဒ်ပိုင်ရှင်က တစ်ဦးထဲတစ်ယောက်ထဲမို့ ဖြစ်တယ်။ ဗုဒ္ဓလဲသူပဲ သမ္မာသမ္ဗုဒ္ဓလဲ သူပဲနော်။

ဒါများက ကိုယ်တော်က ဘာလို့ ရှုပ်နေလဲလို့တော့ မတွေးစေချင်ဘူး။ ဦးဇင်းက စာဖတ်သူတွေကို ဗုဒ္ဓပါဠိပုဒ်ရဲ့ မြန်မာပြန်နဲ့ သမ္မာသမ္ဗုဒ္ဓပါဠိပုဒ်ရဲ့ မြန်မာပြန်ကို ခွဲခြားပြီးတော့ သိစေချင်လို့ ရှင်းပြနေတာဖြစ်တယ်။

သမ္မာသမ္ဗုဒ္ဓ-အလုံးစုံသောတရားတို့ကို မဖောက်မပြန် အမှားမရှိ ဘယ်သူကမှ လာမပြောပဲ ကိုယ့်ဘာသာ သိထားတဲ့သူ။

ဗုဒ္ဓ-ကိုယ်သိထားသလို သူတစ်ပါးကိုလဲ ပြန်လည်သိစေနိုင်တဲ့သူ။ သမ္မာသမ္ဗုဒ္ဓက ကိုယ်တိုင်သိထားတဲ့ အဆင့်ပဲ ရှိသေးတယ်။ ဗုဒ္ဓကျတော့ ကိုယ်တိုင်သိရုံတင်မကတော့ဘူး သူတစ်ပါးကိုပါ ပြန်လည်ဖြန့်ဖြူးသိစေနိုင်တဲ့ အဆင့်ဖြစ်သွားပြီ။ ဒီလိုကွာခြားတယ်နော်။

တချို့ကတော့ သိတော့သိတယ်လေ။ သူများကိုတော့ ပြန်လည်ဖြန့်ဖြူးနိုင်ခြင်း မရှိဘူး။ ဘုရားရှင်တော့ သိလဲသိတယ်။ ဖြန့်လဲဖြန့်ဖြူးနိုင်တယ်။

သမ္မာသမ္ဗုဒ္ဓပါဠိပုဒ်နဲ့ ဗုဒ္ဓပါဠိပုဒ်ကို အဘိဓမ္မာနည်းအရ အရကောက်မယ်ဆိုရင် သမ္မာသမ္ဗုဒ္ဓပါဠိပုဒ်က လောကီဥာဏ်ဖြစ်တဲ့ သဗ္ဗညုတဥာဏ်တော်မြတ်ကို ရရှိတယ်။

ဗုဒ္ဓပါဠိပုဒ်ကတော့ မဂ်ဥာဏ်ဖိုလ်ဥာဏ်ဖြစ်တဲ့ လောကုတ္တရာဥာဏ်တော်မြတ်ကို ရရှိတယ်။

ကဲ ဒီလောက်ဆိုရင် ဗုဒ္ဓပါဠိပုဒ်ရဲ့ အနက်အဓိပ္ပါယ်ကိုသာမက သမ္မာသမ္ဗုဒ္ဓပါဠိပုဒ်နဲ့ ဗုဒ္ဓပါဠိပုဒ်ရဲ့ ကွားခြားချက်တွေကိုပါ နားလည်သွားပြီလို့ ဦးဇင်းယူဆပါတယ်။

နားမလည်တာ မရှင်းတာရှိရင် ပြန်လည်မေးမြန်းနိုင်ပါတယ်။

............................................................................................မိုးသု(မန္တလေး)

1 comments:

ThuzarAung said...

နဂါးသိုက်ဟာ၃၁ဘုံထဲကဘယ်ဘုံတွင်ရှိသလဲ။ဘယ်အဆင့်တွင်ရှိသလဲ။

Post a Comment